အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ် (၁၀)

by Hla Soewai - Jul 30 2025

အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။

 

10. BELIEVE IN TRUTH 

 

အမှန်တရားကို ကျောခိုင်းခြင်းသည် လွတ်လပ်ခြင်းကို စွန့်ပစ်ရာ ကျသည်။ မည်သည့် အရာမှ မှန်ကန်ခြင်း မရှိဟု ဆိုလျှင် ထိုအခါတွင် အာဏာပိုင်တို့ကို ဝေဖန် နိုင်ခြင်း ရှိမည် မဟုတ်တော့၊ အဘယ်ကြောင့် ဆိုသော ထိုသို့ ဝေဖန် ပြောဆိုနိုင်မည့် အခြေခံ အကြောင်းတရား များ ကွယ်ပျောက်သွား သော ကြောင့်ပင် ဖြစ်သည်။ ဘယ်အရာ မှ မမှန်ဟု ဆိုလျင် အရာအားလုံးသည် ပြပွဲ သက်သက်သာ ဖြစ်သွားပေမည်။ ထိုအခါတွင် တော့ ငွေကြေး အင်အား အတောင့်တင်းဆုံးလူများသည် လူအများ၏ အမြင်အာရုံကို ဖမ်းစား လွှမ်းမိုး အနိုင်ဆုံး ပြပွဲများကို ဖန်တီးပေးလာကြတော့မည် ဖြစ်သည်။

 

သင် ကြားချင်သည် အရာများ နှင့် အမှန်တကယ် ဖြစ်ပျက်နေမှု များ အကြား ကွဲပြားနေမှု ကို စွန့်လွတ်လိုက်ချိန်တွင် သင်သည် မင်းဆိုး မင်းညစ် တို့၏ အုပ်ချုပ်မှု ကို အညံ့ခံ လိုက်ခြင်းပင် ဖြစ်သည်။ ထိုသို့ အမှန်တရားကို စွန့်လွှတ်လိုက်ခြင်းသည် သဘာဝလည်း ကျသည်၊ ကျေနပ် ဖွယ် ဖြစ်သည်ဟု ယူဆနိုင်သော်လည်း ထွက်ပေါ်လာသည့် ရလဒ်သည်ကား သင်၏ လူတဦး တယောက် အနေဖြင့် ရပ်တည်မှု သေဆုံးသွားခြင်းပင် ဖြစ်သည်။ ထိုအခါတွင် လူတဦးချင်းစီ၏ ရပ်တည်နေမှု အပေါ် မှီတည်နေသည့် နိုင်ငံရေး စနစ် တခုလုံး ပြိုလဲသွားပေတော့မည်။

 

ဗစ်တာ ကလန်ပါရာ ကဲ့ သို့ အကြွင်းမဲ့ အာဏာရှင် စနစ်ကို လေ့လာဆန်းစစ်ခဲ့သူများ က အမှန်တရားသည် ပုံစံ လေးမျိုး နှင့် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

 

ပထမ ပုံစံသည် စီစစ် အတည်ပြုနိုင်သော အမှန်တရားကို ပွင့်ပွင့်လင်းလင်း ရန်လိုလာမှု များ ကြောင့် ဖြစ်သည်။ ထိုအစား လုပ်ကြံ တီထွင်ကာ လိမ်လည် မှု များ ကို အချက်အလက်များ ဟူ၍ တင်ပြလာသည်။

 

၂၀၁၇ တွင် အ‌မေရိကန် သမ္မတ သည် တနေ့လျင် ပျမ်းမျှ ခြောက်ကြိမ်ခန့် လိမ်လည် ပြောဆိုခဲ့သည်။ နောက်တနှစ် တွင် ဆယ့်ခြောက်ကြိမ် ဖြစ်လာခဲ့သည်။ နောက်တနှစ် တွင် နှစ်ဆယ့် နှစ်ကြိမ် ထိ တိုးလာသည်။ ၂၀၂၀ တွင်တော့ တနေ့ ပျမ်းမျှ အကြိမ်ပေါင်း နှစ်ဆယ့် ခုနှစ်ကြိမ် အထိ ပြောလာခဲ့သည်။

 

လိမ်ပြောသည် က အရမ်းများလွန်း လာသည့် အတွက် မှန်ကန်သည့် အကြောင်းအရာ တခု ထဲ့ပြောခဲ့လျင်ပင် မဟုတ်တမ်းတရားများ ပြောနေရင်း မရည်ရွယ်ပဲ ထွက်ကျလာသည့် စကား တခု ကဲ့သို့ပင် ဖြစ်လာသည်။

 

ထို့နောက်တွင်တော့ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ "မဟာ လိမ်ညာမှု ကြီး" ထွက်ပေါ်လာခဲ့တော့သည်။ ယင်းနှင့် အတူ စိတ်ကူး ဖြင့် ဖန်တီးထားသည့် ဆန့်ကျင်ဖက် ကမ္ဘာတခု ဖြစ်ပေါ်လာခဲ့ရသည်။

 

ဒုတိယ ပုံစံ သည်က နတ်ပူးသည် နည်းဟု ပြော၍ ရသည်။ ကလန်ပါယာ က ဖက်ဆစ်များသည် ၎င်းတို့ လုပ်ကြံ ဖန်တီးထားမှု များကို ဖြစ်နိုင်လောက်သည်ဟု ထင်မြင်လာစေရန် "မပြီးနိုင် မစီးနိုင် ထပ်တလဲလဲ သုံးခဲ့ကြကြောင်း လေ့လာ ‌‌တွေ့ရှိခဲ့သည်။ ဂျိုး ဘိုင်ဒင် အား "Sleepy Joe" ကဲ့သို့ နာမည် ပြောင်ကို မကြာခဏ ဆိုသလို ရည်ရွယ်ချက်ရှိရှိ ခေါ်ဝေါ် သုံးစွဲလာသည့် အခါ သမ္မတ တယောက် နှင့် ပိုပြီး သက်ဆိုင်သည့် ရိုးသားမှု၊ ခေါင်းဆောင်နိုင်မှု အစရှိသည့် စရိုက်လက္ခဏာ များကို လူတွေ သတိမမူမိတော့ဘဲ အိပ်ငိုက်နေသူ ဆိုသည့် အမြင်သာ ခေါင်းထဲ ရောက်သွားစေခဲ့သည်။

 

တွစ်တာ ပေါ်တွင် ရင့်သီးသော စကားလုံးများကို အကြိမ်ကြိမ် အခါခါ ထပ်တလဲလဲ ပြောဆိုခြင်းအားဖြင့် သမ္မတ တဦးသည် လူပုဂ္ဂိုလ် တဦးချင်းစီ စိတ်ထဲတွင် ပုံသေ ကားချပ် အဖြစ် စွဲမြဲသွားသည့် အထိ အသွင်ပြောင်း ပစ်နိုင်ခဲ့သည်။

 

ရွေးကောက်ပွဲ အားလည်း မဟာလိမ်လည်မှူ ကြီးဟု ထပ်တလဲလဲ ပြောလာခဲ့သည်။ နောက်လိုက် နောက်ပါ များက ၎င်းတို့ အားလုံး ထိုမျှ အထိ အကြီးအကျယ် အလိမ်အညာ ခံခဲ့ရသည်ဟု မယုံကြည် ချင် ကြသော်လည်း ထပ်တလဲလဲ ပြောလာသည် အတွက် စိတ်သက်သာရာ ရလာကြသည်။

 

မဟာလိမ်လည်မှု ကြီး ဆိုသည့် သီအိုရီ ဖြင့် ကိုယ်ပိုင် သီးခြား ကမ္ဘာတခု ဖန်တီးပေးလာခဲ့သည်။ မည်သူ မဆို လွယ်လင့်တကူ မြင်နိုင်သည့် အမှန်တရားများကို ထောက်ပြလာလျင်လည်း ရန်သူ အဖြစ် ရှုမြင်လာကြသည်။

 

နောက်ထပ် ပုံစံ တမျိုးသည်က "မှော်ဆန်သော တွေးခေါ်မှု" မျိုး ဖြစ်သည်။ ဆိုလိုသည်က လက်တွေ့ကျသော အကြောင်းအရင်း၊ ဆက်စပ်မှု မရှိဘဲ ဆန့်ကျင်ဖက် များကို ပြောင်ပြောင်တင်းတင်း လက်ခံလိုက်ခြင်းဖြင့် တခုခု ကို ပြောင်းလဲအောင် လုပ်ပစ် နိုင်သည်ဟု ထင်မြင်ချင်း ဖြစ်သည်။

 

ဘီလီယံနာ သူဌေး တဦးသည် အခွန် မပေးဘဲ နေနိုင်သည်။ ချမ်းသာသူများကို အခွန်ကင်းလွတ် စေခြင်း ကြောင့် နိုင်ငံ ကြွေးမြီများ တိုးလာလိမ့်မည် မဟုတ်၊ အကျင့် ပျက် ခြစားမှု ကို တိုက်ဖျက်ခြင်း ဆိုသည်က သမ္မတရာထူးကို မျက်နှာသာပေးမှု များ အတွက် ရောင်းစားခြင်း (ဆိုလိုသည်က ကိုယ်ကျိူးစီးပွား အတွက် သမ္မတရာထူးကို အသုံးချခြင်း၊)၊ လူ ထောင်ပေါင်းများစွာကို သေစေခဲ့သော ရောဂါမျိုးသည် ပျောက်ကွယ် သွားမည် ဆိုခြင်း၊ အနိုင်ရသူ သည် မဲအရည်အတွက် ပိုနည်းနေခြင်း၊ ရွေးကောက်ပွဲ ဆိုသည်က အမြဲလို လိမ်လည် တတ်သော်လည်း မိမိကိုယ်သာ မဲထည့်ကြဖို့၊ လူမည်းများသည် လူဖြူများ၏ မဲများကို ယူသွားကြခြင်း တို့ ဖြစ်သည်၊ သို့သော် အမေရိကန် သမိုင်းတလျောက်ကို လေ့လာကြည့်မည် ဆိုက ထိုသို့သော အပြောများ နှင့် ဆန့်ကျင်ဖက် ဖြစ်သည်ကို တွေ့ကြရမည် ဖြစ်သည်။

 

ထိုသို့ အတော် ဆိုးဝါးစွာ မမှန်မကန် ပြောဆိုခြင်းကို လက်ခံခြင်းသည် မိမိတို့၏ ကျိုးကြောင်း ဆီလျှော်စွာ ဆင်ခြင် သုံးသပ် နိုင်စွမ်းကို စွန့်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

 

ကလန်ပါယာ ၏ ၁၉၃၃ တွင် မှော်ဆန်ဆန် တွေးခေါ်မှု ရိုက်သွင်းခဲ့၍ ဂျာမဏီ တွင် မိတ်ဆွေများ ဆုံးရှုံးသွားခဲ့ရသည် ဆိုခြင်းသည် ယခုတိုင် မှန်ကန်နေဆဲပင် ဖြစ်သည်။ ၎င်း၏ တပည့်ဟောင်း ဖြစ်သူ တဦးက "ဆရာ စိတ်ထဲက ခံစားမှုတွေ မေ့ပြစ်လိုက်၊ လောလောဆယ် စိတ်မသက်မသာ ဖြစ်နေတဲ့ စိတ်ကို ဖူဟား ရဲ့ ကြီးမြတ်မှု တွေ အပေါ် အာရုံ ပြောင်းလိုက်ပါ" ဟု ပင် တောင်းပန် တိုးလျိုး လာခဲ့သည်။

 

နောက်ပိုင်း ဆယ်နှစ်နှစ် အကြာ ဂျာမဏီ စစ်ရှုံးသွား၍ စစ်ပွဲကြီး ပြီးဆုံးပြီး ရက်စက် ကြမ်းကြုပ်မှု များ အဆုံးသတ် သွား ခဲ့သည့် နောက်တွင်ပင် ကိုယ်အင်္ဂါ ချို့ယွင်းသွားသော စစ်သားတဦးက ဟစ်တလာသည် ခုထိ တခါဖူးမျှ လိမ်လည် ပြောဆိုခဲ့ခြင်း မရှိသေး၊ သူ့ အနေနှင့် ဟစ်တလာကို ယုံသည်ဟု ပင် ပြောခဲ့သည်။

 

နောက်ဆုံး ပုံစံက မှားယွင်းစွာ ယုံကြည်ခဲ့ခြင်း မျိုး ဖြစ်သည်။ ဥပမာ ဆိုရက သမ္မတ တဦးသည် "ငါတယောက်တည်းသာ ဒါကို ဖြေရှင်းနိုင်စွမ်း ရှိသည်" ဟူသော ကိုယ့်ကိုကိုယ် ဘုရားငယ် တဆူ အလား ထင်မှတ် ပြောဆိုလာခြင်းမျိုး ဖြစ်သည်။ ထိုနည်းမျိုးဖြင့် ကောင်းကင် ဘုံ မှ မြေပြင်သို့ ဆင်းသက်လာသည့် အပြောမျိုးကို ယုံကြည်မိပါက ကျွနုပ်တို့ လူတဦးချင်းစီ၏ ချင့်ချိန် နိုင်စွမ်း နှင့် အ‌တွေ့အကြုံများက ထွက်ပေါ်လာသော အမှန်တရား အငယ်စား လေး များ အတွက် နေရာ ရှိတော့မည် မဟုတ်ပေ။

 

ကလန်ပါလာ အတွက် အထိတ်တလန့် ဖြစ်ခဲ့ရသည်က ထိုသို့ အကူးအပြောင်းမျိုး အမြဲလို ရှိသွား နိုင်သည်ကိုပင် ဖြစ်သည်။ အမှန်တရား သည် အချက်အလက် ဖြစ်လာရမည့် အစား နတ်ဆရာ ၏ ဟောကိန်း လို စကား မျိုး ဖြစ်လာပါက သက်သေ အထောက်အထား ဆိုသည်ကိုလည်း အ‌ရေးတယူ ထည့်သွင်းစဉ်းစားကြတော့မည် မဟုတ်ပေ။

 

စစ်ပွဲ ကြီး ၏ အဆုံးတွင် အလုပ်သမား တဦးက "နားလည် အောင် လုပ်နေခြင်းသည် အကျိုးမရှိ၊ ယုံကြည်တတ်ဖို့သာ လိုသည်၊ ကျွန်တော်က ဖူဟား ကို ယုံတယ်" ဟု ကလန်ပါလာ ကို ပြောခဲ့ဖူးသည်။

 

ရိုမေးနီယန်း ပြဇာတ်ရေးဆရာ ကြီး ယူဂျင်း အိုင်ယွန်နက်စ်ကိုးသည် ၁၉၃၀ ကျော် ကာလ များ အတွင်း ၎င်း၏ မိတ်ဆွေများ တယောက်ပြီး တယောက် မသိမသာ နှင့် ဖက်ဆစ်ဝါဒ၏ ဘာသာစကားများ နောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့ကြသည်ကို စောင့်ကြည့်ခဲ့သည်။ ထို အတွေ့အကြုံကို မူတည်ပြီး Rhinoceros ဆိုသည့် လူသားများ၏ ဘဝ သည် အဓိပ္ပါယ်မရှိ၊ ဦးတည်ရာ မရှိ ကို ဖေါ်ကျုးသည့် အဓိပ္ပါယ်မဲ့ ပြဇာတ်ကြီးကို ရေးသားခဲ့သည်။ 

 

ထိုပြဇာတ်ထဲတွင် ဝါဒ ဖြန့်ချီမှု ၏ သားကောင် ဖြစ်ခဲ့ရသူများသည် ကြီးမားသော ဂျိုကြီး ပေါက်လာသည့် သတ္တဝါကြီး တကောင် ဖြစ်လာပုံကို ရေးသား ထားသည်။

 

"တက္ကသိုလ် ပါမောက္ခများ၊ ကျောင်းသားများသည် ပညာတတ်များသည် တယောက်ပြီး တယောက် နာဇီ အဖြစ် အသွင်ပြောင်းလာကြပြီး သံမဏိ အစောင့်တပ်ဖွဲဝင်များ ဖြစ်လာကြသည်။ အစကတည်းက နာဇီများ မဟုတ်သည်က သေချာသည်။ ကျွန်တော်တို့ ဆယ်ငါးဦး ခန့် စုဝေးပြီး ၎င်းတို့ကို ဆန့်ကျင်ရမည့် အရေးကို ဆွေးနွေး ငြင်းခုံ ခဲ့ကြသည်။ လွယ်လွယ်ကူကူ တော့ ဖြစ်မလာခဲ့၊ တခါတွင်တော့ တယောက်က ကျွန်တော် တော့ သူတို့ လုပ်ရပ်တွေကို သဘောမတူတာတော့ သေချာတယ်၊ ဒါပေမယ့် အချို့နေရာတွေမှာ ဂျုးတွေနဲ့ ပတ်သက်ပြီးတော့...ဟု ပြောလာသည်။ ဤသည်က ရောဂါ လက္ခဏာ အစပျိုးလာခြင်းပင် ဖြစ်သည်။

 

‌သုံးပတ်ခန့် အကြာတွင် ထိုပုဂ္ဂိုလ်သည် နာဇီ ဖြစ်သွားခဲ့သည်။ သူသည် ယန္တရားကြီး အကြား ညိပါသွားခဲ့သူ ဖြစ်သည်။ နာဇီတို့ ပြောသမျှ အရာရာ တိုင်းကို လက်ခံခဲ့သည်။ ဤသို့ဖြင့် သူသည် ဂျိုများ ထွက်လာသော ကြံ့ ကြီး တကောင် ဖြစ်သွားခဲ့သည်။‌ နောက်ဆုံးတွင် ကျွန်တော်တို့ ဆယ်ငါးယောက်ထဲမှ ဆက်လက် ဆန့်ကျင်သွားသူ ဟူ၍ သုံးလေးဦးသာ ကျန်ပေတော့သည်။"

 

အိုင်ယွန်နက်စ်ကိုးက ဝါဒ ဖြန့်ချီ မှုသည် မည်သို့မည်ပုံ ထူးထွေ ဆန်းပြားနေသည်ကို ကျွန်တော်တို့ သိသာ မြင်သာအောင် ရည်ရွယ် ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဝါဒ ဖြန့်ချီ မှု အောက် ပြားပြားဝပ် ရောက်သွားကြသူများသည် ယင်းအား ပုံမှန် ပြောရိုး ပြောစဉ်ဟု ယူဆခဲ့ကြပုံရသည်။ ကြံ သတ္တဝါကြီး ကဲ့သို့ မထော်တနန်း ပုံရိပ်ကို အသုံးချပြီး တကယ်တမ်း ဖြစ်ပျက်နေသည့် ဆန်းပြားသည့် အကြောင်းအရာများကို လူများ သတိပြုမိလာသည် အထိ တုန်လှုပ်သွားအောင် ကြိုးပမ်းခဲ့ခြင်းသာ ဖြစ်သည်။

 

ကြံ့ ကြီး များက ကျွန်တော်တို့၏ အာရုံကြော များ အတွင်း ရှိ ဆာဗာနား မြက်ခင်းပြင်ကြီး တလျှောက် လှည့်လည် ကျက်စားနေကြသည်။ ယခုအခါ ကျွနုပ်တို့သည် post-truth ဟု ခေါ်သည့် အချက်အလက် ထက် ခံစားချက်က ပို အရေးကြီးသည်ဟု ဆိုသည်အပေါ် စိုးရိမ်မကင်းစရာ ဖြစ်လာနေရပြီ ဖြစ်သည်။

 

နေ့စဉ် သိရှိလာသည့် အချက်အလက်များ ကို အရေးစိုက်စရာ မလို၊ ထိုအစား ကိုယ်ပိုင် အမြင် နှင့် ခံစားချက်များ အပေါ် အခြေခံသည့် အတုအယောင် အမှန်တရား ‌များ တည်ဆောက်လာသည့် post-truth အား အခုမှ ပေါ်လာသည့် အသစ်အဆန်း သို့မဟုတ် ခေတ်လွန် အတွေးအခေါ်ဟု ကျွနုပ်တို့ ယူဆလာတတ်ကြသည်။ ထိုသို့ ဖြစ်လာနိုင်သည်ကို ဂျော့ခ်ျ အော်ဝဲလ် က ပြီးခဲ့သည့် နှစ်ပေါင်း ခုနှစ်ဆယ် ခန့်ကပင် doublethink ဟု အမည်တပ်က ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။

 

၎င်းက post-truth ဆိုသည် ဖက်ဆစ် သဘောတရားကို ပြန်လည် အသက်သွင်းလာခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ထို့အတွက်ကြောင့်လည်း လက်ရှိ ရင်ဆိုင်နေရသည်ကို ကလန်ပါလာ နှင့် အိုင်ယွန်နက်စ်ကိုး တို့ သိမြင်ခွင့် ရခဲ့မည် ဆိုကမည်သို့မျှ ထူးခြားတုန်လှုပ်ကြမည် တော့ မဟုတ်ပေ။

 

ဖက်ဆစ် များသည် နေ့စဉ်ဘဝ ကြုံတွေ့လာရသည့် အသေးအမွှား အမှန်တရားများကို ရွံရှာကြသည်။ ဘာသာ‌တရား အသစ်အဆန်း လို ဖြစ်လာအောင် လှုံ့ဆော်ရာတွင် ရသ မြောက်သည့် ကြွေးကြော်သံများကိုသာ သဘောကျသည်။ သမိုင်း ဆိုင်ရာများ နှင့် သတင်းစာများထက် ဖန်တီးလုပ်ကြံလာသည့် ဒဏ္ဍာရီ ဇာတ်ကြောင်းများကို ပို၍ သဘောကျကြသည်။

 

ထိုအချိန်က ရေဒီယိုသာ ရှိခဲ့သော်လည်း မီဒီယာ အသစ် ကို အသုံးပြုလာခဲ့ကြသည်။ ယင်းသည်ကား လူများ ၎င်းတို့ ပြောဆိုနေကြသည်ကို သေချာစေ့ငုစွာ ဆန်းစစ်ဖို့ သတိမရတော့ဘဲ စိတ်အား တက်ကြွလာ‌စေရန် ပတ်မကြီးကို တဒုံးဒုံး တီးလာခြင်းမျိုး ဖြစ်သည်။

 

ယခုအခါ ယခင်ကကဲ့သို့ပင် လူများသည် ကျွနူပ်တို့ နေထိုင်ရာ ကမ္ဘာကြီး နှင့် ပတ်သက်သည့် အမှန်တရားများကို ပြစ်ချက်များစွာ ထု နှင့် ထယ်နှင့် ရှိနေသည့် ခေါင်းဆောင်တဦး ကို ယုံကြည်မှု နှင့်‌ ရောထွေးကုန်ကြပြီ ဖြစ်သည်။

 

Post-truth သည် ဖက်ဆစ်ဝါဒ ကို လိုလားခြင်းသာ ဖြစ်ပေသည်။