အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။
11. INVESTIGATE
အကြောင်းအရာတွေကို ကိုယ့်ဖာသာ သုံးသပ် စဉ်းစားပါ။ ဆောင်းပါးရှည်ကြီးတွေကို အချိန်ယူ ဖတ်ပါ။ ဂျာနယ် သတင်းစာတွေကို လစဉ် ကြေး သွင်း၍ ဖတ်ပါ။ အင်တာနက် တွင် ပါရှိလာသော အကြောင်းအရာ အချို့သည် သင့်ကို ဘေးဥပဒ် ဖြစ်စေနိုင်သည်။ ဝါဒ ဖြန့်ချီနေသည်များကို စုံစမ်း ဖေါ်ထုတ်တတ်သည့် ဝက်ဆိုဒ်များ ကို သိရှိအောင် လေ့လာပါ။ အခြားလူများ နှင့် ဆက်သွယ် ပြောဆို ရေးသား မှု များ အတွက် တာဝန်ယူပါ။
အမှန်တရား ဆိုသည်က ဘာကို ဆိုလိုသနည်း။ တခါတရံ တွင် လူများက မသိရပဲ ဘာမှ လုပ်ရန် ဆန္ဒ မရှိသည့် အခါမျိုးတွင် ထိုမေးခွန်းမျိုးကို မေးတတ်ကြသည်။ အရာရာ ကို သံသယ စိတ်ဖြင့် ရှုမြင်တတ်ခြင်းအား ခေတ်မီ ပြီး အများ နှင့် မတူ ဟု ခံယူမိလာသော်လည်း တချိန်တည်းမှာပင် ကျွနုပ်တို့အား လျစ်လျုရှူ မှု နွံအိုင်ကြီးထဲသို့ နစ်မြုပ်သွားရန် ဆွဲခေါ် သွားစေနိုင်သည်။
အချက်အလက်များကို စီစစ် နိုင်စွမ်း ရှိမည် ဆိုက လူ ပုဂ္ဂိုလ် တဦးချင်းစီ အဖြစ် ပေါ်လွင်စေမည် ဖြစ်သလို အများ လက်ခံထားသည့် အသိပညာ များကို အတူတူ ယုံကြည်ကြခြင်းဖြင့် လူ့အဖွဲ့အစည်း တခု အဖြစ် ပုံဖေါ်ပေးလာမည် ဖြစ်သည်။ အချက်အလက်များ မှန်ကန်မှု ရှိမရှိ စုံစမ်းစစ်ဆေးသူသည် အချက်အလက် များ တည်ဆောက် ပေးမည့် နိုင်ငံသား တဦး လည်း ဖြစ်သည်၊ ထိုသို့ စုံစမ်းစစ်ဆေးလာသူများကို မနှစ်မြို့ တတ်သည့် ခေါင်းဆောင်သည် နိုင်လိုမင်းထက် အုပ်ချုပ်လိုသည့် အာဏာရှင် သာ ဖြစ်ပေမည်။
၂၀၁၆:တွင် အမေရိကန် သမ္မတ အဖြစ် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းသည် "အမေရိကန် မီဒီယာ တွေ မရိုးသားကြတာ မယုံကြည်နိုင်လောက်အောင်ဘဲ" ဟု ရုရှား ဝါဒဖြန့်ချီရေး မီဒီယာ တခု ကို ပြောခဲ့ ဖူးသည်။ သတင်း ထောက် အများအပြား ကိုလည်း ၎င်း၏ မဲဆွယ် ပွဲများသို့လည်း တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။ လူထု အားလည်း ဂျာနယ်လစ်များ ကို မုန်းတီးစိတ် ဝင်အောင် အမြဲလို လှုံ့ဆော်ပေးခဲ့သည်။
အာဏာရှင် အစိုးရများ၏ ခေါင်းဆောင်များ ကဲ့သို့ပင် ဝေဖန်မှု များကို ဟန့်တား နိုင်ရန် လွတ်လပ်စွာ ပြောဆိုခွင့် ကို ဥပ ဒေ ဖြင့် ပိတ်ဆို့သွားမည်ဟု ကတိပေးခဲ့သည်။ သမ္မတ ဖြစ်လာသည့် အခါ ၎င်း သဘော မတွေ့သည့် အချက်အလက်မှန်သမျှ အား "လိမ်သည်" ဆိုသော စကားကို သုံးလာခဲ့သည်။ ဂျာနယ်လစ်များ အားလည်း ဟစ်တလာ နှင့် နာဇီတို့ ကဲ့သို့ပင် "လူထု၏ ရန်သူများ" ဟု ခေါ်ဝေါ် သမုတ်လာခဲ့သည်။ နာဇီ တို့က lugenpresse ဟု ပြောသည့် နေရာတွင် ၎င်းက fake news ဟု ပြောလာသည်။
ထိုသမ္မတသည် အင်တာနက် နှင့်လည်း တရင်းတနှီး ရှိသူ ဖြစ်၍ လူ သန်း ပေါင်း များစွာထံ မမှန်မကန် သတင်း အချက်အလက် များ ဖြန့်ချီရာ ဌာနကြီး ဖြစ်လာခဲ့သည်။
၁၉၇၁ တွင် နိုင်ငံရေး သိပ္ပံ ပညာရှင် ဟန်နာ အာရင့်သည် ဗီယက်နမ် နှင့် ပတ်သက်ပြီး အစိုးရ၏ လိမ်လည် ပြောဆိုနေမှု များကို ကြည့်၍ လွတ်လပ်သော လူ့အဖွဲ့အစည်း တခုတွင် အချက်အလက်များ၏ ရှိရင်းစွဲ အမှန်တရား စွမ်းပကား ဖြင့် အလိမ်အညာများကို ကျော်လွှားနိုင်မည်သာ ဖြစ်သည်ဟု ဖြေသိမ့်ခဲ့ဖူးပေသည်။
"ပုံမှန် အနေအထား တွင် လိမ်ညာမှု များကို ပကတိ အမှန်တရားက အောင်ပွဲရစမြဲ ဖြစ်သည်။ မည်သည်နှင့်မျှ အစားထိုးစရာ မရှိ၊ အတွေ့အကြုံ ရှိပြီးသား လိမ်ညာသူ တဦးသည် ၎င်း၏ မုသာဝါဒ များကို မည်မျှ ကြီးမားသော တစ်ရှူးစ ကြီး ဖြင့် ဖုံးကွယ်စေကာမူ ကာမိသည် ဟူ၍ မရှိ၊ မကျေနပ်၍ ကွန်ပြူတာ ကို အသုံးချ ခဲ့ စေကာမူ လိမ်ညာမှု ၏ အတိမ်အနက်ကို ဖျောက်ဖျက် ပစ်၍ မရစကောင်း ဟူ၍ ရေးသားထားသည်။
ဤနေရာ တွင် သူမ၏ ကွန်ပြူတာ နှင့် ပတ်သက်သော အပြောသည် ယခုအခါတွင် မှန်ကန်မှု မရှိတော့။ အမေရိကန်များ အတွက် နှစ်ဖက်မြင် အင်တာနက် ကမ္ဘာသည် လူသားအချင်းချင်း ထိတွေ့မှု ရှိသည် သုံးဖက်မြင် ကမ္ဘာထက် ပို၍ အရေးကြီး နေပြီ ဖြစ်သည်။
တအိမ်တက် ဆင်း လျှောက်သွားသူတဦးသည် မျက်တောင် ပုတ်ခတ် ပုတ်ခတ် နှင့် အံ့အားတသင့် တံခါး လာဖွင့်ပေးသူ အမေရိကန် နိုင်ငံသား တဦး ကို တွေ့ရမည် ဖြစ်သည်။ ၎င်းတို့ အဖို့ကား ဖေ့စ်ဘုတ် ပို့စ်များထဲတွင် အခိုင်အမာ ပြောဆိုထားပြီးဖြစ်သည့် နိုင်ငံရေး အမြင်များကို လူသားစစ်စစ် တဦး နှင့် ပြောဆိုရမည့် အရေး ကို သိလာသော ကြောင့် ဖြစ်သည်။
နှစ်ဖက်မြင် အင်တာနက်ကမ္ဘာတွင် နေ့အလင်းရောင်နှင့် မမြင်နိုင်သည့် (ဆိုလိုသည်က အွန်လိုင်းပေါ်တွင်သာ ရှိသည်) လူမှုအဖွဲ့အစည်းအသစ်တွေ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် ကမ္ဘာအမြင်များ ကို သူ့နည်းသူ့ဟန် ဖြင့် တွေးခေါ်လေ့ ရှိသည့် အုပ်စုများ ဖြစ်ပြီး လှည့်ဖြားမှုများ နောက်ကို အလွယ်တကူ လိုက်ပါတတ်ကြသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်များသည် သတင်းမှားများ၊ ပူးပေါင်း ကြံစည်မှုများနောက် တကောက်ကောက် ပါအောင် လိုက်ရင်း အွန်လိုင်းပေါ်တွင် တချိန်လုံး ရှိနေတတ်ကြသူများလည်း ဖြစ်သည်။
ကျွန်တော်တို့သည် ဂျာနယ် မဂ္ဂဇင်းများ တွင် ရေးသူများ လိုအပ်နေသည်။ သို့မှသာ အကြောင်းအရာ များ သည် စာမျက်နှာများ တွင် ပုံပေါ်လာပြီး ခေါင်းထဲ စွဲ နေမည် ဖြစ်သည်။ ဆိုလိုသည်က ဥပမာ သမ္မတ တယောက်မှ "အမျိုးသမီးများသည် အိမ်မှာသာ ရှိသင့်သည်"၊ ကိုယ်ဝန်ဆောင် ပါက အဆင်မပြေ၊ မိခင် လောင်း များသည် လုပ်ငန်းခွင် တွင် ရာနှုန်းပြည့် မလုပ်နိုင်ကြ၊ ကိုယ်ဝန်ဖျက်ချသည့် အမျိုးသမီးများအား အပြစ်ပေးသင့်သည်။ မိန်းမများသည် "ထုံထိုင်းသူများ" ၊ "ဝက်များ" ၊ "ခွေးများ" ဖြစ်သည်၊ ၎င်းတို့အား ဗလက္ကာရ လုပ်ဖို့ ခွင့်ပြုလား၊ အကယ်၍ သမ္မတ ၏ ကိုယ်ပိုင် လုပ်ငန်းများကို ဘယ်ကမှန်း မသိရသည့် ပြည်ပ မှ ငွေကြေးများ ဖြင့် ပံ့ပိုးထားသည်၊ သူ ကိုယ်တိုင်လည်း ဒေါ်လာ သန်း ရာ ပေါင်းများစွာ ချီ၍ အကြွေးတင်နေသည်၊ အမေရိကန် ရွေးကောက်ပွဲ ကို အနိုင်ရရန် ပြည်ပ မှ အကူအညီ ရဖို့ နားချ စည်းရုံးခဲ့သည်။
ကျွနုပ်တို့သည် ထိုအကြောင်းများကို မီဒီယာ အသီးသီး မှ လေ့လာ သိရှိနိုင် သည်။ ကွန်ပြူတာ၊ ဖုန်း စကရင် များမှ သိရှိလာခဲ့ချိန်တွင် logic of spectacle ဆိုသည့် တကယ် ဖြစ်ပျက်ခဲ့သည်များကို ရုပ်ပုံများ၊ ကိုယ်စားပြုမှု များ နှင့် အစားထိုး ခံရဖို့ ဖြစ်လာရသည်။
ကျွနုပ်တို့သည် အရှုပ်အထွေး တခုကို သိလာသည့် အခါ ထိုကဲ့သို့မျိုး နောက်တခု ကို သိချင်စိတ် နှိုးထလာသည်။ ထိုအကြောင်းအရာများသည် လက်တွေ့တကယ် ဖြစ်ပျက်နေပါလားဟု တွေးဆရမည့် အစား လက်တွေ့ ဖြစ်ပျက်ခဲ့သည်ကို ပြန်ပြီး ပုံဖေါ်ရိုက်ကူးထားသည့် reality show တခုကို ကြည့်နေရသလို မနောဒွါရ က လက်ခံလာကြသည်။
ထိုကဲ့သို့ လက်တွေ့ဘဝ ရုပ်သံဇာတ်လမ်းများသည် တခုထက် တခု ပို၍ ဇာတ်လမ်း သဘော ဆန်လာရပေမည်။
အကယ်၍ အမေရိကန် သမ္မတ တဦးသည် ရုရှား၏ ကော့ဆက်အက ကို ကနေပြီး ဗလာဒီမာ ပူတင်က လက်ခုပ်တီးနေသည့် ဗီဒီယို ဖိုင် တဖိုင်ကို တွေ့လာခဲ့ရလျင် ထိုကဲ့သို့ မျိုး ဝက်ဝံ ဝတ်စုံကြီး ခြုံပြီး ပါးစပ်ထဲတွင် ရူဘဲလ် ငွေများ အထပ်လိုက် ကိုက်ထားပုံ ပါသည့် ဗီဒီယို ဖိုင်ကို ကြည့်ချင်သည်ဟု တောင်းဆိုကောင်း တောင်းဆိုလာနိုင်ပေသည်။
ပုံနှိပ်စာနယ်ဇင်းသမား ကောင်းများ၏ အလုပ်သည် သီးခြားစီဖြစ်နေတဲ့ သတင်းအချက်အလက်အပိုင်းအစလေး များအား စုစည်းပြီး၊ အဆိုပါ သတင်းများ၏ အနှစ်သာရကို ကျွနုပ်တို့ တစ်ဦးချင်းစီနှင့် နိုင်ငံအတွက် မည်သို့ အဓိပ္ပာယ်သက်ရောက်နိုင်သလဲ ဆိုသည်ကို ကိုယ်တိုင်စဉ်းစားသုံးသပ်နိုင်အောင် ကူညီပေးသည်။ မည်သူ မဆို အသင့် ရေးပြီးသား ဆောင်းပါးတပုဒ် ကို ပြန် တင် ရန် လွယ်ကူသော်လည်း ကိုယ်တိုင် သုတေသန လုပ်၍ ရေးသား ဖို့ ဆိုသည်က အချိန် နှင့် ငွေကုန်ကြေးကျ များပြီး ခက်ခဲသည့် အလုပ်မျိုး ဖြစ်သည်။
mainstream media ဟု ခေါ်သော လူအများ အားထား ယုံကြည်ရသော သတင်းဌာန၊ စာနယ်ဇင်း၊ ရုပ်သံလိုင်းများကို လှောင်ပြောင်သရော်ခြင်း မပြုမီ သိထားရမည်က ထိုကဲ့သို့သော မီဒီယာများ မရှိတော့ ဆိုသည်ပင်။ လူများစုကြား ခေတ်စားပြီး လွယ်ကူနေသည်က လှောင်ပြောင်သရော်တာ ဖြစ်ပြီး ခက်ခဲပြီး ရဲဝံ့သည့် အလုပ်သည် စစ်မှန်သော သတင်းစာ ပညာ ဖြစ်သည်။
ဆောင်းပါး ကောင်း တပုဒ် ရေးရန် ကြိုးစားမည် ဆိုက အပြင်လောက နှင့် ထိတွေ့ရတော့မည် ဖြစ်သည်။ ခရီးသွားရမည်၊ တွေ့ဆုံ မေးမြန်းရမည်၊ သတင်းအရင်း အမြစ်များ နှင့် ဆက်ဆံရေး ထိန်းသိမ်းထားနိုင်ရမည်၊ ရှိထားပြီးသား မှတ်တမ်းမှတ်ရာ များကို ရှာဖွေ သုတေသန ပြုရမည်၊ သိထားပြီးသား အရာရာ တိုင်း အား မှန်၏ မမှန်၏ စစ်ဆေး အတည်ပြုရမည်၊ ဆောင်းပါး ရေးသားရမည်၊ ပြန်၍ တည်းဖြတ် ပြင်ဆင်ရမည် အစရှိသည့် လုပ်ငန်းစဉ်များ ပါဝင်သည်။ ထိုသို့သော လုပ်ငန်းစဉ်များအား ပေးထားသည့် တင်းကျပ်သော အချိန်ဇယား အတွင်း အပြီးလုပ်ရပေမည်။ ထိုကဲ့သို့ အလုပ်မျိုးကို လုပ်ရန် သဘောကျ ပါက blog တခု ထားရှိရတော့မည် ဖြစ်သည်။
လောလောဆယ် တွင်မူ အသက်မွေး ဝမ်းကျောင်း အတွက် ထိုကဲ့သို့ အလုပ်မျိုးကို လုပ်ကိုင်နေသူများကို အသိအမှတ် ပြုထားသင့်သည်။ ဂျာနယ်လစ်များသည်လည်း အခြားသော အသက်မွေး ဝမ်းကျောငိး လုပ်ငန်းများ တွင် လုပ်ကိုင်နေကြသူများလိုပင် စင်းလုံးချော အပြစ်ကင်းစင်ကြသူ များ မဟုတ်။ သို့သော သတင်းစာ ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာသူများသည် ထိုကဲ့သို့ လိုက်နာရန် မလိုသည့် အခြား လုပ်ငန်းများ ရှိ လူများထက် အရည်အသွေးအားဖြင့် ဆိုမူ ကွာခြားပေသည်။
ကျွနုပ်တို့သည် ရေပိုက်ပြင်သူများ၊ ကားပြင် မက္ကင်းနစ် များကို အခကြေးငွေ ပေးရမည် ကို လုပ်ရိုး လုပ်စဉ် အဖြစ် ခံယူထားသော်လည်း သတင်းများ ကိုမူ အခမဲ့ ကြည့် နိုင်ရန် တောင်းဆိုကြသည်။ အကယ်၍ ရေပိုက်ပြင်သူ နှင့် မက္ကင်းနစ် တို့အား အခကြေးငွေ မပေးဟု ဆိုက ရေ လည်း သောက်ရမည် မဟုတ်၊ ကားလည်း မောင်း၍ ရတော့ မည် မဟုတ်ပေ။ သို့ဆိုက နိုင်ငံရေး အရ တွေးခေါ် ဆုံးဖြတ်ချက်များအား အဘယ်ကြောင့် ရင်းနှီးမြုပ်နှံ မှု တစုံတရာ မလုပ်ပဲ ချမှတ်သင့်တာလဲ၊ ကျွနုပ်တို့ ပေးသမျှပဲ ရရှိနိုင်မည် ဖြစ်သည်။
(နိုင်ငံရေး အသိပညာ ရှိဖို့ အချိန် ကို ရင်းနှီးမြုပ်နှံပါ။ ဝေဖန် ပိုင်းခြား နိုင်မည့် အတွေးအခေါ် မျိုး ကို ရင်းနှီး မြုပ်နှံပါ၊ နိုင်ငံရေးဟာ လူတိုင်းနဲ့သက်ဆိုင်တယ်ဆိုတာ နားလည်ပါ၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်မဝင်စားဘူး၊ စိတ်မပါဘူးဆိုပြီး ဘာမှမလုပ်ဘဲနေတာဟာ "zero investment" လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုနေခြင်းအားဖြင့် ကိုယ့်ဘဝနဲ့ ကိုယ့်ပတ်ဝန်းကျင်အပေါ် သက်ရောက်လာမယ့် မကောင်းတဲ့အကျိုးဆက်တွေကို ကိုယ်တိုင်ခံစားရမှာ ဖြစ်ပါတယ်။ -ဤသည်က ကြုံကြိုက်၍ ကျွန်တော် အယူအဆကို ထည့်သွင်း ရေးသားခြင်း ဖြစ်ပါသည်)
ကျွနုပ်တို့သာ အချက်အလက်များကို ရှာ ဖွေ အသုံးချတတ်မည် ဆိုလျင် အင်တာနက် မှ တဆင့် အဆိုပါ အချက်အလက်များကို အခြားသူများထံ အလွယ်တကူ ဖြန့်ဝေ ပေးနိုင်သည့် အစွမ်းသတ္တိကို ရရှိနိုင်သည်။ ယင်းသည် လိုလားဖွယ် ကောင်းလှသည့် အားသာချက်လည်း ဖြစ်သည်။
အင်တာနက် ခေတ်ကြီးတွင် ကျွနုပ်တို့ အားလုံးသည် ပုံနှိပ်ဖြန့်ချီနေကြသူများ ဖြစ်၍ ကျွနုပ်တို့ တဦးချင်းစီတွင် အမှန်တရား နှင့် ပတ်သက်ပြီး လူအများ၏ ခံယူချက် အတွက် တာဝန်ကိုယ်စီ ရှိနေကြသည်။ ကျွနုပ် တို့သည် အချက်အလက်များကို ရှာဖွေ ဖေါ်ထုတ်ရန် အလေးအနက် ဆန္ဒရှိသည်ဆိုက တဦးချင်းစီ အနေဖြင့် အင်တာနက် နှင့် ပတ်သက်၍ အသေးစား တော်လှန်မှု တခု ပြုလုပ်ရမည် ဖြစ်သည်။
သင်ကိုယ်တိုင် အချက်အလက်များ မှန်မမှန် စီစစ်ကြည့်တတ်မည် ဆိုလျင် လုပ်ကြံဖန်တီးထားသော သတင်းမျိုးကို အခြားသူများထံ ပေးပို့တော့မည် မဟုတ်။ ယုံကြည်ရလောက်သော သတင်းထောက်များ ရှာတွေ့ထားမည် ဆိုလျင် ၎င်း တို့ သိရှိလာသမျှ ကို အခြားသူများထံ ပေးပို့နိုင်ပေသည်။ သတင်းစာနယ်ဇင်း ကျင့်ဝတ်များကို လိုက်နာ စောင့်ထိန်း တတ်သည့် လူသားစင်စစ်များ၏ ရေးသားထားသည်များကို ပြန်ပြီး ရှယ် မည် ဆိုလျင်သင့် ဦးနှောက်ကို ညံ့ဖျင်းအောင် လုပ်နိုင်သည့် ဘော့တ်များ၊ ထရိုးများနှင့် ဆက်ဆံနိုင်စရာ ရှိတော့မည် မဟုတ်ပေ။
ကျွနုပ်တို့သည် မဟုတ်မမှန်သည့် အကြောင်းများကို ရှယ် မိကြ၍ ထိခိုက်သွားရသည့် လူ တို့၏ စိတ် အခြေအနေကို မြင်နိုင်ကြမည် မဟုတ်၊ ကားတစီး မောင်းသည့် အကြောင်းအရာကိုပင် စဉ်းစားကြည့် နိုင်သည်။ ကျွနုပ်တို့သည် အခြားကားပေါ်ရှိ မောင်းသူကို မြင်ချင်မှ မြင်မိကြပေလိမ့်မည်။ သို့သော် အခြားကား ကို ဝင်မတိုက်မိဖို့ တော့ သတိထားကြသည်။ တိုက်မိလျင် နှစ်ဖက်စလုံး ထိခိုက်ပျက်စီးမည်ကို သိထားကြ၍ ဖြစ်သည်။ တဖက်က ကားမောင်းသူ ကို မမြင်ရပဲနှင့် အကာအကွယ် ပေးခဲ့ကြသည်မှာ တနေ့တနေ့ အကြိမ်အရည် အတွက် ဒါဇင် ပေါင်း များစွာ ရှိခဲ့ပြီး မဟုတ်ပါလား။
အလားတူပင် ကျွနုပ်တို့သည် ၎င်းတို့ ကွန်ပြူတာ ရှေ့ ထိုင်နေကြသော အခြား သူများကို မြင်ချင်မှ မြင်မိကြမည် ဖြစ်သော်လည်း ထိုပုဂ္ဂိုလ်များ ကြည့်နေကြသည့် စကရင် ပေါ်က အကြောင်းအရာများ အတွက် တာဝန်ကိုယ်စီ ရှိနေကြသည်။
အင်တာနက် ပေါ်ရှိ ကျွနုပ်တို့ မမြင်ရသော လူပုဂ္ဂိုလ် များ၏ စိတ်ဝယ် အကြမ်းဖက်လိုစိတ်များ ဖြစ်မသွားအောင် ရှောင်နိုင်ခဲ့မည် ဆိုလျင် အခြားလူများသည်လည်း အလားတူ လုပ်ဖို့ သင်ယူလာကြမည်သာ ဖြစ်သည်။ ထိုအခါတွင် တော့ ကျွနုပ်တို့၏ အင်တာနက် ယာဉ်ကြောကြီး တွင် မတော်တဆ ဖြစ်မှု ကြီး များ အလိုလို ရပ်စဲသွားကြမည်သာ ဖြစ်ပေသည်။