စစ်တပ်၏ အတွင်းသရုပ်

by Hla Soewai - Jul 30 2025

မြန်မာ သည် ကိုလိုနီ ခေတ် နှောင်း ကြုံတွေ့ရလေ့ ရှိသော ပြဿနာများကို ကိုယ်စားပြုလာသည့် လက်စွဲစာအုပ်ကြီးလို ဖြစ်လာနေသည်။ စစ်တပ်သည် လူမျိုးစု အသီးသီး အား တစည်းတလုံး တည်း ဖြစ်အောင် စုစည်းကောင်း စုစည်း နိုင်သော်လည်း အကွဲကွဲ အပြားပြား ဖြစ်စေမည့် အာဏာရှင်စနစ် ကို ကျင့်သုံးလာသည်ဟု အိန္ဒိယ ရှိ Outlook ဂျာနယ်တွင် ရေးသားလာသည်။

 

လက်ရှိ လေးနှစ်ကျော်သည် အထိ ရှည်လျားလာသော ပဋိပက္ခ၏ အဓိက အချက်သည် သတင်းအချက်အလက် လုံးဝ ကင်းမဲ့နေခြင်း ဖြစ်ပြီး တဖက်နှင့် တဖက် ဆန့်ကျင့်ဖက် ဖြစ်နေသည့် အကြောင်းအရာများသာ လွှမ်းမိုးနေသည်။

 

ထို့အတွက် ပိုမို နားလည် နိုင်ရန်မှာ စစ်တပ်၏ တည်ဆောက်ပုံ၊ စိတ်နေစိတ်ထား နှင့် တရွေ့ရွေ့ ပြောင်းလဲလာမှု ကို ကမ္ဘာ ကြီး အနေဖြင့် ရှင်းလင်းစွာ သိနားလည် ထားဖို့ လိုအပ်လာသည်။

 

အတိတ်သည် ပစ္စုပ္ပန် ကို အရိပ်ထိုးလာနေသည်။ မဖြေရှင်း ပဲ ထားခဲ့သည့် သမိုင်း အမွေအနှစ်များသည် စစ်တပ် အတွက် ရတက်မအေး စရာ အဖြစ် စွဲကျန်ရစ်နေသည်။

 

မြန်မာသည် ဆယ်စုနှစ်ပေါင်း များစွာ ရည်ရွယ်ချက် ရှိရှိ ဖြင့် တသီးတခြား နေလာခဲ့ခြင်းသည်လည်း စစ်တပ် အတွင်း ရှိနေပြီးသား အတွေးအခေါ် များ အရိုးစွဲလာအောင် ပံ့ပိုးပေးလာခဲ့သည်။ အတွင်း ပိတ်ပြီး ပွင့်လင်းမြင်သာမှု မရှိသည့် ပုံဆောင် သင်္ကေတ ဖြစ်ခဲ့ရသည်။

 

ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း ပြုပြင်ပြောင်းလဲရေး များကို ခေါင်းပြူပြီး လက်ကမ်းကြိုဆိုလာပုံ ရသော်လည်း ၂၀၁၆ နှင့် ၂၀၁၇ တွင် ရိုဟင်ဂျာ ပြဿနာ ပေါ်လာ၍ ၎င်းတို့၏ ဥခွံ အတွင်း အလျှင်အမြန် ပြန် ဝင် သွားကြသည်။ ပြင်ပကမ္ဘာ အဖို့ ၎င်းတို့ ဘာကို စိုးရိမ်နေသည်၊ ဘာတွေ ပြောဆို ဆွေးနွေးနေကြသည်ကို မသိနိုင် ဖြစ်ကျန်ခဲ့သည်။

 

မြန်မာပြည်ကို လေ့လာစောင့်ကြည့်နေသူများ အဖို့ ပဟေဠိ ဖြစ်ကျန်ခဲ့သည်က အိုင်စီဂျေ တွင် ၎င်းတို့ဖက် ခုခံ ချေပခဲ့ပါလျက် နှင့် အဘယ်ကြောင့် ဒေါ် အောင်ဆန်းစုကြည်ကို ဒုတိယ သက်တမ်း အုပ်ချုပ်ခွင့် မပေးခဲ့ရသနည်း ဆိုသည်ပင် ဖြစ်သည်။ ယင်းသည် စစ်ခေါင်းဆောင်၏ ပုဂ္ဂိုလ် ရေး ရည်မှန်းချက်ကြောင့်လော၊ သို့တည်းမဟုတ် စစ်ဗိုလ်ချုပ်ကြီးများ၏ စုပေါင်း ဆုံးဖြတ်ချက်ဖြင့် အာဏာ သိမ်းခဲ့သည်လော ဆိုသည်က မသိနိုင်ပဲ ရှိနေဆဲပင် ဖြစ်သည်။

 

ဤသည်ကလည်း ၎င်းတို့နှင့် ပတ်သက်၍ ယုံကြည်လောက်သော သတင်းအချက်အလက်များ မရရှိမှု နှင့် ၎င်းတို့ အတွင်း ပိုင်း လုပ်နည်းလုပ်ဟန်များကို မသိနိုင်သော ကြောင့်ပင် ဖြစ်သည်။ ထိုသို့ ၎င်းတို့၏ တွေးခေါ်ဆင်ခြင်ပုံ နှင့် အပြုအမူ များကို သိနိုင်ဖို့ကလည်း ပါးပါးနပ်နပ် နှင့် ရေရှည် ဆက်ဆံမှု မျိုး ရှိမှ ဖြစ်ပေမည်။

 

အခြား နိုင်ငံများ ၏ စစ်အုပ်ချုပ်ရေး ကာလ အတွင်း လုပ်ပုံကိုင်ပုံများကို နှိုင်းယှဉ် လေ့လာကြည့် မှ ဖြစ်ပေမည်။ တူရကီ၊ အီဂျစ်၊ ပါကစ္စတန် နှင့် အင်ဒိုနီရှား စစ်တပ်သည် နိုင်ငံရေး တွင် အဓိက နေရာ မှ ရပ်တည်ခဲ့ပြီး စစ်အေးတိုက်ပွဲ အတွင်း ပြင်ပ အင်အားကြီး နိုင်ငံများနှင့် အရေးပါသော ဆက်ဆံရေး မျိူး ထူထောင်နိုင်ခဲ့၍ ခေတ်သစ် ကမ္ဘာတွင် ဝင်ဆန့် နိုင်ရန် ပြင်ဆင် နိုင်ခဲ့ကြသည်။

 

အင်ဒိုနီရှား၊ ပါကစ္စတန် တို့သည် ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များ အတွက် တပ်အင်အား ကို သိသိသာသာ ထည့်ဝင် အားဖြည့်ပေးခဲ့ကြသည်။ ပင်တဂွန် နှင့်လည်း နီးနီးကပ်ကပ် ဆက်ဆံ နိုင်ခဲ့သည်။

 

ထိုသို့သော ကာလ တွင် မြန်မာ စစ်တပ်သည် ဝါးလုံး ခေါင်းထဲ လ သာနေဆဲ ဖြစ်သည်။ ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး အတွက် တပ်အင်အား ဖြည့်တင်းရန် ၂၀၁၀-၁၆ ကာလ အတွင်း စိတ်ဝင်စားကြောင်း ပြသလာခဲ့သော်လည်း ၎င်းတို့၏ လူ့အခွင့် အရေး ချိုးဖောက်မှု များကြောင့် ကုလ ၏ စံနှုန်းများ နှင့် မကိုက်ညီ၍ အကောင်အထည် မဖေါ်နိုင် ဖြစ်ခဲ့ရသည်။

 

မြန်မာ စစ်တပ်၏ တင်းကြပ်သော ကွပ်ကဲမှု အောက်တွင် သတင်းစီးဆင်းမှု ကန့်သတ်ခံနေရပြီး ၎င်းတို့၏ မီဒီယာ များကလည်း ရွေးပေးထားသော အကြောင်းအရာ များကိုသာ ဖေါ်ပြခဲ့ကြသည်။ ထိုသို့ ပွင့်လင်း မြင်သာမှု ကင်းမဲ့နေခြင်းကြောင့် နိုင်ငံတကာ လေ့လာသူများသည် ထင်ကြေးပေးခြင်းမျိုးသာ လုပ်နိုင်‌၍ သံတမန်ရေးအရ ထိထိရောက်ရောက် ဆက်ဆံနိုင်ဖို့ အဟန့်အတား ဖြစ်လာရသည်။

 

၂၀၂၅ အစောပိုင်း တွင် မင်းအောင်လှိုင်သည် စစ်တပ် နှင့် ၎င်း၏ ကက်ဘိနက်ကို အကြီးအကျယ် ‌အပြောင်းအလဲများ လုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ လူငယ် စစ်ဗိုလ်ချုပ်များကို မြှောက်စားလာပြီး ဝါရင့် လူဟောင်း ဗိုလ်ချုပ်ကြီးများကို ဘေးဖယ်ထုတ်လာခဲ့သည်။ သန်းရွှေ လက်ထက်က ကျင့်သုံးခဲ့သော နည်းဗျုဟာ အတိုင်း ရာထူး ဆက်ခံနိုင်ရန် အပြောင်းအလဲ လုပ်လာခြင်း ဖြစ်သည်။

 

ပြုပြင် ပြောင်းလဲရေး ကာလ အတွင်း နိုင်ငံတကာမှ သဘောကျလာသော ဗိုလ်ချုပ်ကြီးများကိုလည်း ၎င်းအား ဆန့်ကျင်လာနိုင်သည်ဟု ယူဆကာ ဖယ်ထုတ်ပစ်ခဲ့သည်။

 

လက်ရှိတွင် နိုင်ငံ ဧရိယာ၏ ၄၀ ရာနှုန်းသည် ၎င်းတို့၏ ထိန်းချုပ်မှု အောက်တွင် မရှိ၊ ရှေ့ဆက် ဘာဖြစ်လာနိုင်သည်ကို အတိအကျ ထောက်ပြ ခန့်မှန်းရ ခက်‌သော်လည်း သမိုင်းကြောင်း၊ ပထဝီကြောင်း၊ လူဦးရေ ဖွဲ့စည်းပုံ နှင့် ပြင်ပ ဩဇာသက်ရောက်မှု များကို ကြည့်၍ စစ်ပွဲ၏ လားရာကို နားလည် နိုင်ပေသည်။

 

နယ်မြေ ပိုင်ဆိုင်မှု နှင့် ပတ်သက်၍ NUG ၏ အပြောများကို သတိကြီးစွာ ဖြင့် ရှူမြင်ဖို့လိုသည်၊ တော်လှန်ရေး ဖက်မှ ရရှိထားသော နယ်မြေများသည် အများအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အောက်တွင် ရှိ‌နေသည်။

 

"ဇိုမီယာ" ဟု ခေါ်သော မြန်မာ၊ လာအို၊ ထိုင်း နှင့် ယူနန် ရှိ ကုန်းမြင့်ပိုင်းတွင် နေထိုင်သူများသည် အစဉ်အလာ အားဖြင့် ဗဟိုချုပ်ကိုင်မှု ကို ငြင်းဆန်နေကြသူ များ ဖြစ်သည်။ ရှမ်း၊ ကချင်၊ ချင်း၊ ကရင် လူမျိုးစု တို့သည် ပထဝီအနေအထား၊ ရွေ့ပြောင်းသွားလာနိုင်မှုနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အသုံးပြု၍ နိုင်ငံတော် ၏ ထိန်းချုပ်မှုကို ရှောင်ရှားရန် ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံမဲ့ဘဝကို ထိန်းသိမ်းထားလို ကြသည်။

 

မြေပြန့်‌ဒေသရှိ စစ်တပ်မှ ထိုဒေသများကို လွှမ်းမိုး နိုင်ရန် အတင်းအကျပ် ကြိုးစားခဲ့ကြသည်။ 

 

တိုင်းရင်းသား လူမျိုး အသီးသီး မှီတင်းနေထိုင်ကြသည် ဆိုသည်ကလည်း အမျိုးသား ဂုဏ်သိက္ခာတရပ် အဖြစ် ပြတိုက်များနှင့် တရားဝင် အခမ်းအနားများတွင်သာ တွေ့ရတတ်ပြီး တကယ်တမ်း ရှိနေသည်က လူများစု ဖြစ်သော ဗမာများက အမြဲလို အထက်စီး မှ ဆက်ဆံနေကြသည်။ စစ်ခေါင်းဆောင် အသိုက်အဝန်းကလည်း အလားတူ ပုံသေ ကားချပ် သဖွယ် မပြောင်းမလဲ ဆက်ဆံခဲ့ကြသည်။

 

စစ်တပ်မှ ဦးဆောင်ဦးရွက် ပြုလာသည့် ဖွံ့ဖြိုးရေး စီမံကိန်းများသည်လည်း ဒေသတွင်း ကိုယ်ပိုင် ဆုံးဖြတ် ပိုင်ခွင့်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မကြာခဏ ဆိုသလို ထိခိုက်စေခဲ့သည်။

 

ထို့အတွက်ကြောင့်လည်း လူနည်းစုဝင်များသည် ၎င်းတို့ဖာသာ ၎င်းတို့ လွတ်လွတ်လပ်လပ် နေလိုကြခြင်း ဖြစ်သည်။

 

NUG သည် နိုင်ငံရေး အရ အမျှော်အမြင်ကြီးစွာ ဖြင့် အားလုံး ပါဝင်နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေး လုပ်ငန်းဘောင်များ ချမှတ်လာခဲ့သည်။ သို့သော်လည်း ပြည်ပမှ အသိအမှတ်ပြု ထောက်ခံလာရေး အတွက် အခက်အခဲများ တိုး၍ ရင်ဆိုင်လာနေရသည်။

 

ဒေါ်နယ် ထရမ့်၏ စာကို မင်းအောင်လှိုင် တုန့်ပြန်ရေးသားပုံ ကို ကြည့်မည်ဆိုက ၎င်းတို့အား တရားဝင် အဖြစ် အသိအမှတ်ပြုရေး ကို လိုလားနေကြသည်က သိသာနေသည်။

 

သို့သော်လည်း အာဆီယံ ၏ ဦးဆောင်ဦးရွက် ပြုမှု နှင့် ကုလ ဆုံးဖြတ်ချက်များက ၎င်းတို့၏ အတွက်အချက်များကို ပြောင်းအောင် လုပ်နိုင်စွမ်း မရှိသေးပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!