လူသား ကွန်ယက်(35)

by Hla Soewai - Aug 10 2025

အကြွေး တခု ကို အဆုံးသတ်ရန်

 

စာဖြင့် ရေးမှတ်ထား‌ သော မှတ်တမ်းမှတ်ရာ များကို နေရာပေါင်းများစွာ တွင် အကြိမ်ပေါင်းများစွာ တီထွင်ခဲ့ကြပြီး ဖြစ်သည်။ အစောဆုံး အဖြစ် နမူနာ ပြရမည် ဆိုလျင် ရှေးခေတ် မက်ဆိုပိုတေးမီယား ဒေသတွင် တွေ့ရမည် ဖြစ်သည်။ King Shulgi of Ur (အာရ် တတိယ မင်းဆက်၏ ဒုတိယ ဘုရင်) နန်းသက် ၄၁ နှစ်မြောက် ဆယ်လပိုင်း၏ (၂၈) ရက် မြောက် နေ့ (ခရစ်တော် မပေါ်မီ ၂၀၅၃/၅၄ ခန့်) က ရေးထိုးခဲ့သော ကျုးနီဖောင်း ကျောက်ပြား တခု ပေါ်တွင် သိုး နှင့် ဆိတ်များ လစဉ် ပေးပို့သည့် စာရင်းကို မှတ်တမ်းတင်ထားသည်။ (ပုံတွင်ရှု)

 

လတလ ၏ ဒုတိယမြောက်နေ့တွင် သိုး ၁၅ ကောင်၊ တတိယမြောက်နေ့တွင် ၇ ကောင်၊ စတုတ္ထနေ့တွင် ၁၁ ကောင်၊ ပဉ္စမနေ့တွင် ၂၁၉ ကောင်၊ ဆဌမ နေ့တွင် ၄၇ ကောင်၊ နောက်ဆုံး နှစ်ဆယ့်ရှစ်ရက်မြောက်နေ့တွင် ၃ ကောင် ဖြစ်ပြီး စုစုပေါင်း ထိုတလ အတွက် ၈၉၆ ကောင် လက်ခံရရှိသည်ဟု ကျောက်ပြားတွင် စာရင်းပြုစုထားသည်။

 

ထိုကဲ့သို့သော စာရင်းဇယားများက နန်းတော်အတွက် လွန်စွာ အရေးပါသည်။ ပြည်သူပြည်သားများ၏ ရိုသေကျိုးနွံမှု ကို စောင့်ကြည့် နိုင်ယုံမက မိမိတွင် အရင်းအမြစ် မည်မျှ ရှိထားသည်ကိုပါ သိနိုင်ပေသည်။ ထိုစာရင်းများကို ဦးနှောက်ထဲ မှတ်ထားဖို့က လွန်စွာ ခက်ခဲနေ၍ စာချွန်တော် တဦး အတွက် ကျောက်ပြားပေါ်တွင် ရေးချ မှတ်သားခြင်းသည် ပို၍ လွယ်ကူသည် မဟုတ်ပါလား။

 

သမိုင်းတလျောက်တွင် ပုံဝတ္ထုများ၊ သတင်းအချက်အလက် နည်းပညာများ ကဲ့သို့ပင် စာဖြင့် ရေးမှတ်ထားသော မှတ်တမ်း မှတ်ရာများသည် လက်တွေ့ အဖြစ်မှန်များကို တကယ်တမ်းတွင် ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပေ။ အာရ် မင်းဆက်လက်ထက် အသုံးပြုခဲ့သော ကျောက်ပြားများတွင်လည်း အမှားများ ‌တွေ့ခဲ့ရသည်။ မှတ်တမ်းတွင် တလ အတွက် သိုးအကောင်ရေ ၈၉၆ ဟု ရေးထိုးထားသော်လည်း ခေတ်သစ် ပညာရှင်များက တခုချင်းစီကို ပေါင်း ကြည့်သည့် အခါ ၈၉၈ ကောင် ဖြစ်နေသည်ကို တွေ့ခဲ့ကြရသည်။ မှတ်တမ်းရေးခဲ့သူသည် တွက်ချက်ရာတွင် မှားယွင်းခဲ့ပုံရသည်။ ကျောက်ပြားပေါ်တွင် တွေ့ခဲ့ရသော အမှားသည် နောင်လာ နောက်သား အဆက်ဆက် တည်တံ့လာခဲ့သည်။

 

သို့သော် မှန်သည် မှားသည် အသာထား၊ ရေးမှတ်ထားခဲ့သော မှတ်တမ်းမှတ်ရာ များသည် လက်တွေ့ အဖြစ်မှန် များကို အသစ်တဖန် ဖန်တီးပေးလာခဲ့သည်။ အိုးအိမ် ခြံမြေ ပိုင်ဆိုင်မှုများ၊ အခွန်အတုတ်များ၊ ငွေပေးချေမှု များ စာရင်းကို ပြုစုခဲ့ခြင်းဖြင့် အုပ်ချုပ်ရေး အဖွဲ့များ၊ ဘုရင့်နိုင်ငံများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ကုန်သွယ်ရေး ကွန်ယက်များ အတွက် စနစ်တကျ ဖြစ်အောင် အလွယ်တကူ ပြုလုပ်ပေးနိုင်ခဲ့သည်။

 

ပို၍ တိတိကျကျ ဆိုရလျင် စာနှင့် ရေးသားထားသည့် မှတ်တမ်းမှတ်ရာ များ ကြောင့် လူအများ၏ စိတ်ထဲတွင် လက်တွေ့ အဖြစ်မှန်ဟု ခံယူထားကြသည့် ဥပဒေများ၊ စာချုပ်များ၊ သမိုင်းမှတ်တမ်းများအား ရေရှည်တည်တံ့အောင် လုပ်နိုင်မည့် နည်းလမ်းများအား ဖန်တီးမှု အဖြစ် ပြောင်းလဲသွားခဲ့ရသည်။

 

ပါးစပ်ပြောစကား နှင့် စခဲ့သည့် ယဉ်ကျေးမှု များတွင် လူတဦးတယောက်က ပြောပြသည့် ပုံပြင်တပုဒ်ကို လူအများက ထပ်တလဲလဲ ပါးစပ်နှင့် ပြန်ပြောကြသည့်အခါ ဦးနှောက်ထဲတွင် စွဲမြဲလာခြင်းဖြင့် တဖြေးဖြေး နှင့် လူအများစု မှ ယုံကြည်လက်ခံထားသည့် အမှန်တရား တခု လို ဖြစ်လာခဲ့သည်။ လူသား တို့ ဖန်တီးထား‌ သော အချင်းချင်း ယုံကြည်လက်ခံနိုင်မှု မျိုးသည် နောက်ပိုင်းတွင် ဦးနှောက်၏ လက်ခံ နိုင်စွမ်း ထက် ကျော်လွန်လာခဲ့ရသည်။ ထိုအခါတွင်တော့ လူသားများသည် ဦးနှောက်က မှတ်မိနိုင်စွမ်း မရှိတော့၍ မိမိတို့ အချင်းချင်း အကြား ယုံကြည် လက်ခံ နိုင်စွမ်း ရှိမည့် အကြောင်းအရာ မျိုးကို ပုံဖေါ် ထုတ်လုပ်နိုင်စွမ်း မရှိကြတော့။

 

ထိုအခက်အခဲကို စာဖြင့် ရေးသား မှတ်တမ်းပြုထားခြင်း ဖြင့် ကျော်လွှားနိုင်ခဲ့သည်။ စာရွက်စာတမ်းများသည် ဓမ္မဓိဋ္ဌာန် ကျသည့် အမှန်တရားကို ရောင်ပြန်ဟပ်ပြသည့် မှန် တစ်ချပ်ဖြစ်ရမည့် အစား စာရွက် စာတမ်းများ ကိုယ်တိုင်ကသာ အမှန်တရား ဖြစ်လာသည်။ အဆိုပါ မှတ်တမ်းမှတ်ရာ များတွင် ဖေါ်ပြထားသည့် ဖြစ်ပျက်ခဲ့သည့် သာဓကများ၊ ပုံစံပြထားမှု များကို နောက်ပိုင်းတွင် ကွန်ပြူတာများက အသုံးချလာကြသည်။

 

ကွန်ပြူတာ များ ဖြင့် လူအချင်းချင်း အပြန်အလှန် လက်ခံနိုင်မည့် အကြောင်းအရာ များ ကို ဖန်တီး နိုင်စွမ်း ရှိလာမှုသည် ကျောက်ပြားများ နှင့် စာရွက်များ၏ စွမ်းပကား ကို တိုးချဲ့ဆန့်ထုတ်လာခြင်းသာ ဖြစ်ပေသည်။

 

နမူနာ အဖြစ် ပိုင်ဆိုင်မှု ဆိုသည်ကို ဆွဲထုတ်ပြသရမည် ဖြစ်သည်။ မှတ်တမ်း မှတ်ရာ မရှိဘဲ နှုတ်ဖြင့်သာ ဆက်သွယ်ပြော‌ဆိုနေသည့် လူ့အဖွဲ့အစည်း တခု တွင် ပိုင်ဆိုင်မှု ဆိုသည်က တဆင့်စကား တဆင့်နား၊ နေထိုင်သူများ၏ အပြုအမူ များ ဖြင့် ဖန်တီးခဲ့သည့် အားလုံးလက်ခံထားသည့် အမှန်တရား ဖြစ်လာသည်။

 

လယ်ကွင်းတကွင်းကို ပိုင်ဆိုင်သည် ဆိုရာတွင် အိမ်နီးနားခြင်းများက သင် ပိုင်ဆိုင်ကြောင်း သဘောတူ ပြီး ထိုအတိုင်း ပြုမူ ကျင့်ကြံရမည်။ ထိုကွင်းထဲသို့ ဝင်ပြီး တဲထိုး၍ မရ။ နွားကျောင်း၍ မရ၊ ခွင့်ပြုချက် မရဘဲ အသီးအနှံများ ခူးခွင့် မရှိ၊ ပိုင်ဆိုင်မှု ဆိုသည်က လူအများ အကြား အဆက်မပြတ် ပြောဆို အသိပေးနေခြင်း ဖြင့်သာ ဖန်တီးနိုင်သည်၊ ထိမ်းသိမ်းထားနိုင်သည်။ ဤသို့ဖြင့် ပိုင်ဆိုင်မှုသည် နေထိုင်ရာ ဒေသ၏ အရေးအရာ ဖြစ်လာပြီး အဝေးရှိ အုပ်ချုပ်သူတို့ အဖို့ မြေယာ ပိုင်ဆိုင်မှု ဆိုသည်ကို အကန့်အသတ် နှင့်သာ ထိန်းချုပ် နိုင်စွမ်း ရှိတော့သည်။

 

မည်သည့် ဘုရင်၊ ဝန်ကြီး၊ သာသနာ ဝန်ထမ်း ဆရာတော်များက ၎င်းတို့ နှင့် ဝေးကွာနေသော ရာပေါင်းများစွာ ရှိ သည့် ကျေးရွာများတွင် မည်သည့် လယ်ကွင်းကို မည်သူက ပိုင်ထားသည် ဆိုသည်ကို မှတ်မိနိုင်စွမ်း ရှိကြတော့မည် မဟုတ်၊ ပုဂ္ဂိုလ် တဦး တယောက်ချင်းစီ အတွက် ၎င်းသာ အလုံးစုံ ပိုင်ဆိုင်ခွင့် ရှိသည်ဟု တောင်းဆိုပြီး ကျင့်သုံး နိုင်မှု အပေါ် ကန့်သတ်ချက် ဖြစ်လာစေခဲ့ပြီး လူအများ ပိုင်ဆိုင်ခွင့် ရှိသည့် ပုံစံမျိုး ဖက် အလေးသာလာခဲ့သည်။ ဥပမာ ‌ဆိုရက အိမ်နီးချင်း ဖြစ်သူသည် လယ်ကွက် အား သင်ပိုင်ဆိုင်သည်၊ စိုက်ပျိုး ထွန်ယက်ခွင့် ရှိသည်ကို အသိအမှတ် ပြုထားသော်လည်း ပြင်ပမှ တစိမ်းတရံစာများအား ရောင်းချခြင်းကိုမူ ကန့်ကွက်လာနိုင်သည်။