ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(45)

by Hla Soewai - Aug 10 2025

ကလော့ဒ် က သံအမတ်ကြီး ရဲ့ ရဟတ်ယာဉ် နဲ့ နာရီပိုင်း အလိုလေး မှာ ထွက်လာခဲ့ရတာ ဟု ပြောရင်း သက်ပြင်းတချက် ချလိုက်ပြီး အဲ့ဒီ့နေ့ကိုတော့ ဘယ်လိုမှ မေ့လို့ရမှာ မဟုတ်တော့ဘူး ဟု ပြောသည်။ အဲ့လို လုပ်နိုင်ဖို့ အကြာကြီး စောင့်နေခဲ့ကြရတယ်၊ လေယာဉ် နဲ့ ထွက်သွားနိုင်တာ ခင်ဗျား တို့ အသုပ်က နောက်ဆုံးပဲ၊ နောက်ပိုင်း မရိမ်းတွေက ရဟတ်ယာဉ် တွေနဲ့ ရောက်လာပြီး လေဆိပ် နဲ့ သံရုံးမှာ ကျန်နေတဲ့ လူတွေ ကို ခေါ်ထုတ်သွားရတယ်။

 

Air America ကတောင် ကယ်ဖို့ ရဟတ်ယာဉ် တွေ လွှတ်ပေးခဲ့ရတယ်။ ပြဿနာက မြို့မှာ ရှိတဲ့ လူတိုင်းလိုလိုက ကျုပ်တို့ ရဟတ်ယာဉ် တွေ ဆင်းဖို့ သတ်မှတ်ထားတဲ့ တိုက်ခေါင်မိုးတွေ ပေါ်က လျို့ဝှက် နေရာတိုင်းကို သိနေကြတာပဲ။ ဖြစ်ချင်တော့ ကျုပ်တို့ဖက်ကလည်း ခေါင်မိုး ပေါ် က ရဟတ်ယာဉ် ဆင်းမယ့် နေရာတွေ မှာ ရေးထားတဲ့ နံပတ်တွေကို ဆေးပြန်သုတ်ဖို့ ဗီယက်နမ် အမျိုးသမီးတွေ အလုံအလောက် ခေါ်မထား မိပြန်ဘူး။

 

အခြေအနေက နင်လား ငါလား ဖြစ်လာတော့ ဆင်းမယ့် တိုက်တွေ ရှိတဲ့ နေရာကို လူအုပ်ကြီးက ဝိုင်းထားပြီးပြီ၊ ရဟတ်ယာဉ် ရှိရာ ကို သွားဖို့ ရှိတဲ့ လူတွေ မသွားနိုင်အောင် ဖြစ်ကုန်တယ်။ လေဆိပ်မှာလည်း အဲ့ဒီ အတိုင်းပဲ၊ ဝင်လို့ကို မရတော့ဘူး၊ သင်္ဘောဆိပ်‌ တွေ ဖက်လည်း သွားလို့ မရတော့ဘူး။သံရုံးကို ထောင် ချီတဲ့ လူအုပ်ကြီးက ဝိုင်းထား‌ တော့ အဲ့ဒီကို လာနေတဲ့ ဘတ်စ်ကားတွေလည်း ဝင်လို့မရ၊ ဝိုင်းထားတဲ့ လူအုပ်ကြီးကလည်း သူတို့မှာ ရှိတဲ့ စာရွက်စာတမ်းတွေ ဝှေ့ရမ်းပြနေကြတယ်။ လက်ထပ်စာချုပ်‌တွေ၊ အလုပ်အကိုင်အတွက် ချုပ်ထားတဲ့ ကန်ထရိုက် စာချုပ်တွေ၊ စာတွေ၊ အမေရိကန် နိုင်ငံကူး လက်မှတ်တွေကော၊ စုံရောပဲ။

 

ပါးစပ်ကလည်း ကျွန်တော် ဘယ်သူသိပါတယ်၊ ဘယ်ဝါ သိပါတယ်၊ မေးကြည့်ပေးကြပါ ‌လို့ အော်ဟစ်နေကြတယ်။ ကျွန်မက အမေရိကန် နိုင်ငံသား နဲ့ လက်ထပ်ထားတဲ့လူပါ ဆိုတာလည်း ပါသေးတယ်၊ အဲ့ဒီ အချိန်မှာ ဘာစကားမှ အရာမဝင်တော့ဘူး၊ မရိမ်းတွေက အုတ်တံတိုင်း ပေါ်ကနေ တက်လာတဲ့ လူမှန်သမျှ ပြန်တွန်းချ ကုန်ကြပြီ။

 

အနားကို အတော်လေး ကပ်သွားပြီး မရိမ်းတယောက်ရဲ့ လက်ထဲ ဒေါ်လာ တထောင်လောက် လှမ်းပေး နိုင်မှ ဆွဲတင်ခံရတာ၊ ကျုပ်တို့လည်း အုတ်တံတိုင်း နဲ့ ဂိတ်တံခါးမ ဖက် မကြာမကြာ ဆိုသလို သွားကြည့်ပြီး ကိုယ့်ဆီမှာ လုပ်ခဲ့ဖူးတဲ့ လူတွေ့ရင် လက်ညိုးထိုးပြပြီး ခေါ်သွင်းခိုင်းရတယ်။ ဒါတောင်မှ ဒီလူတွေ ဂိတ်နား အတော်ကြီး ကပ်လာနိုင်မှ မရိမ်းတွေက တံခါးကို ဟ ပေးပြီး အထဲဆွဲသွင်းလိုက်နိုင်တာ၊ တခါတခါ ကိုယ်သိတဲ့ လူတွေ လူအုပ်ကြားထဲ လှမ်းတွေ့လိုက်ရလို့ လက်ပြပြီး အနားရောက်အောင် လာဖို့ ခေါ်လည်း ရောက်မလာနိုင်တာ ရှိသေးတယ်။ရှေ့မှာ ရောက်နေတဲ့ ဗီယက်နမ်တွေက နောက်က ရောက်နေတဲ့ ဗီယက်နမ်တွေကို ဖယ်မပေးကြဘူး။

 

အဲ့ဒီတော့ ကျွန်တော်တို့က မြင်တော့ လက်ပြ၊ ကျွန်တော်တို့ လက်ပြတာ မြင်တော့ သူတို့က ပြန်ပြ၊ ကျွန်တော်တို့လည်း အကြာကြီး ရပ်မနေနိုင်တော့ ထားခဲ့ရတာပဲ၊ ဘုရားသခင် ကျေးဇူးတော်ကြောင့် သူတို့ ဆီက လှမ်းအော် ခေါ်နေတဲ့ အသံတွေ မကြားရတာ၊ ကျုပ်လည်း အထဲပြန်ဝင်ပြီး သောက်နေလည်း စိတ်တော့ မချမ်းသာပါဘူးဗျာ၊ ဒီကြားထဲ ရေဒီယို စကားပြောစက်ကနေ့ ကျွန်တော်ကို ကယ်ပါ၊ ကျွန်တော် စကားပြန် တယောက်ပါ ‌လို့ ပြောနေတာလည်း ကြားရတယ်၊ ဒီလိပ်စာမှာ ရောက်နေတဲ့ စကားပြန်ကြီးပဲ အယောက် ခုနှစ်ဆယ်လောက် ရှိတယ်။ ကယ်ထုတ်ပေးပါ လို့ ပြောနေတာမျိုး၊ ကျွန်တော်တို့ ဒီဝင်းထဲမှာ အယောက် ငါးရာလောက် ပိတ်မိနေလို့ လာကယ်ထုတ်ပေးဖို့ လှမ်းပြောနေတာလည်း ကြားရတယ်၊ ကုန်လှောင်ရုံထဲမှာ လူ နှစ်ရာ လောက် ရောက်နေတယ်၊ ခေါ်ထုတ်ပေးကြပါ၊ စီအိုင်အေ ဟိုတယ်ထဲ မှာ လူတရာ လောက် ရှိနေတယ် လို့ အော်ပြောနေတဲ့ အသံတွေ။

 

နောက်ဆုံး ဘာဖြစ်လဲ၊ တယောက်ကိုတောင် ကယ်ထုတ်မပေးနိုင်ခဲ့ဘူး၊ ကျုပ်တို့ဖက်က ဘယ်နေရာ ကို အရောက်သွားပြီး စောင့်နေပါလို့ပဲ ပြောနိုင်တယ်။ ကျုပ်တို့ ပြောထားတဲ့ နေရာတွေမှာ ရှိနေတဲ့ လူတွေကို လှမ်းမေးကြည့်တော့ တယောက်မှ ပေါ်မလာဘူး လို့ အကြောင်းပြန်တယ်၊ ကျုပ်ကလည်း မောင်ရင်တို့ စောင့်မနေနဲ့၊ ထားခဲ့လိုက်တော့၊ သံရုံးကိုသာ အရောက်လာခဲ့လို့ ပြောလိုက်ရတယ်။

 

မြို့ပြင်မှာလည်း လူတွေ ရှိနေသေးတယ်၊ နိုင်ငံတဝှမ်း ရှိနေတဲ့ ကျုပ်တို့ အေးဂျင့်တွေကလည်း သူတို့ကို ကယ်ထုတ်ပေးဖို့ ပြောနေကြတယ်။ ကျွန်တော် ကန် ထော မှာ ရောက်နေပါတယ်၊ ဗီယက်ကောင်း တွေ ကပ်လာကုန်ပြီ၊ ခင်ဗျားတို့ ကျွန်တော်ကို ဦးမင်း တောထဲ ပစ်ထားခဲ့တယ်၊ ကျွန်တော် ဘာလုပ်ရမှာလဲ၊ ကျွန်တော့် မိသားစု ကိုကော၊ ဒီလို လူတွေ အတွက် က ကယ်ထုတ်ဖို့ ဘယ်လိုမှ အခြေအနေ မပေးဘူး၊ သူတို့ မပြောနဲ့ သံရုံးထဲ ရှိနေတဲ့ လူတွေတောင် အခွင့်အရေး မရတဲ့ လူတွေ ရှိတယ်။

 

ကျုပ်တို့ ထောင်ပေါင်းများစွာကို ကယ်ထုတ်ပေးခဲ့တယ်။ နောက်ဆုံး ရဟတ်ယာဉ် ပျံတက်သွားတဲ့ အချိန်မှာ လူ လေးရာ လောက် သံရုံး ဝင်းထဲမှာ ကျန်နေခဲ့တယ်၊ ကျုပ်တို့က သူတို့ကို တိုးတိုးဝှေ့ဝှေ့ မလုပ်ဘဲ စနစ်တကျ နဲ့ အတန်းလိုက် နေပြီး စောင့်နေ ပြန်လာခေါ်မယ် ပြောခဲ့ရတယ်၊ နောက်ဆုံး တော့ တယောက်မှ ကို ခေါ်မထုတ် နိုင်ခဲ့ပါဘူး ဗျာ။

 

ဆက်ပြောလို့ ရအောင် ထပ်ငှဲ့ပေးဦးဗျာ၊ ကျေးဇူးပဲ ဗိုလ်ချုပ်ကြီးဟု ပြောရင်း သူ့မျက်လုံးကို ပွတ်လိုက်ပြန်သည်။ ကျုပ် နောက်ပိုင်း ပြောမှာ တွေကတော့ ကျုပ် နဲ့ ဆိုင်တဲ့ အကြောင်းတွေပဲ၊ ခင်ဗျားတို့ကို လေဆိပ်လိုက်ပို့ပြီး ကျုပ်နေတဲ့ အိမ်ကြီးဆီ ပြန်လာပြီး တရေးတမော အိပ်လိုက်သေးတယ်၊ 

 

ကင် ကိုလည်း မနက်စောစော အာရုံတက်တာနဲ့ လာခဲ့ဖို့ ပြောထားပြီးပြီ၊ သူက သူ့မိသားစု သွားခေါ်နေတာ၊ ခြောက်နာရီ၊ ခြောက်နာရီ ဆယ့်ငါး၊ ခြောက်နာရီခွဲ၊ အဲ့ဒီကနေ ခုနှစ်နာရီ ဖြစ်လာတယ်၊ ချိဖ်က ကျုပ် ဘယ်ရောက်နေလဲလို့ လှမ်းမေးနေပြီ၊ ကျုပ်က သူ့ကို ခုနှစ်နာရီ ဆယ့်ငါး၊ ခုနှစ်နာရီခွဲ၊ နောက်ဆုံး ရှစ်နာရီ အထိ ဝေ့လည် ကြောင်ပတ် လုပ်ထားခဲ့တယ်။

 

နောက်ဆုံး ချိဖ်က အားလုံး သံရုံးကို ခုချက်ခြင်း အရောက်လာလို့ အမိန့်ပေးလာတယ်၊ ကျုပ်ကလည်း ဒီ ချိဖ် ဆိုတဲ့ ဟန်ဂေရီ ကောင် ကို သောက်ဂရု စိုက်မနေတော့ဘူး၊ သေနတ်ကို ဆွဲထုတ်ပြီး ကား နဲ့ ကင် ကို မြို့ထဲ ပတ်ရှာလိုက်တယ်၊ နေ့ဖက် ထုတ်ထားတဲ့ ကာဖြူးကိုလည်း သတိမရတော့ဘူး၊ လူတိုင်းလည်း အပြင်ရောက်‌ နေကြပြီး ဟိုပြေးဒီပြေးနဲ့ ဖြစ်ကုန်ပြီ၊ ကားနဲ့ လမ်းပေါ်က လူအုပ်ကြား မနည်း ဖြတ်မောင်းနေရတယ်။

 

ဒီလိုနဲ့ မြို့စွန်ဖက်ရောက်တော့ တိတ်တိတ်ဆိပ်ဆိပ် ဖြစ်လာတယ်၊ ဘာမှ မဖြစ်သလို ပုံမှန်ပဲ၊ ကင် ရဲ့ အိမ်နီးချင်းတွေ ကို တောင် တွေ့ခဲ့ရတယ်၊ သူတို့က ကွန်မြူနစ် အလံတွေ လွှင့်ထားကြပြီ၊ ပြီးခဲ့တဲ့ အပတ်ကထိ တောင် သူတို့ ခင်ဗျားတို့ အလံကို ထောင်ထားကြသေးတယ်။

 

ကျွန်တော်က ကင် ဘယ် မှာ ရှိလဲလို့ မေးလိုက်တယ်။ သူတို့က ယန်ကီးတွေရဲ့ ကြက်မ ဘယ်ရောက်နေလဲ ဆိုတာ မသိဘူး လို့ ပြောလာတယ်၊ ကျုပ်လည်း ပါလာတဲ့ သေနတ် နဲ့ တန်းစီခိုင်းပြီး ပစ်သတ်ချင်တာ လက်ကို ယားနေတာပဲ၊ လမ်းပေါ်က လူတိုင်း ကျွန်တော်ကို ဝိုင်းကြည့်ကုန်ကြပြီ၊ ကြာကြာဆက်နေရင် သူတို့ထဲက ဗီယက်ကောင်း တကောင် ထွက်လာပြီး ကျုပ်ကို ပြန်ပေးဆွဲသွားမှာလည်း စိုးရိမ်ရသေးတယ်။

 

ဒါနဲ့ ကျွန်တော်လည်း အိမ် ပြန်မောင်းလာခဲ့တယ်။ နာရီ ကြည့်လိုက်တော့ ဆယ်နာရီ ထိုးနေပြီ၊ အိမ်မှာလည်း ကင် ကို မတွေ့ရဘူး၊ ကျုပ်လည်း ဒီထက်ကြာကြာ ဆက်မစောင့်နိုင်တော့ဘူး၊ ဒါနဲ့ ကျုပ်လည်း ကားထဲ ပြန်ထိုင်ပြီး ငိုချလိုက်မိတယ်၊ ကျုပ် နှစ် သုံးဆယ်လုံးလုံး မိန်းကလေး တယောက်အတွက် နဲ့ မျက်ရည် မကျခဲ့ဖူးတာတော့ အမှန်ပဲ။