စစ်အုပ်စု ၏ တန်ပြန် တော်လှန်ရေး

by Hla Soewai - Aug 10 2025

ပြည်သူများသည် Autocracy ခေါ် ခေါင်းဆောင်တဦးတည်းက အမြင့်ဆုံး အာဏာများ ရယူထားမှု၊ Dictatorship ခေါ် အာဏာရှင် စနစ်၊ လူတဦးချင်းစီ၏ အခွင့်အရေးအား အရေးမထားဘဲ နိုင်ငံတော် ဆိုသည်က အရာရာ ကို ထိန်းချုပ်စီမံကွပ်ကဲ‌နေသော Authoritarianism အစရှိသည် တို့ကို ကာလကြာမြင့်စွာ ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ကြပြီး ဖြစ်သည်။

 

ပြည်သူများသည် ညကြီးသန်းကောင် အိပ်မောကျနေရာမှ နိုင်ငံတော် ဆိုသည်အပေါ် ကျူးလွန် သော ရာဇဝတ်မှုများ ဟု ဆိုကာ နေအိမ်များမှ ပျောက်ကွယ်သွားခဲ့ကြသော အပြစ်ကင်းသည့် ၎င်းတို့၏ မိတ်ဆွေ သင်္ဂဟ များ၏ အကြောင်းကို ကောင်းစွာသိရှိခဲ့သည်နှင့် အမျှ အကြောက်တရား နှင့် ကြံရာ မရ ခံစားလာမှုများကို နားလည်သိရှိ ခဲ့ရသည်။

 

ထိုအရာများနှင့် ခြားနားပြီး လူအဖွဲ့အစည်း တရပ်လုံးကို ထားရာနေ စေရာသွား အနေအထားဖြင့် အလုံးစုံ ထိန်းချုပ် ထားသော အကြွင်းမဲ့ အာဏာရှင် စနစ် totalitarianism ကို မင်းအေင်လှိုင်က စီမံ သွတ်သွင်းလာပြီ ဖြစ်သည်။

 

ယခင် သိန်းစိန် ခေတ်က သွတ်သွင်းခဲ့သော လစ်ဘရယ် ပြုပြင် ပြောင်းလဲမှုများအစား တင်းကျပ်မှုများ၊ လွတ်လပ်စွာ တွေးခေါ် ပြုမူ ဆောင်ရွက်ခွင့် များကို‌ ပြောင်ပြောင်ကြီး ဆန့်ကျင်သည့် အကြောင်းအရာများ ဖြင့် အုပ်ချုပ်သွားတော့မည် ဖြစ်သည်။

 

အဆိုပါ ဝါဒသည် ထိုမတိုင်မီ ရှိခဲ့သည့် နိုင်ငံရေး အခင်းအကျင်းကို မှောက်လှန်ပြစ်ရန် အားမွေးလာခြင်း မျိုး လည်း ဖြစ်သည်။ သို့ဆိုလျှင် အကြွင်းမဲ့ အာဏာရှင် စနစ်ကို တော်လှန်ရေး အသွင် ဆောင်သည်ဟု ပြော၍ရ သလို ဖြစ်နေသည်။ အကြွင်းမဲ့ အာဏာရှင်စနစ်သည် တော်လှန်ရေး မဟုတ်၊ တန်ပြန်တော်လှန်ရေးသာ ဖြစ်သည်။ တော်လှန်‌ရေး သဘောတရားများအစား တော်လှန်ရေးကို တုန့်ပြန်လာခြင်း မျိုးသာ ဖြစ်သည်။ 

 

အကြွင်းမဲ့ အာဏာရှင် စနစ်သည် အာဏာကို ဖြန့်ဝေရမည်အစား ဗဟိုက ချုပ်ကိုင်ထားသည့် စနစ်ဖြစ်သည်။ တနည်းအားဖြင့် ပြောရလျှင် တော်လှန်ရေးသည် လူအများတွင်ရှိသော ကွဲပြားခြားနားသည့် အတွေ့အကြုံ များကို အသိအမှတ်ပြုလက်ခံသည်။ ကွဲပြားသော အင်အားစုများအား ပြောရေးဆိုခွင့်များလည်း ဖန်တီးပေး သည်။ အကြွင်းမဲ့ အာဏာရှင် စနစ်ကမူ ဝိသေသအရ‌ရော၊ ရည်ရွယ်ချက်များ အရပါ တစည်းတလုံးတည်း တညီတညာတည်း တသံတည်းသာ ထွက်ရမည့် အဖြစ်ကိုသာ ခွင့်ပြုတော့မည် ဖြစ်သည်။

 

ယခုအခါ စစ်အုပ်စု သည် ရေရှည် အာဏာ ဆုပ်ကိုင်သွား နိုင်ရေး အတွက် စနစ်တကျ နှင့် လွန်စွာ ကြောက်စရာ ကောင်းလှသော ကမ်ပိန်းကို ဆင်နွှဲလာပြီ ဖြစ်သည် ဟု DVB တွင် ဆောင်းပါးရှင် ဂျိမ်းရွှေက ရေးသားလာသည်။

 

စစ်အုပ်စုသည် ယခင်လို ဗုံးကြဲ၊ မီးရှို့၊ လူသတ် အကြမ်းဖက်မှု များကိုသာ အားကိုး၍ မဖြစ်တော့ဟု ဆိုကာ၊ အတုအယောင် ရွေးကောက်ပွဲ၊ ထိုအရေး အပေါ် ဆန့်ကျင်သူများ အား သေဒဏ် အထိ ပေးနိုင်သည့် ကြောက်မက်ဖွယ်ရာ ဥပဒေများ၊ ဒေါ်လာ သန်းချီ ရင်းပြီး ပြည်ပ လော်ဘီ ကုမ္ပဏီများ ငှားရမ်းလာခြင်း၊ တော်လှန်ရေး အဖွဲ့များ ၎င်းတို့ ထိန်းချုပ်နယ်မြေ များ အတွင်း စံပြ ဖြစ်အောင် စီမံ အုပ်ချုပ်နေသည်ကို ဟန့်တား ရန် အရပ်သားများကို တမင် ပစ်မှတ်ထား၍ ထောက်ခံမှု ကျဆင်းအောင် လုပ်လာခြင်း များ ပေါင်းစပ် အသုံးပြုလာနေကြသည်။

 

၎င်းတို့ ကျောင်းများ၊ ဆေးရုံ ဆေးခန်းများ၊ ဘာသာရေး အဆောက်အအုံ များ အား ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်လာကြခြင်းဖြင့် ‌ဒေသခံ လူထု အား တော်လှန်ရေး အင်အားစု များ အပေါ် ငြိုငြင်လာပြီး ထောက်ခံမှု ပေးကြတော့မည် မဟုတ်ဟု တွက်ဆထား၍ ဖြစ်သည်။

 

၎င်းတို့၏ ဒီဇင်ဘာ "ရွေးကောက်ပွဲ" အတွက် တနိုင်ငံလုံး အကြောက်တရား များ ကြီးစိုး လွှမ်းမိုး စေပြီး အတိုက်အခံ လုပ်မည့် အသံများ တိတ်သွားအောင် အရင် ကြိုးပမ်းကြတော့မည် ဖြစ်သည်။

 

ထိုအရေးသည် မြန်မာ နိုင်ငံ ၏ အကျပ်အတည်းသာ မဟုတ်တော့ဘဲ ကမ္ဘာတဝှမ်းလုံးက လက်ခံထားသော ဒီမိုကရေစီ နှင့် လူ့ ယဉ်ကျေးမှု ၏ အခြေခံ တန်ဖိုး များ ပျက်သုဉ်း သွားနိုင်သည့် အလားအလာ များကို ကမ္ဘာကြီးအား သတိပေးလာနေ ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ရွေးကောက်ပွဲ ဖြင့် အာဏာ လွှဲ‌ ပြောင်း ပေးပြီးဟု ပြသနိုင်ရန်၊ ၎င်းတို့ အသက်ဆက် နိုင်ရေး အတွက် မည်မျှ အရေးကြီး ကြောင်း၊ တရားဝင်မှု ပုံရိပ်ကို ဒီမိုကရေစီ ပြန်လည် သွတ်သွင်းပေးပြီး ဆိုကာ အတုအ‌ယောင် ဖန်တီးပေးခြင်းမျိုး ဖြင့် ဆက်၍ အုပ်ချုပ် သွားရန် မျှော်လင့်နေကြသည်ဟု ဆိုသည်။

 

မကြာမီက ဆန်ရှင်း မှ လွတ်လာသည် ဂျိုနာသန် မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်၊ တင်လတ်မင်း တို့ ပယ်ဖျက်ခံလိုက်ရသည့် အရေးသည် ၎င်းတို့ ငှားထားသော အမေရိကန် ရှေ့နေ အကျိုး ဆောင် ကုမ္ပဏီ Ferrari & Associates တို့ ၏ ခြေရာလက်ရာ များ ကြောင့်ပင် ဖြစ်သည်။

 

အချို့ နိုင်ငံတကာ အဖွဲ့အစည်းများသည် ဒီမိုကရေစီ အရေး နှင့် လူသားချင်းစာနာ မှု များ မြှင့်တင်ရန် ဆောင်ရွက်နေကြရင်း အချို့ကလည်း ထိုသို့ အကူအညီများ ပေးနိုင်ရန် ဆန်ရှင်းကို ရုတ်သိမ်းပေးဖို့ ပြောလာကြ၍ နိုင်ငံတကာ၏ သဘောထားသည် ရှုပ်ထွေး လာရသည်။

 

စစ်အုပ်စုကလည်း ထိုသို့ ဖြစ်လာနေသည်ကို သိမြင်လာ၍ တဖြေးဖြေး နှင့် ၎င်းတို့ဖက်ပါလာပြီး ပုံမှန် ပြန် ဆက်ဆံလာကြမည်ဟု ယူဆလာသည်။ ၎င်းတို့ဖက်က နိုင်ငံတကာ မှ ထိုသို့ ဖြစ်လာရန် တတ်နိုင်သမျှ အယောင်ဆောင်ပေးဖို့သာ လိုအပ်သည်။

 

ယခုအခါ မြန်မာ သည် လမ်းဆုံ လမ်းခွ ရောက်နေခြင်း မဟုတ်၊ စစ်တပ်သည် အကြောက်တရား၊ ဥပဒေကို လက်တလုံးခြား လှည့်စား၊ စီးပွားရေး မက်လုံးများ ဖြင့် တရားဝင်မှု ကို ဝယ်ယူရန် လုံ့လ ထုတ်လာသည့် အဆင့်ဟု ရှုမြင်ရမည် ဖြစ်သည်။

 

ထို့အတွက် NUG, ERO များ နှင့် ပြည်ပနေ မြန်မာ ပြည်သူများ ပို၍ စည်းလုံးကြရမည့် အချိန်ဖြစ်သည်။ လွတ်မြောက်နယ်မြေ များ တွင် ၎င်းတို့ နှင့် မတူ ကွဲပြားစွာ အုပ်ချုပ်ပြနိုင်ရမည်။

 

နိုင်ငံတကာက အမြဲလို အာရုံ စိုက်နိုင်ရန် ၎င်းတို့၏ ရက်စက် ကြမ်းကြုပ်မှု များအား ထုတ်ဖေါ်တင်ပြ နိုင်ဖို့ ကြိုးစားရမည် ဟု တိုက်တွန်း အကြံပေးသွားသည်။

 

ယခုပင် မိုးကုတ် မြို့လယ် လူစည်ကားချိန် နံနက် ၈ နာရီ အချိန်တွင် ဈေးရှိရာသို့ ပေါင် ငါးရာ ဗုံးများ ဆက်တိုက်ဆိုသလို ကြဲချ တိုက်ခိုက်လာခဲ့ပြီ ဖြစ်သည်။

 

ထိုကဲ့သို့ သော လူမျိုး များသည် မကောင်းဆိုးဝါး များမှ လူအဖြစ် ပြန်လည် မွေးဖွားကြီးပြင်းလာသူ Devil incarnate များ ဖြစ်၍ မိမိတို့အား အုပ်ချုပ်သူ များ အဖြစ် လက်ခံဖို့ နေနေသာသာ လူ့ဘောင်လောက တွင် ဆက်လက် နေရာပေးထား၍ ဘယ်လို မှ မဖြစ်နိုင်လောက်သည့် အနေအထား မျိုး ဖြစ်သည်။

 

လူထုအပေါ် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အရှိန်မြှင့် ကျူးလွန်ရန် ပဉ္စလက် ပြ ပြလာ သည်ကိုပင် နိုင်ငံရေး ပါတီမှ ပုဂ္ဂိလ်ကြီး တဦးက တိုးတက်မှု ကို မြင်လာရပြီ၊ ပုးပေါင်းပါဝင်ကြပါဟု လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်လာသည် အထိ ရူးရူး နှမ်းနှမ်း တွေး ခေါ်လာမှု ကိုလည်း မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်ခဲ့ရသည်။

 

ဆရာ ဗန်းမော်တင်‌အောင် သာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုက လူထု ၏ ရပ်တည်ချက်ကို ထိုမျှ အထိ ပစ္စလက်ခတ် လုပ်လာသူများကို စိတ်ကုဆေးရုံကြီး အတွင်း ပို့ဆောင်၍ အသက်ရှင်နေသမျှ အခန်းတံခါးကိုလည်း သော့ခလောက် အကြီးကြီး ဖြင့် လုံလုံခြုံခြုံ ပိတ်ဆို့ထားနိုင်မှသာ ဖြစ် တော့မည့်ဟု သူ ပြောနေကျ စကား အတိုင်း ရေရွတ်နေမည်သာ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့ကတော့ ၎င်းတို့ ရွေးကောက်ပွဲကြီး မအောင်မမြင် ဖြစ်လာမည့် အရေးကို ထိတ်လန့်တုန်လှုပ်လာနေမှုများ နှင့် အတူ ပြည်သူကို ဖိနှိပ်သွားရန် နည်းလမ်း အမျိုးမျိုး ကြံဆလာနေသည့် လက္ခဏာများပင် ဖြစ်သည်။ ၎င်းတို့ အဖို့ အသက်ဆက်နိုင်ရေးသည် ပြည်သူ ထောက်ခံမှု မလိုအပ် ဘဲ နှင့် ပင် ယခုထိ နေလာနိုင်ခဲ့ပြီ ဖြစ်၍ ပြည်သူကို ရုပ်ပိုင်း ရော စိတ်ပိုင်းပါ နှိပ်ကွပ်ချိုးနှိမ် ၍ ဆက်၍ အုပ်ချုပ် ထားနိုင်လျင် ဖြစ်သည်ဟု ခံယူလာ သည်မှာလည်း အထင်အရှား တွေ့လာရသည်။

 

NUG အနေဖြင့် လွတ်မြောက်နယ်မြေ တခုကို အပီအပြင် ဖွဲ့စည်းပြီး ကောင်းမွန်စွာ အုပ်ချုပ် ထားနိုင်ပြီ ဖြစ် ကြောင်း နိုင်ငံတကာကို အသိပေး နိုင်မှ ဖြစ်ပေတော့မည်။ မိမိတို့၏ ရှေ့လုပ်ငန်းစဉ်များ အတွက်လည်း နိုင်ငံတကာရှိ ထိတ်တန်း သတင်းစာကြီး များ မှ သတင်းထောက် တဦးတလေ ကို ဖိတ်ခေါ်၍ အင်တာဗျုး သဘောမျိုး မပါပါအောင် လုပ်ရပေတော့မည်။

 

ပြည်သူ များ သည် ကမ္ဘာပေါ်တွင် မည်သူမျှ မကြုံခဲ့ရဖူးသည့် ကြီးမားလှသည့် ဖိနှိပ်မှုများကို ကြောက်ရွံ့ခြင်းမရှိဘဲ ရဲရဲဝံ့ဝံ့ တွန်းလှန်နေကြသည်။ 

 

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့က စစ်အာဏာရှင်တို့၏ လက်ဝယ်တွင် နောက်ဆုံး ထွက်သက်ကို ရှူရင်း ၎င်းတို့လက်အောက်တွင် မည်သူမျှ လူပီပီ နေ၍ မရနိုင်ဆိုသည်ကို မီးမောင်းထိုးပြခဲ့ပြီး ဖြစ်၍ လည်း တော်လှန်ရေး မီးရှူးတိုင်အား အပြီးသတ်သည်အထိ ဆက်၍ ထွန်းညှိသွားကြရပေတော့မည်။  

 

ပြည်သူများအား ရန်သူ ဟုပင် မသတ်မှတ်တော့ဘဲ တိရစ္ဆာန် သာသာ သဘောထားနေသူ များအား ၎င်းတို့နှင့် ထိုက်တန်လှသည့် တရားစီရင် နိုင်ခွင့် မလွဲမသွေ ရမှကို ဖြစ်ပေတော့မည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!