နာဇီ လက်သစ်များနှင့် တွေ့လာရသော ပြည်သူများ

by Hla Soewai - Aug 10 2025

ယခုအခါ ၃၇ နှစ် ပြည့်မြောက်လာသည့် ရှစ်လေးလုံး အရေး တော်ပုံ ကြီး မှ စစ်ဗိုလ်ချုပ်ကြီး များ အဆက်ဆက် ထုတ်နှုတ်ယူခဲ့ကြသည့် တခုတည်းသော သင်ခန်းစာက မည်သို့သော အခြေအနေ မျိုး နှင့် ကြုံစေကာမူ ငွေစက္ကူများကို တရားမဝင် ငွေ အဖြစ် မကြေညာမိစေ နှင့် ဒီမိုကရေစီ ပေးမည် ဆိုသော စကားကိုသာ တွင် တွင် ပြောပါလေ ဆိုသည်ပင် ဖြစ်သည်။

 

ထို နှစ်ချက်ကို ခေတ်အဆက်ဆက် လှေနံဓါးထစ် ကိုင်စွဲလာ‌ သော စစ် အုပ်စု သည် ရွေးကောက်ပွဲ ပြီးလျင် ၎င်းတို့ အုပ်ချုပ်ရေး တရားဝင် ဖြစ်လာမှု နှင့် အတူ NUG နှင့် PDF များ အား "အကြမ်းဖက် သမား" များ အဖြစ် ရှူမြင်ကာ ‌ဘေးရောက်သွားပြီး တဖြေး ဖြေး နှင့် ပျောက်ကွယ် သွားလိမ့်မည် ဟူသော နေ့လည် အိမ်မက်ကို ခေါင်းမာစွာ မက်နေဆဲ ဖြစ်သည်။ တပ်တွင်း တွင်လည်း ရွေးကောက်ပွဲ ပြီးသည် အထိသာ တောင့်ခံထားဖို့ လိုသည်ဟု တီးတိုး ဝါဒ ဖြန့်‌ နေကြသည်။

 

စစ်အုပ်စု သစ္စာခံ တပ်များ အဖို့က ယခင် ခေတ်များက ကဲ့သို့ မဟုတ်ပဲ လူထု ထောက်ခံမှု ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ လူထု အား ရက်စက်ကြမ်းကြုပ်စွာ ဆက်ဆံခဲ့မှု များ အား စစ်မြေပြင်တွင် တန်ဖိုးကြီးစွာ ပေးဆပ်နေကြရပြီ ဖြစ်သည်။

 

နေ့စဉ်လိုလို ၎င်းတို့တပ်သားများ တော်လှန်ရေး တပ်ဖွဲ့များထံ ပြေးဝင်ခိုလှုံလျက် ရှိနေသည် ဆိုသော သတင်းများ နေ့စဉ်လိုလို ကြားသိနေကြရသည်။

 

တဖက်တွင်လည်း မြန်မာ အရေး အား အမြန်ဆုံး အဆုံးသတ်ပြီး တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေး သည် ဒီမိုကရေစီ ဘက်တော်သား တော်လှန်ရေး တပ်ဖွဲ့များကို စစ်ရေး၊ သံတမန်ရေး နှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ဖို့ နိုင်ငံတကာ အပေါ် မူတည်နေပြီ ဟု ယူဆလာနေကြသလို အာဆီယံ ဥက္ကဌ က NUG နှင့် အာဏာ ခွဲဝေရေး လမ်းကြောင်းပေါ် ဆွဲတင်နေခြင်းသည် ပြဿနာကို အပြီးအပြတ် ဖြေရှင်းနိုင်မည့် နည်းလမ်း မဟုတ်ဘဲ ပြီးပြီးရော ချွေးသိပ်သည့် လုပ်ရပ်မျိုးသာ ဖြစ်လိမ့်မည်ဟု ထောက်ပြလာကြသည်။

 

လက်ရှိတွင် မည်သို့သော ငြိမ်းချမ်းရေး မဆို စစ်အုပ်စု နှင့် အတူ ယှဉ်တွဲ နေထိုင်သွားရေးပင် ဖြစ်သည်။ မိမိတို့ဖက်မှ အသာစီး မရမချင်း ၎င်းတို့ စစ်တန်းလျား သို့ ပြန်မည့် ရလဒ်မျိုး တော့ ထွက်ပေါ်လာမည် မဟုတ်ပေ။

 

မင်းအောင်လှိုင် အတွက် မူ ၎င်း၏ အာဏာတည်မြဲရေး အတွက် အနိုင်ရအောင် ရုန်းကန်နေရသူဖြစ်၍ အာဆီယံ မှ ထုတ်ပယ်သည်တိုင် ဂရုစိုက်နိုင်တော့မည် မဟုတ်၊ ၎င်းတို့ကိုပင် သခွပ်ပင် က မီးတကျီကျီဟု ပင် ယူဆနေလောက်ပြီ ဖြစ်သည်။ ဤသည်ကို မြန်မာ ပြည်သူ တရပ်လုံးက သဘောပေါက်ထားကြပြီး ဖြစ်သော်လည်း ပြဿနာကို ဖြေရှင်းရေးထက် အာဆီယံသည် ၎င်းတို့ ဂုဏ်သိက္ခာ မကျရေး ထွက်ပေါက် အဖြစ် အသုံးချနေခြင်းသာ ဖြစ်သည်။

 

စစ်အုပ်စု သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် တသက်လုံး တိုက်လာရ၍ အထူးအဆန်း မဟုတ်ဟု ခံယူထားသည်။ ၎င်းတို့ အဓိက ပစ်မှတ်ထားနေသည်က PDF ပင် ဖြစ်သည်။ ထိုအရေး အောင်မြင်ပြီ ဆိုမှ ငယ်နိုင်များ ဟု ယူဆထား‌ သော ERO များ သိမ်းပိုက်ထားသော နယ်မြေ များကို အလုံးအရင်း နှင့် ပြန်တိုက်ယူ၍ ရသည်ဟု တွက်ဆထားပြီး ဖြစ်သည်။

 

ဆွေးနွေးပွဲ များ တွင် လည်း ERO တို့ တောင်းဆိုချက် မှန်သမျှ ကို ၎င်းတို့ ၏ အားနည်းချက် များ အဖြစ် တွက်ဆလာပြီး ဗျူဟာ အသစ်များပင် ပြောင်းလဲ ချမှတ်လာပြီ ဖြစ်သည်။ 

 

ယခုပင် မတတ်သာ၍သာ အရေးပေါ် အခြေအနေ ကို ဖယ်ရှားပေးခဲ့ရသော်လည်း ၎င်းတို့၏ ဖိနှိပ်ရေး ယန္တရားကြီး အရှိန်မပျက် ဆက်လက်လည်ပတ်နိုင်ရန် နှစ်ပေါက် တပေါက် ရိုက်ပြီး တည်ဆဲ ဥပ‌ ဒေ များ ကို ပြင်ဆင်ခြင်း၊ ပြင်းထန်သည့် ဥပဒေ သစ်များကိုလည်း ကြိုတင်၍ ထုတ်ပြန်လာနေပြီ ဖြစ်သည်။ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် "တရားဥပဒေ" စိုးမိုးရန် ဟု စစ်အုပ်စု ၏ ပြည်ထဲရေး ဝန်ကြီး ထွန်းထွန်းနောင် ပြောဆိုသွားသည်ကို ကြည့်က ကြောက်ကန် ကန်ပြီး လူထု လည်မျို ကို ညှစ်ထားနိုင်ရန် ကြံစည်နေခြင်း ဖြစ်သည်။

 

ထိုအထဲတွင် ရွေးကောက်ပွဲ ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှု များကို ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်း များ ပြုလုပ်က ထောင်ဒဏ် အပြင် သေမှု သေခင်း ဖြစ်က သေဒဏ် အထိ အပြစ်ပေးမည် ဆိုသည့် ဥပဒေ၊ အငြိမ်းစား စစ်ဖက် နှင့် ရဲဖက် အမှုထမ်းများ ပုဂ္ဂလိက လက်နက်ကိုင် အဖွဲ့များသို့ ဝင်ရောက်က ပြစ်ဒဏ်ပေးမည့် ဥပဒေ၊ ရခိုင်ကမ်းရိုးတန်းဖက်တွင် လှုပ်ရှားနေသော အာရက္ခ တပ်တော်အား တိုက်ခိုက်နိုင်ရန် ကမ်းခြေစောင့် တပ် ဖွဲ့စည်းသည့် ဥပဒေ တို့ ဖြစ်သည်။

 

ပို၍ ဆိုးလာရသည်များက နိုင်ငံသား တဦးချင်းစီ၏ လုံခြုံမှု နှင့် လွတ်လပ်ခွင့် ကို အကာအကွယ် ပေးထားသည့် NLD အစိုးရမှ ၂၀၁၇ တွင် ပြဋ္ဌာန်း ပေးခဲ့သည့် ဥပဒေပါ အဓိက အချက်သုံးချက်ကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် ၎င်းတို့ သံသယ ရှိသည့် အိမ်များကို ဝရမ်းမလို၊ ရပ်ကွက်လူကြီး ခေါ်စရာ မလိုတော့ပဲ အချိန်မရွေး ဝင်ရောက် ရှာဖွေ ဖမ်းဆီးခွင့် ရသွားခြင်းပင် ဖြစ်သည်၊ ယခင်ကတည်းက ထိုသို့ လုပ်နေသော်လည်း ယခုအခါ ပို၍ အတင့်ရဲလာတော့မည် ဖြစ်သည်။ မည်သူကို မဆို တရားရုံး၏ ခွင့်ပြုချက် မရဘဲ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခွင့် မရှိဆိုသည်ကိုလည်း ပယ်ဖျက်လိုက်သည်။

 

နိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်နေသော ပြည်ပ ကုမ္ပဏီ များ အတွက် အထူး စိုးရိမ်မကင်းစရာ ဖြစ်လာရသည်က ဇူလိုင် ၃၀ တွင် ပြဋ္ဌာန်းလိုက်သော ဆိုက်ဘာ လုံခြုံရေး ဥပ‌ဒေ ပင် ဖြစ်သည်။

 

"အများပြည်သူ ကြည့်ရှုရန် မသင့်တော်သော" သတင်းအချက် အလက်များကို ဖြန့်ချီပါက ထောင်ဒဏ် အပြစ်ပေးနိုင်သည်ဟု ပါရှိလာသည်။ ထို့ပြင် ၎င်းတို့ ပိတ်ပင်ထားသော မီဒီယာများ နှင့် ဆိုရှယ် မီဒီယာ များ အား VPN သုံး၍ ကြည့်ရှုမည်ဆိုက ရာဇဝတ်မှု မြောက်သည်ဟု ဆိုသည်။

 

ထိုဥပဒေ အပေါ် အထူးသဖြင့် ပြည်တွင်းရှိ ဂျပန် ကုမ္ပဏီ များ စိုးရိမ်မကင်း ဖြစ်လာကြသည်ဟု နစ်ကီ အေးရှား ရီဗြူး တွင် ရေးသားထားသည်။ ၎င်းတို့ အဖို့ တိကျရေရာသော အဓိပ္ပါယ် ဖွင့်ဆိုမှု များ မရှိ၍ အင်တာနက် သုံး၍ လုပ်ငန်းများ မဆောင်ရွက် ရဲအောင် ဖြစ်နေသည်ဟု ဆိုသည်။

 

နောက်ထပ် ထွက်လာပြန်သည်က စစ်ရေး လျို့ဝှက်ချက်များ ကာကွယ်သည့် ဥပ‌‌ ဒေ ပင် ဖြစ်သည်။ ထိုဥပဒေ ထွက်ပေါ်လာခြင်းသည် မင်းအောင်လှိုင်၏ လက်ရုံးသဖွယ် ယုံကြည်အားထားခဲ့သည့် ရေတပ် အကြီးအကဲ မိုးအောင်အား ဖယ်ရှားခဲ့မှု နှင့် ဆက်စပ်နေသည်ဟု ဧရာဝတီ သတင်း တွင် ရေးသားထားသည်။ စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်း နှစ်သိန်း နီးပါး၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားခဲ့ခြင်းသည် မိုးအောင် ၏ အမျိုးသား လုံခြုံ‌ ရေး အကြံပေး ရုံး မှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ယူဆကာ စစ်အုပ်စု ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာနေသည်ဟု ဆိုသည်။ 

 

ဤသည်ကလည်း လူနှစ်သိန်းကျော်၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားသွားသည်ထက် တရုတ်၊ ရုရှား တို့နှင့် ၎င်းတို့ ဒူးထောက် မျက်နှာချို‌ သွေးကာ အပေးအယူ လုပ်ထားမှုများပါ ရောနှောပေါက်ကြားသွားမည့် အရေးကြောင့်ပင် ဖြစ်သည်။

 

ထိုသို့သော အခြေအနေများ အောက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတဖို့ အသာထားဘိဦး၊ တရားဝင် မှု ရှိပါသည်ဟု အသိအမှတ် ပြုချင်သူများပင် အခက်တွေ့လာနေရပြီ ဖြစ်သည်။

 

စစ်‌အုပ်စု အဖို့က အသိအမှတ် ပြုလာလည်း အမြတ်၊ မပြုကြလည်း အရင်အတိုင်း ဆက်သွားဖို့သာ ရှိသည်ဟု ဆုံးဖြတ်ထားကြသူများ ဖြစ်သည်။

 

မြန်မာ ပြည်များ အဖို့က ၎င်းတို့ တသက်တာ ကြုံတွေ့ရလိမ့်မည်ဟု အိမ်မက်ပင် မမက်ဘူးခဲ့သည့် ကျပ်တည်းလှသော အ‌ခြေ အနေ ဆိုးများအပြင်၊ ၁၉၃၃-၄၅ အတွင်း ဟစ်တလာ၏ နာဇီ အုပ်ချုပ်ရေး ကာလ နှင့် ထပ်တူ ထပ်မျှ ရင်ဆိုင်လာကြရပြီ ဖြစ်သည်။

 

သို့သော် ဟစ်တလာသည် ၎င်း၏ နိုင်ငံသားများကို ဗုံးကြဲ တိုက်ခိုက်ရန် အမိန့်ပေးခဲ့ ဖူးသူ မဟုတ်။

 

ထိုသို့ ဟစ်တလာပင် မစဉ်းစား နိုင်ခဲ့သော ရက်စက် ကြမ်းကြုပ်မှု များကို ကာကွယ် ပြောဆိုနိုင်ရန်၊ လူကောင်းများ ဖြစ်ပါသည်ဟု ထရမ့်နား ပေါက်ရန် ပြည်သူ့ ဘဏ္ဍာ ငွေ ဖြင့် ဒေါါလာ ၃ သန်း တန် ကန်ထရိုက် ကို ဝါရှင်တန် ရှိ DCI လော်ဘီ ကုမ္ပဏီ နှင့် စာချုပ် ချုပ်လိုက်ပြန်သည်။ ဤသည်ကလည်း သန်းရွှေ၏ အာဏာရှင် လက်စွဲ စာအုပ်မှ ထုတ်နှုတ် ယူလာခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဗိုလ် ခင်ညွန့်က လည်း ၎င်း တန်ခိုး ထွားစဉ်က ထို ကုမ္ပဏီ ကိုပင် ဌားရမ်းခဲ့ဖုးသော ကြောင့် ဖြစ်သည်။

 

စစ်အုပ်စု က ထရမ့်၏ မြေရှားသတ္ထုများ စိတ်ဝင်စားလာသည်ကို အခွင့်ကောင်း ဆိုကာ ယခင် ဖေါက်သည်ဟောင်း ကြီး နှင့် ကမန်းကတမ်း ပြန်ဆက်လာခြင်းပင်ဖြစ်သည်။ 

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!