ကျွန်တော့် မျက်နှာ နှင့် လူ

by Hla Soewai - Aug 10 2025

မင်းအောင်လှိုင်သည် ယခုအခါ အရေးပေါ် အခြေအနေကို တရားဝင် အဆုံးသတ်ပြီး ၎င်းကပင် ယာယီ သမ္မတ အဖြစ် ပြန်၍ ဦးဆောင်မည့် အဖွဲ့ဝင် ၁၁ ဦး ပါ ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

 

တပည့်သားမြေး များ ပြောသည့် အတိုင်း လုပ်လာ၍ တရုတ်တို့ သက်မ တဝက်ချ နိုင်ပြီ ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲ လုပ်မည့် ရက်ကို မကြေညာသေးပဲ ထစ်ထားပြန်၍ အပြည့်အဝ တော့ သက်မ မချ နိုင်သေး။

 

မင်းအောင်လှိုင်သည် နိုင်ငံတကာ နှင့် ပြည်သူများကို ၎င်းတို့ လောက်သာ အတွေးအခေါ် ရှိသည်ဟု ယူဆနေကြသူများ ဖြစ်သည်။

 

ယခုလည်း အားလုံးက မျှော်လင့် ထား‌ သော စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ ကော်မရှင် ဥက္ကဌ ကာကွယ်‌ ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်း‌ အောင်လှိုင်ကို အာဏာလွှဲ‌ ပြောင်းခဲ့ခြင်း ဖြစ်၍ ထူးမခြားနား သာ ဖြစ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး နှင့် တရားစီရင်ရေးသည် ၎င်းတဦးတည်း၏ လက်ထဲတွင် ဆက်ရှိနေဆဲပင် ဖြစ်သည်။

 

အရေးပေါ် အခြေအနေနှင့် စစ်အုပ်ချုပ်ရေး ကို ရုတ်သိမ်းလိုက်သည် ဆိုသော်လည်း ထိုနေရာ တွင် ပို၍ ကြောက်စရာ ကောင်းသည့် ဥပဒေများ ဒလစပ် ထုတ်ပြန် အစားထိုး လာသည်။ ရွေးကောက်ပွဲ ကို နှောက်ယှက် ဖျက်စီးပါက၊ ဆန့်ကျင် ပြောဆိုပါက ထောင်ဒဏ် သုံးနှစ် မှ သေဒဏ် အထိ ပင် ချမှတ်နိုင်သည် ဟု ပင် ပါရှိလာသည်။ ဤသည်ကပင် ၎င်းတို့စိတ်ထဲရှိ အကြောက်တရားကို ဖေါ်ပြလိုက်ခြင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင်က ယခု အခါ ပထမ အခန်း ကို ကျော်လွန်ခဲ့ပြီ ဖြစ်၍ ဒုတိယ အခန်း စတင် ရောက်ရှိလာပြီဟု ဆိုသည်။ လေးနှစ်ခွဲ ကြာမှ ပထမ အခန်းပြီးသွား၍ သူ့စာအုပ်တွင် ဘယ်နှစ်ခန်း ရှိနေဦးမည် ဆိုသည်ကား မည်သူမျှ မသိနိုင်ပေ။ ဒုတိယ အခန်းကိုကား "ကျွန်တော့် မျက်နှာ နှင့် လူ" ကပင် ဦးဆောင်သွားမည်သာ ဖြစ်သည်။

 

ပထမ အခန်း တခန်း ထဲတွင်ပင် လူပေါင်း ၇,၀၁၃ ဦး သ-တ်ဖြတ်ထားခဲ့ပြီး ဖြစ်ပြီး ၂၀,၀၀၀ ကျော် အကျဉ်းချ ခံထားရသည်။

 

ယခုအခါ "ပြည်ထောင်စု အစိုးရ" ဆိုသည်အား ယခင် စစ်ကောင်စီ နေရာတွင် "အမျိုးသား လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်မရှင်" နှင့် အတူ ပူးတွဲ ဖွဲ့စည်းလာခဲ့သည်။ မင်းအောင်လှိုင်၏ အကြံပေး ညိုစော သည် ဝန်ကြီးချုပ် ဖြစ်လာသည်။

 

ထိုမှ တဖန် ထိုအဖွဲ့မှပင် ၎င်းတို့ ထိန်းချုပ် နိုင်ခြင်း မရှိတော့သော မြို့များကို ရက်ပေါင်း ၉၀ စစ်အုပ်ချုပ် ရေးကို ပုံ မင်းအောင်လှိုင်၊ ယာယီ သမ္မတ ဆိုကာ ကြေညာလိုက်ပြန်သည်၊ ယင်းသည် တော်လှန်ရေး ၏ အောင်ပွဲ များကို လူထု အား ဝန်ခံ အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

ကချင် တွင် ၅ မြို့နယ်၊ ကယားတွင် ၃ မြို့နယ်၊ ကရင် တွင် ၂ မြို့နယ်၊ ချင်း တွင် ၇ မြို့နယ်၊ စစ်ကိုင်းတွင် ၉ မြို့နယ်၊ မကွေး တွင် ၅ မြို့နယ်၊ မန္တလေး တွင် ၃ မြို့နယ်၊ ရခိုင် တွင် ၁၄ မြိုနယ်၊ ရှမ်းတွင် ၁၅ မြို့နယ်၊ စုစုပေါင်း ၆၃ မြို့နယ် ဖြစ်သည်။ အဆိုပါ အောင်စာရင်းအရ ရှမ်း မြောက် ပထမ စွဲပြီးကရင် တော်လှန်ရေး တပ်ဖွဲ့များ ဆက်၍ ကြိုးစားဖို့ လိုနေသေးသည်ကို တွေရသည်။ အညာဒေသ တွင် အများဆုံး ဖြစ်လာသည်။ ဒီထက် သိက္ခာကျမည် စိုး၍ လော၊ မင်းအောင်လှိုင် မသိ အောင် ဖုံးဖိထား၍ လော မသိ နောက်ထပ် မြို့ သုံးဆယ်ခန့် ကျန်နေသေးသည်။

 

လေ့လာသူများကမူ ရွေးကောက်ပွဲ ပြီးသွားလည်း ၎င်းသာ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် သို့မဟုတ်ကလည်း ထိုရာထူး နှစ်ခုစလုံးကို ထိန်းချုပ် နိုင်မည့် ရာထူး တခု ဖန်တီးကာ အကြွင်းမဲ့ အာဏာရှင် ပုံစံ တက်လှမ်းလာ လိမ့်မည်ဟု တွက်ဆထားကြသည်။

 

နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု မှ မော်ဂန် မိုက်ကယ်က အရင်လူများသာ ပြန်ပါလာကြသည်ကို ကြည့်က ထိုလူများ အားလုံးသည် အရပ်သားများထံ အာဏာပြန်လွှဲ ပေးကြမည် မဟုတ်သည်က သေချာ‌နေသည်ဟု ဆိုသည်။

 

ဖွဲ့စည်းပုံ ဖေါက်ဖျက်သည် မဖြစ်အောင် လက်တလုံးခြား လိမ်လည် ‌နေကြခြင်းမျိုး ထက် မပိုပေ။ ပညာရေး ဝန်ကြီး ကိုပင် ခန့်အပ်ရန် မေ့ကျန်ခဲ့သည်ကို ကြည့်က မင်းအောင်လှိုင် တယောက်တည်း နာမည်များ ချရေး ကာ ထုတ်ပြန်ခဲ့ပုံရသည်။

 

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေးဗစ် စကော့ မေသီဆန် မှ နိုင်ငံရေး ဇာတ်ခုံ တခုသာ ဖြစ်ပြီး ရှိပြီးသား ပစ္စည်းများဖြင့် ပြန်၍ နေရာချကာ ပြဇာတ်ကို အမည်သစ်‌ ပေးလာခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

 

ကလေးများ လီဂို အတုံးလေးများ ဖြင့် တခုပြီး တခု ပြောင်း ကစားနေခြင်း သာ ဖြစ်သည်ဟုလည်း တမ္ပဒီပ မှ ဦးခင်ဇော်ဝင်းက ထောက်ပြခဲ့သည်။

 

မင်းအောင်လှိုင်သည် ရုပ်တည်ကြီးဖြင့် စစ်ကောင်စီ အဖွဲ့ဝင်များအား နှုတ်ဆက်ပွဲ ပင် လုပ်လိုက်သေးသည်။ နောက်တနေ့မှာပင် ထိုလူများ အားလုံး ယူနီဖောင်းပင် မလဲပဲ ကိုယ့်နေရာ ကိုယ် ပြန်ရောက်လာကြသည်ကား မြန်မာ ပေါကား များကပင် အရှူံးပေး လောက်ပေသည်။

 

အောက်တွင် ဖေါ်ပြသည့် ၎င်းကိုယ်တိုင် လက်မှတ် ရေး ထိုး ထုတ်ပြန်သော စာ ကို ကြည့်မည် ဆိုက လွန်သည်ဟု ထင်ကြမည် မဟုတ်ပေ။

 

နိုင်ငံတော် အာဏာလွှဲအပ် ဆောင်ရွက်စေခဲ့သည့် အမိန့် အား ပယ်ဖျက်ခြင်း

 

ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပ‌ဒေ ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ် အခြေအနေ ကြေညာ၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော် အာဏာလွှဲအပ် ဆောင်ရွက်စေသည့် ကိစ္စ နှင့် စပ်လျင်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏ တာဝန် ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိပြီး ဖြစ်သဖြင့် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ် ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော် သမ္မတရုံး၏ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်စွဲ ပါ အမိန့် ၁/၂၀၂၁ ကို ပယ်ဖျက်လိုက်သည်။

 

ပုံ

မင်းအောင်လှိုင်

ဗိုလ်ချုပ်မှုးကြီး

ယာယီ သမ္မတ (တာဝန်) ဟူ၍ ဖြစ်လေသတည်း။

 

ရွေးကောက်ပွဲ ဝင်မည့် ပါတီများကလည်း ထိုမျှလောက် ပေါချာချာ နိင်လိမ့်မည်ဟု မျှော်လင့်မထားကြ‌ သော်လည်း မည်သို့မျှ ထူးဆန်း အံ့ဩကြမည် တော့ မဟုတ်၊ စိတ်ပျက်လက်ပျက် လည်း ရှိကြမည် မဟုတ်ပေ၊ ၎င်းတို့ အဖို့ကား လွှတ်တော်ထဲ ဝင် ထိုင်၍ မည်သို့မျှ ဖြစ်လာမည် မဟုတ်သည့် ဥပဒေများကို အဆိုတင်ခွင့်ရယုံ၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ယုံမျှ နှင့် ကျေနပ်နေကြမည့် လူများသာ ဖြစ်သည်။

 

ရွေးကောက်ပွဲ သည် ဦးစားပေးရမည့် အကြောင်းအရာ မဟုတ်ဟု လူသိရှင်ကြား ပြောထားပြီး ဖြစ်သည့် အာဆီယံ မှ မည်သို့ တုန့်ပြန်လာမည် ဆိုသည်ကား စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။

 

အာဆီယံ သည် ၎င်းတို့ အဆိုပြုသည် များ အကောင်အထည် မဖေါ်ဟု ဆိုက NUG ကို သာ တရားဝင် အသိအမှတ် ပြုတော့မည် ဆိုသော ခြိမ်းခြောက်စကား မျိုး ဆိုသင့်ပေသည်။

 

ပြည်သူတို့ ဆင်နွှဲနေသည့် တရားသော စစ် မုချ အောင်ရမည်!!!

 

The four most beautiful words in our common language: I told you so.

 

Gore Vidal