နိုင်ငံတကာ ရေးရာ မိတ်ဆက်(125)

by Hla Soewai - Aug 10 2025

ယခုအခါ ကမ္ဘာကြီးတွင် အပြောင်းအလဲများ ဖြစ်လာခြင်းကြောင့် စနစ်ဟောင်းကို အသက် ပြန်သွင်းရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။ အသက်ပြန်သွင်း၍ ရသည် ဆိုသည့်တိုင် စိန်ခေါ်မှု အသစ်များ ထွက်ပေါ်လာနေ၍ စနစ်ဟောင်းဖြင့် ဖြေရှင်းရန် လုံလောက်မှု မရှိ ဖြစ်လာ နေသည်။

 

ဤသည်ကို အသိအမှတ် ပြုလာမည်ဆိုက လစ်ဘရယ် စနစ်၏ အဓိက ဝိသေသ လက္ခဏာ များကို ထိန်းသိမ်းထားခြင်းဖြင့် အကျိုးတစုံတရာ ရှိနေသည့် နိုင်ငံများ အဖို့ ခိုင်မာအောင် နှင့် ပြောင်းလဲလာ‌နေသည့် အင်အားချိန်ခွင်ညှာ နှင့် အသစ် ထွက်ပေါ်လာသော ကမ္ဘာပြဿနာများကို ထိန်းညှိဖြေရှင်း နိုင်မည့် အစီအစဉ်များကို ထပ်မံဖြေ့စွက် ပေးရတော့မည် ဖြစ်သည်။

 

အမေရိကန် ပြည်ထောင်စု နှင့် ၎င်း၏ မိတ်ဖက် နိုင်ငံများ အနေဖြင့် လက်နက်ထိန်းချုပ်ရေး နှင့် နျူကလီယား မပြန့်ပွားရေး သ‌ဘောတူညီချက်များကို ယခုထက် ပို၍ ကျားကန်ပေးရ ပေမည်။ လက်ရှိ မဟာမိတ် အဖွဲ့အစည်းများ ခိုင်မာ တောင့်တင်းလာရေး၊ အကြမ်းဖက် သမားများ၊ မူးယစ်ရာဇာများ၊ လူဆိုး ဂိုဏ်းများ အား နှိမ်နှင်း နိုင်စွမ်း မရှိအောင် အား‌ ပျော့ နေသော နိုင်ငံများကို အရည် အသွေး မြှင့်တင်‌ ပေးရမည်၊ ဒီမိုကရေစီ လုပ်ငန်းစဉ်များကို နှောက်ယှက် ဖျက်ဆီးနေသည့် အာဏာရှင် နိုင်ငံများကို တန်ပြန် နိုင်ရမည်။

 

တရုတ်နှင့် ရုရှားတို့အား လက်ရှိ ကမ္ဘာစနစ်ကြီးထဲ သွတ်သွင်းနိုင်ရန် ကြိုးပမ်းခဲ့မှု များ မအောင်မြင်ခဲ့ဟု သုံးသပ်ကာ ရှေ့လျောက် ကမ္ဘာစနစ်ကြီး ထိန်းသိမ်း ရေး တွင် ဘေးဖယ်ထုတ်ထားခြင်းမျိုး မဖြစ်သင့်၊ အဘယ်ကြောင့် ဆိုသော နှစ်ဆယ့်တစ်ရာစု တွင် ရှေ့လျောက် ဘာတွေ ဖြစ်လာမည် ဆိုသည်က ထိုသို့ ကြိုးပမ်းအားထုတ်မှု များ၏ ရလဒ် ပေါ် များစွာ မူတည်နေခြင်းကြောင့် ပင် ဖြစ်သည်။

 

ထိုသို့ ကြိုးပမ်းရာတွင်လည်း အပေးအယူ၊ မက်လုံးများ အပြင် တွန်းတွန်း တိုက်တိုက် လုပ်ဖို့ လည်း မရှိ မဖြစ် လိုအပ်သည်။ ဆက်ဆံရေး ဆိုသည်က ယှဉ်ပြိုင်မှု နှင့် အတူ ပူးပေါင်းဆောင်ရွက်မှု လည်း ပေါင်းစပ်နေသည်။ ထိုရည်မှန်းချက် နှစ်ခု ထိန်းသိမ်း ထားနိုင်ရေး တွင် ယှဉ်ပြိုင်ချင်းသည် ထိတ်တိုက် ရင်ဆိုင်မှု ဖက် ရောက်မသွားရေး နှင့် ပူးပေါင်း ဆောင်ရွက်မှု ဆိုသည်ကိုလည်း ဖယ်ထုတ် မပစ်ဘို့ လိုပေသည်။

 

နိုင်ငံများသည် ရာသီဥတု ပြောင်းလဲလာမှု များ၊ ကုန်သွယ်ရေး နှင့် ယှဉ်ပြိုင်မှု များ ပြန့်ပွားလာနေသည့် အရေးများသာမက ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများအားလည်း အတူ တကွ ဖြေရှင်းရန် လိုအပ်သည်။ ထိုသို့ ဖြေရှင်း နိုင်ရန် အတွက် စနစ်ဟောင်းကို ပြန်လည် အသက်သွင်း နိုင်ရမည့် အပြင် စနစ်သစ်ကိုလည်း တည်ဆောက်ရပေမည်။

 

ရာသီဥတု ပြောင်းလဲမှု အားကန့်သတ် နိုင်ရန်၊ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန်နှင့် ဖြစ်နိုင်လျှင် တန်ပြန် နိုင်ရန် အတွက် ကြိုးပမ်းအားထုတ်မှုများအား လက်ရှိထက် ပိုပြီး ရည်မှန်းချက်ကြီးကြီးမားမား ထား လုပ်ဆောင်သင့်သည်။

 

ကမ္ဘာကုန်သွယ်ရေး အဖွဲ့ချုပ် WTO အားလည်း တရုတ် မှ နည်းပညာ များ မောင်ပိုင် စီးထားမှု၊ ပြည်တွင်း ကုမ္ပဏီ များကို ကုန်ပစ္စည်းများ ဈေးချိုချို နှင့် တင်ပို့ ရောင်းချ နိုင်အောင် နောက်ကွယ်မှ ငွေကြေး ပံ့ပိုးပေးနေမှု၊ ကုန်သွယ်‌‌ ရေး ကို ဟန့်တား နိုင်ရန် ကုန်သွယ်ခွန် မဟုတ်သည့် အခြား နည်းလမ်း များ ဖြင့် ဟန့်တားလာခြင်း အစရှိသည် ပြဿနာများကို ဖြေရှင်း နိုင်ရန် စည်းမျဉ်းများ ပြင်ဆင် သတ်မှတ်ပေးဖို့ လိုပေသည်။ ဆိုက်ဘာရပ်ဝန်း နှင့် အာကာသ အတွက် လည်း စည်းမျဉ်းများ ချမှတ်ပြီး ထိန်းချုပ်ဖို့ လိုအပ်သည်။ ထိုအချက်များသည် ရည်မှန်းချက် ကြီးလွန်းသည်ဟု ပြော၍ ရသော်လည်း ခေတ်သစ် ကမ္ဘာကြီး အတွက် မရှိမဖြစ် လိုအပ်နေပေသည်။

 

အမေရိကန် အဖို့ကား အခြားနိုင်ငံများကို မထိခိုက်စေပဲ ငြိမ်းချမ်းရေး ကို အကျိုးပြုသည့် ဂုဏ်သိက္ခာ မျိုး ပြန်လည် ရရှိလိုလျှင် ထိန်းထိန်းသိမ်းသိမ်း နှင့် လေးစားမှု ကို ပြန်လည် ဆွဲဆောင်ယူ နိုင်ဖို့ လိုသည်။ထိုသို့ လုပ်နိုင်ရန် အမေရိကန် အနေဖြင့် မကြာသေးမီ နှစ်များ အတွင်း ကျင့်သုံးခဲ့သည့် နိုင်ငံခြားရေး မူဝါဒ များ မှ သိသိသာသာ ခွဲထွက်ရမည် ဖြစ်သည်။ဆိုလိုသည်က စစ်အင်အားကို ချင့်ချင့်ချိန်ချိန် အသုံးချ တတ်ဖို့၊ စီးပွားရေး တွင်လည်း လက်နက် အဖြစ် ဒဏ်ခတ် ပိတ်ဆို့ မှူ များ နှင့် ကုန်သွယ်ခွန် များကို အလွန်အကျွံ အသုံးမပြုဖို့ လိုအပ်သည်။

 

ထိုထက် ပို၍ အရေးကြီးသည်က နိုင်ငံတကာ ရေးရာ ဝါဒ နှင့် ဘက်ပေါင်းစုံ ပါဝင်မှု ဝါဒ multilateralism တို့ အပေါ် လက်ရှိ အချိန်တွင် အလိုအလျောက် ဆန့်ကျင် ကန့်ကွက် နေခြင်းကို ပြန်လည် သုံးသပ်ဖို့ လိုအပ်နေခြင်းပင် ဖြစ်သည်။

 

ကမ္ဘာစနစ် ကြီးသည် တဖြေးဖြေး နှင့် ဝါးအစည်းး ပြေသလို ဖြစ်လာနေချိန်တွင် ထိုစနစ်ကြီးကို တည်ဆောက်ခဲ့ရာ တွင် ကြီးမားသော အခန်းကဏ္ဍ မှ ပါဝင်ခဲ့သည် နိုင်ငံ အနေဖြင့် ဖျက်လိုဖျက်ဆီး လုပ်နေကြသည့် အရေးတွင် ဦးဆောင်မှု မပြုမိဖို့ လိုပေသည်။

 

အမေရိကန်သည် နိုင်ငံတကာတွင် ထိရောက်သော အခန်းကဏ္ဍ မှ ပါဝင်နိုင်ရန် မိမိနိုင်ငံ၏ ပြည်တွင်းရေး အားနည်းချက်များကို ဦးစာ ပထမ ပြုပြင် ပြောင်းလဲရန် လိုအပ်ပေသည်။

 

* အစိုးရကြွေးမြီ များကို လျှော့ချခြင်း၊ 

 * အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ခြင်း၊ 

 * ပြည်သူ့ပညာရေးကို တိုးတက်အောင် လုပ်ဆောင်ခြင်း၊

 * အခြေခံသုတေသန လုပ်ငန်းများ။ အတွက် ပိုမို ရင်းနှီးမြှုပ်နှံခြင်း၊

 * လူမှုဖူလုံရေး ကွန်ရက်အား ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲခြင်း 

 * အရည်အချင်းရှိသည့် နိုင်ငံခြားသားများ အမေရိကန်သို့ လာရောက်နေထိုင်နိုင်အောင် လွယ်ကူသည့် လူဝင်မှုကြီးကြပ်ရေးစနစ်ကို ချမှတ်ခြင်း၊

 * မဲပေးဖို့ ပိုမိုလွယ်ကူအောင် လုပ်ဆောင်ပြီး နိုင်ငံရေး မတည်ငြိမ်မှုများကို ဖြေရှင်းခြင်း၊

 * မဲဆန္ဒနယ်မြေ များအား မတရားသဖြင့် ခွဲခြားသတ်မှတ် နေခြင်း များကို ဖျက်သိမ်းခြင်း အစရှိသည် အစရှိသည်တို့ ဖြစ်သည်။

 

အမေရိကန်သည် ပြည်တွင်းပြဿနာ များ နှင့် အာရုံ များနေပြီး နိုင်ငံရေး တွင် အကွဲကွဲ အပြားပြား ဖြစ်ကာ အရင်းအမြစ်များ မစုစည်းနိုင် ဖြစ်နေမည် ဆိုက ကမ္ဘာ တဝှမ်း ရှိ အခြား နိုင်ငံများ အတွက် စံနမူနာပြဖြစ်လာနိုင်မည် မဟုတ်ပေ။