စစ်အုပ်စု သွားရေ ကျ နေယုံ မှတပါး အခြားမရှိ

by Hla Soewai - Aug 10 2025

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ လုပ်ရပ်များကြောင့် လူထု တရပ်လုံးက လက်နက်စွဲကိုင် တော်လှန်လာကြသည့် အကြောင်းရင်း ဇစ်မြစ်ကို မသိကျိုးကျွံ ပြုပြီး ပြည်သူများ အား “အကြမ်းဖက်သမား” များဟု ကင်ပွန်းတပ်ကာ အမြစ်လှန် ချေမှုန်း နိုင်လျှင်ပင် ပြဿနာ အရပ်ရပ် ပြေလည် သွားမည်ဟု ၎င်းတို့ တပ်ကျွမ်း နားလည်ထားသည့် အသိဖြင့် မိုက်မဲစွာ တွေးတော နေကြသူများသာ ဖြစ်သည်။

 

သို့သော် ၎င်းတို့၏ ရည်မှန်းချက်ကား မပေါက်၊ အောင်မြင်ခြင်း မရှိသည်ကို နိုင်ငံရေး နယ်ပယ် တွင် ဉာဏ်နီ ဉာဏ်နက် အမျိုးမျိုး ထုတ်ကာ လူထုအား သပ်လျို သွေးခွဲရန် ကြိုးပမ်းနေရခြင်းကပင် ထင်ရှားနေပေသည်။ နိုင်ငံသားများ လုံခြုံစွာ နေထိုင် နိုင်ရေးကို အာမခံထားသည့် ဥပ ဒေကိုလည်း ရပ် ဆိုင်းလိုက်ကြသည်။ 

 

၎င်းတ်ုအဖို့က လူထု အပေါ် ကျူးလွန်ထားသည့် ပြစ်မှု ပေါင်း များစွာ ဖြင့် ဘုရင်နောင် ဖေါင်ဖျက် ကိန်း ဖြင့် မည်သူမျှ နောက်ပြန်ဆုပ်၍ မရအောင် ရှိသမျှ တံတား အားလုံးကို မီးရှို့ခဲ့ကြသူများ ဖြစ်ဖ၍ အာဏာကို မျက်နှာပြောင်တိုက်ကာ ဆက်၍ ဆုပ်ကိုင်သွားကြမည်သာ ဖြစ်သည်။ လူသား မျက်နှာဖုံး စွပ်၍ မီးရထား ပေါ် လျှောက်သွားနေလည်း ဆေး မရှိတော့။

 

ထို့အတွက် တဖက်တွင် ကျပ်တည်းသည်ထက် ကျပ်တည်းလာသော လူထုသည် ၎င်းတို့၏ ကျွန်ဘဝ နှင့်ပင် နေချင်ပါသည် ဆိုသည့်တိုင် မည်သို့မျှ အေးဆေးစွာ လုပ်ကိုင်စားသောက် နေထိုင်လို့ မဖြစ်တော့သည့် အနေအထားကို ကောင်းစွာ ရိပ်စား မိလာကြပြီး စည်းလုံးသည်ထက်ပင် ပို၍ စည်းလုံးလာနေပြီ ဖြစ်သည်။

 

ကချင် လွတ်လပ်ရေး တပ်တော်၏ အထက်တန်း စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်သည် ကချင် နိုင်ငံရေး အသွင် ကူးပြောင်းမှု ညှိနှိုင်းရေး အဖွဲ့ (KPICT) မှ ကိုယ်စားလှယ် များ နှင့် အတူ ဇူလိုင် ၃၁ တွင် CRPH မှ ကိုယ်စားလှယ်များ နှင့် ဆွေးနွေးခဲ့ကြသည်။

 

ပါဝင်သူ ဦးစည်သူမောင်က ၎င်းတို့သည် တရုတ်ဖိအားပေးမှု များ ခံနေရဆဲ ဖြစ်သော်လည်း ချုပ်ဆိုထား‌ သော သဘောတူ ညီ ချက်အရ မိမိတို့ နှင့် အတူ ဆက်လက်ပူးပေါင်းသွားမည်ဟု ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်ဟု ဆိုသည်။ 

 

အဆိုပါ သဘောတူညီချက်တွင် ကြားကာလ ကချင် ပြည်နယ် ယာယီ အစိုးရ ဖွဲ့စည်းရေး၊ သိမ်းပိုက်နယ်မြေများ တွင် လုံခြုံရေးရာ များ ဆောင်ရွက်နိုင်ရေး တို့ ပါဝင်သည်။

 

အာဏာရှင် စနစ် အဆုံးသတ်ရေး နှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ရည်မှန်းချက်များ ဆက်လက် အကောင်အထည် ဖေါ်သွားမည်ဟု KPiCT မှ ထပ်လောင်း အာမခံသွားသည် ဟု ဆိုသည်။

 

KPICT သည် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း ပြည်ပရှိ ကချင် အဖွဲ့အစည်း ငါးဖွဲ့ နှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

၎င်းတို့နယ်မြေများ အတွင်း စစ်အုပ်စုမှ လာလုပ်မည့် ရွေးကောက်ပွဲ အားလည်း တန်ပြန်နိုင်ရန် စီစဉ် နေသည်ဟု အသိပေးလာခဲ့သည်။

 

ကချင် ‌မြေတွင် တရုတ်စီးပွားရေး အတွက် လွန်စွာ အရေးပါနေသည့် မြေရှားသတ္ထုများ ပိုင်ဆိုင်ထား၍လည်း တရုတ်တို့ အပေါ် နိုင်ကွက်ရနေသည်။

 

၂၀၂၄ အောက်တိုဘာ ၁၈ ရက်နေ့တွင် ပန်ဝ ကို သိမ်းယူ နိုင်ခဲ့မှု ကြောင့် ကေအိုင်အေသည် တရုတ် နှင့် အမေရိကန် ပြီးလျင် ကမ္ဘာတွင် တတိယ အများဆုံး ထွက်ရှိသည့် မြေရှားသတ္တုများ ရှိရာ မြေကြောကြီးကို လုံးဝ အုပ်စီး နိုင်လိုက်ပြီဟု Bloomberg မဂ္ဂဇင်း တွင် ရေးသားထားသည်။ ယင်းနှင့် အတူ ဒေါ်လာ တြီလီယံပေါင်း များစွာ တန်နေသည့် နည်းပညာ ထောက်ပံ့ရေး ကွင်းဆက်ကြီး အတွက် မည်သို့မျှ လျစ်လျုရှူ၍ မရတော့သည့် အနေအထား ဖြစ်လာသည်။

 

ကမ္ဘာတဝှမ်း သန်းပေါင်း များစွာသော လူများ မဖြစ်မနေ သုံးစွဲနေရသည့် ဒိုက်စ်ပရိုစီယမ် နှင့် တာဘီယမ် သတ္ထု များ အလုံအလောက် ထုတ်ပေးနိုင်စွမ်း ရှိနေသည်။

 

သို့သော် ကေအိုင်အေသည့် သတ္ထု သန့်စင်နိုင်စွမ်း မရှိသေးသဖြင့် ကမ္ဘာဈေးကွက်သို့ မလှမ်းနိုင်သေး၍ နိုင်ငံတကာ စီးပွားရေး စားပွဲဝိုင်းတွင် နေရာရလာဖို့ မရှိသေး၊ တရုတ်သည် မြေရှားသတ္ထုတွင် မြန်မာ၏ ဆယ်ဆခန့် ထွက်ရှိနေ၍ ဆက်လက် ဦးဆောင်နေမည်သာ ဖြစ်သည်။

 

ကမ္ဘာပေါ်တွင် လွန်စွာ အရေးပါသည့် သတ္ထု ကို ပိုင်ဆိုင်ထား၍ အားလုံးက မျက်စိကျနေသည်။ ထရမ့်သည် ကချင်ကဲ့သို့ မြေရှား သတ္ထု မထွက်သည့် ဂရင်းလန် ကို ပင် မျက်စိကျနေပြီး၊ အလားတူ ယူကရိန်း နှင့်လည်း အရေးပါသော သတ္ထု တွင်းထွက်များ အတွက် စာချုပ်ချုပ်ဆို လာခဲ့သည်။

 

ကေအိုင်အေ သည် မြေရှားသတ္ထုနှင့် ပတ်သက်၍ မည်သို့မည်ပုံ ရည်ရွယ်ထားသည် ဆိုသည့် အပေါ် ရေငုံ နှုတ်ပိတ်နေဆဲပင် ဖြစ်သည်။ တရုတ်ဖက်ကလည်း ပန်းဝကို သိမ်းပိုက်ခဲ့မှု နှင့် ဗန်းမော်ကို တိုက်ခိုက်နေခြင်းတို့ အတွက် ကေအိုင်အေ ကို မကျေမနပ် ဖြစ်နေသည်။ တရုတ်သည် နယ်ခြား ဂိတ်များကို ပိတ်ပြီး လက်တုံ့ပြန်လာနိုင်ခြေ ရှိသည်။

 

ထရမ့်အစိုးရသည်လည်း ကချင်ကို စိတ်ဝင်စားလာခဲ့သည်။ သို့သော် မြန်မာ မူဝါဒ နှင့် ပတ်သက်၍ ယခင်က အကျွမ်းတဝင် ရှိခဲ့သော အမျိုးသား လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များကို ထုတ်ပယ်ခဲ့သဖြင့် ထရမ်ကို ကောင်းစွာ အကြံမပေးနိုင် ဖြစ်လာနေ၍ သူ့သဘော နှင့် သူ လုပ်ချင်ရာ လုပ်လာနေသည်။

 

အိမ်ဖြူတော်မှ မကြာမီက ထုတ်ပြန်သော ကြေညာချက် တွင် မတရားဖမ်းဆီးထားသူများ အားလုံး လွှတ်ပေးရန်၊ အရပ်သားများ အပေါ် အကြမ်းဖက်နေမှု များ ရပ်တန့်ရန်၊ ပဋိပက္ခ အဆုံးသတ် ရေး အတွက် သက်ဆိုင်သူ အားလုံး နှင့် အတူ ‌ဆွေးနွေးရန် တို့ ပါရှိလာခဲ့သည်။

 

လက်ရှိတွင် အမျိုးသား ညီညွတ်ရေး အစိုးရမှ ၎င်းတို့အား ထောက်ခံရန် တွန်းအားပေးလာနေပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာ သည် ကွန်ဂရက် အမတ်များ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 

ထရမ့်သည် စစ်အုပ်စု၏ လူ့အခွင့်အရေး များ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေမှု များ ကို စိတ်ဝင်စားမည့် လူမျိုး မဟုတ်သော်လည်း တရုတ်နှင့် ဆက်နွယ်ပတ်သက်နေမှု ကိုမူ အာရုံစိုက်လာနိုင်သည်။

 

လောလောဆယ်တွင်တော့ လိမ္မော်ရောင် ပလပ်စတစ် အိပ်ကြီးအိပ်ငယ်နှင့် ထုတ်ထားသော မြေရှားသတ္ထုများ သယ်ဆောင်လာသည့် ထရပ်ကားကြီးများ တရုတ်ပြည်ထဲသို့ အဆက်မပြတ် ဝင်ရောက်နေဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!