ထရမ့်၏ ကုန်သွယ်ခွန် စစ်ပွဲ သည် အမေရိကန် အတွက် အကျိုးများ ဖို့ ရှိလာမည်လော

by Hla Soewai - Aug 10 2025

 

ဒေါ်နယ် ထရမ့်မှ အမေရိကန် တို့၏ "လွတ်မြောက်ရေး နေ့" ဟု ကြေညာပြီး ရက်ပေါင်း ၁၀၀ ကျော်လာပြီး နောက်တွင်မူ ကမ္ဘာကုန်သွယ်ရေး စနစ်သည် ရှင်းလင်း ပြတ်သားစွာ ထွက်ပေါ်လာပြီ ဖြစ်သည်။ ယခုအခါ ကိုယ်ကျိုး စီးပွား ဦးစားပေးသည့် အင်ပါယာ စနစ် တရပ် ဖြစ်လာသည်။

 

ကနေဒါသည် ပါလက်စတိုင်းအား အသိအမှတ်ပြုမည်ဟု ပြင်သစ်၊ အင်္ဂလန် တို့ နှင့် အတူ ရပ်တည်လာခဲ့ခြင်းကြောင့် ထရမ့် အတွက် ပို၍ စိတ်တိုစရာ ဖြစ်လာပြီး ယခုအခါ ကုန်သွယ်ခွန် ၃၅ ရာနှုန်း ချမှတ်ခံရပြီ ဖြစ်သည်။

 

ထရမ့်သည် အမေရိကန်သို့ ကုန်စည် တင်ပို့နေသူများက မျှမျှတတ မရှိဘဲ လိမ်လည်နေကြသည်ဟု ယူဆထားသူ ဖြစ်သည်။ ထို့အတွက် ဇူလိုင် ၃၁ ရက် နေ့တွင် တန်ပြန်သည့် အနေဖြင့် ကုန်သွယ်ရေး ပါတနာ များအား သွင်းကုန်ခွန် ၁၀ မှ ၄၁ ရာနှုန်း အထိ နိုင်ငံပေါ် မူတည်ပြီး ကောက်ခံသွားမည်ဟု ပြောလာခဲ့သည်။

 

ထိုအတောအတွင်း အီးယူ၊ ဂျပန် နှင့် တောင်ကိုရီယား တို့က အမေရိကန် နှင့် ကုန်သွယ်ရေး သဘောတူညီချက် ရရှိခဲ့သည်။ ၎င်းတို့၏ ဈေးကွက်များကို ဖွင့်ပေးပြီး၊ အမေရိကန် တွင် ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ ရင်းနှီးမြုပ်နှံပေးမည် ဆို၍ ကုန်သွယ် ခွန် ၁၅ ရာနှုန်း ဖြင့် ကျေနပ်သွားခဲ့ရသည်။

 

ဤသည်တို့ကို ကြည့်ပြီး အမေရိကန်သည် အနိုင်ရရှိလာနေပြီဟု အတွေးပေါက်လာနိုင်သည်။ ၎င်းတို့၏ သမ္မတ အား ကုန်သွယ်ဖက် အကြီးမားဆုံး နိုင်ငံများကပင် သူ့ အလိုလိုက် အလျော့ပေးလာကြရသည်ဟု ယူဆလာနိုင်သည်။ ဘဏ္ဍာရေး ဈေးကွက်သည်လည်း ထိုသို့ ဖြစ်ပျက်လာမှု အတွက် ၎င်းတို့ အပေါ် သက်ရောက်မှု မရှိ ဟု နေပြနိုင်ခဲ့ပြီး စီးပွားရေး ဖက်တွင်လည်း မဆိုသလောက်သာ ထိခိုက်မှု ရှိလာခဲ့သည်။ သွင်းကုန်ခွန် မှ ရသော ဝင်ငွေများကလည်း တလိမ့်လိမ့် နှင့် စီးမျော ဝင်ရောက်လာကြသည်။

 

ဤသည်တို့ကို ကြည့်ပြီး ယူဆမည်ဆိုက အနိုင်ရသွား ပြီဟု ယူဆမည်ဆိုလျှင် လုံးဝ မှားယွင်းသွားပေလိမ့်မည်။ ပွဲက မပြီးသေး၊ ပြီးလျှင်လည်း အမေရိကန် တို့ အနိုင်ရနိုင်စရာ မရှိ။

 

Yale တက္ကသိုလ် ဘတ်ဂျက် သုတသေန ဌာန ၏ တွက်ချက်မှု များအရ အမေရိကန် ပြည်သူတွေ သွင်းကုန်များ အတွက် ပေးဆောင်ရမည့် ပျမ်းမျှ အခွန် နှုန်းသည် ၁၈ ရာနှုန်း အထိ ဖြစ်လာမည် ဟု ဆိုသည်။ ပြီးခဲ့သည့် နှစ်ထက် ရှစ်ဆခန့် မြင့်တက်လာပြီး ၁၉၃၀ ကမ္ဘာစီးပွားပျက်ကပ်ကြီး မဖြစ်မီ ကာလ နှင့် အတူတူ လောက် ပြန်ဖြစ်လာခဲ့သည်။

 

MAGA တို့ကတော့ ကုန်သွယ်‌ ရေး ပါတနာ များက တိုး လာသော သွင်းကုန်ခွန်များ ကို ပေးချေကြရတော့မည် ဖြစ်ပြီး အမေရိကန် အတွက် တလလျှင် ဒေါ်လာ ၃၀ ဘီလီယံ ရလာနေ၍ ထရမ့်၏ အောင်ပွဲဟု ကြွေးကြော်နေကြသည်။ ထိုသို့ ယူဆနေမှုသည် အမေရိကန် ပြင်ပ သို့ပင် ကူးစက်လာနေခဲ့သည်။ အီးယူ ဖက်က ၎င်းတို့ ပေးကြရတော့မည်ဟု ဝမ်းနည်း ပက်လက် ပြောဆိုလာကြသည်။

 

ဤသည်ကပင် ကုန်သွယ်စီးပွားရေး စနစ်ကို အခြေခဲကျကျ နားမလည် ခြင်းကို ပြဆိုနေသည်။ မည်သည့်အခါ မှ ကုန်သွယ် ခွန် ကြောင့် ပစ္စည်းရောင်းချသူများကို ဝယ်ယူသူများ လောက် ထိခိုက်ခဲ့ဖူးသည် မရှိ၊ သမ္မတ က အခွန် နှုန်း တိုးလေ နိုင်ငံသားများ အဖို့ ဈေးသက်သက်သာသာ နှင့် ရွေးချယ် ဝယ်ယူ နိုင်ခွင့် ဆုံးရှုံးသွားလေလေ ပင် ဖြစ်သည်။

 

နိုင်ငံခြားမှ ကုန်ပစ္စည်းပေးသွင်းသူများသည် ထရမ့်၏ ယခင် သက်တမ်း အခွန်စည်းကြပ်မှုတုန်းကထက် အခု ပိုပြီး ဈေးနှုန်းတွေ လျှော့ချပေးနေ‌ သော်လည်း၊ Goldman Sachs ၏ လေ့လာဆန်းစစ်သူများ တွက်ချက်ထားမှုအရ အခွန်‌ ကြောင့် မြင့်တက်လာသည့် ကုန်ကျစရိတ် စုစုပေါင်း၏ ငါးပုံလေးပုံ (၄/၅) ကို အမေရိကန် သွင်းကုန် ကုမ္ပဏီများနှင့် စားသုံးသူတွေကသာ ခံနေရဆဲ ဖြစ်သည်။

 

Ford, GM ကဲ့သို့ ကားကုမ္ပဏီများသည် အခွန်ကြောင့် ယခုနှစ် ဒုတိယ လေးလ ပတ် အတွင်းဒေါ်လာ သန်း ၈၀၀ မှ ၁,၁၀၀ အထိ ပို၍ စိုက်ထုတ်ကျခံလာရသည်။

 

စီးပွားရေး နှင့် ဘဏ္ဍာရေး ဈေးကွက်များက အဘယ်ကြောင့် ယခုထိ နှုတ်ဆိပ် နေကြရသနည်း။ IMF က အမေရိကန် နှင့် ကမ္ဘာ စီးပွားရေး တိုးတက်လာမည်ဟု ခန့်မှန်းလိုက်ပြီး၊ စတော့ဈေးကွက် S&P 500 သည် ထရမ့်၏ လွတ်မြောက်ရေးနေ့ အစပိုင်းတွင် ဈေးကျသွားခဲ့သော်လည်း ယခုအခါ ၁၂ ရာနှုန်း ပိုမြင့်တက်လာသည်၊ ဒေါ်လာတန်ဖိုးသည်လည်း အတက်အကျရှိခဲ့‌ သော်လည်း ပြီးခဲ့သည့် အပတ်များ အတွင်း ပြန်ပြီးအားကောင်းသည့် အခြေအနေမှာ ရှိနေဆဲဟု ဖေါ်ပြထားသည်။

 

ထိုသို့ ဖြစ်ခဲ့ရသည့် အကြောင်းများစွာ ရှိနေသည်။ အခွန် နှုန်းထား အသစ် မသက်ရောက်ခင် ကုန်စည်များကို အကြီးအကျယ် စုဆောင်းသိုမှီ ထားခဲ့သည်။ ယာယီ သက်သာရာ သက်သာကြောင်း သာ ဖြစ်သည်။ နောက်တချက်က AI နှင့် ပတ်သက်၍ စုပြုံ ရင်းနှီး မြုပ်နှံလာကြခြင်းကြောင့် GDP သည် ထူးထူးခြားခြား မြင့်တက်လာခဲ့ရသည်။ ထို့အတွက်ကြောင့်လည်း စတော့ဈေးကွက် သည် မာ နိုင်ခြင်း ဖြစ်သည်။ ရင်းနှီးမြုပ်နှံသူ များကလည်း ကုမ္ပဏီ သည် ကုန်သွယ်ခွန်ကို ကျားကန် ပေးနိုင် လိမ့်မည်ဟု ယုံကြည်ထားကြသည်။ နောက်တကြောင်းက သမ္မတ သည် နောက်ဆုံးတွင် ကြောက်ချီးပန်း သွားလိမ့်မည်ဟု ထင်နေကြသော်လည်း ၎င်းတို့၏ လုပ်ရပ်များကြောင့် ပို၍ ရဲတင်းလာခဲ့သည်။

 

အမေရိကန် စားသုံးသူ များ အဖို့ တန်ဖိုး ကြီးကြီး ပေးဆပ်ကြရတော့မည် ဖြစ်သည်။ ယခင်က ပြည်တွင်း ပြည်ပမှ အပြိုင်အဆိုင် ရောင်းချလာကြ၍ ပစ္စည်းများသည် ရွေးစရာ များပြီး ဈေးနှုန်းသင့်တင့်စွာဖြင့် လိုချင်သည့် ပစ္စည်းကို စိတ်ကြိုက် ဝယ်ယူခွင့် ရခဲ့ကြသည်၊ နောက်ပိုင်းတွင် တော့ ၎င်းတို့အဖို့ ရွေးချယ်နိုင်မှု နည်းပါးလာပြီး ဈေးနှုန်းများ မြင့်တက်လာတော့မည် ဖြစ်သည်။

 

ယခုအခါ ကုမ္ပဏီ တခု အောင်မြင်ဖို့သည် တီထွင် ဆန်းသစ် နိုင်မှု တည်း နှင့် မလုံ‌ လောက်တော့၊ ကုန်သွယ်‌ ရေး စည်းမျဉ်း နှင့် ‌ဥပဒေ ဆိုသည့် စနစ်ကိုလည်း မည်သို့ ကျွမ်းကျင်စွာ ကိုင်တွယ် ကစားသွားတတ်ဖို့ လိုအပ်လာသည်။

 

ထိုသို့ လုပ်တတ်ကိုင်တတ် သွားသည့် ကုမ္ပဏီ များသည် ယခင် အနေအထား အတိုင်း ပြန်သွားကြတော့မည် မဟုတ်၍ ratchet effect ခေါ် နောက်ပြန်လှည့်၍ မရပဲ တဖက်တည်းသွား လမ်းကြောင်း တခုလို ဖြစ်သွားမည်ကို သတိရနေဖို့ လိုသည်။

 

နောက်တက်လာမည့် သမ္မတ သည် သွင်းကုန်ခွန်များကို အရင်နှုန်း အတိုင်း ပြန်ထားပေးမည် ဆိုလာသည့် တိုင် သွင်းကုန်ခွန်များ မြှင့်တင်ထားခြင်းဖြင့် အကာအကွယ် ရနေသော ကုမ္ပဏီများသည် ထိုသို့ မလုပ်ရန် အပြင်းအထန် လော်ဘီ လုပ်လာကြပေတော့မည်။ ထိုအခါ တွင် ကမ္ဘာဈေးကွက်တွင် အရည်အသွေး နှင့် တီထွင် ဆန်းသစ်မှု များ လျော့ပါးလာသည့် အမေရိကန် ကုန်ပစ္စည်းများ ယှဉ်ပြိုင်နိုင်စွမ်း ‌လျော့ကျသွားတော့မည် ဖြစ်သည်။

 

(၂၀၂၅ ဩဂုတ်လ ၁ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော် ဖြစ်သော "Donald Trump thinks he’s winning on trade, but America will lose" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)