ဩဂုတ်လ ၈ ရက် နေ့သည် မြန်မာ သမိုင်းတွင် သွေးစွန်း ခဲ့ရသော နေ့တနေ့ အဖြစ် ပြည်သူများ၏ နှလုံး အိမ်တွင် အမြဲ အမှတ်ရနေကြမည်သာ ဖြစ်သည်။
လက်နက်မဲ့ ပြည်သူ ထောင်ပေါင်းများစွာ သည် ၎င်းတို့၏ အရေးတော်ပုံကြီး အား အကြောက်အကန် ကာကွယ်ရင်း လမ်းပေါ်တွင် အသက်ပေးလှုသွားခဲ့ရသည့် နေ့လည်း ဖြစ်သည်။
ထိုနေရက်သည် ပထမ ဆုံး နှင့် နောက်ဆုံး အကြိမ် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ပဲ ၃၇ နှစ် ကြာ လာသည့် တိုင် စစ်အုပ်ချုပ်ရေး သမားများ လူထု ကို နှစ်ပေါက်တပေါက် ရိုက်ကာ လက်နက်အားကိုး ဖြင့် လူထု ကို နည်းမျိုးစုံ ဖြင့် ဖိနှိပ် အုပ်ချုပ်ခြင်း ခံလာခဲ့ရသည်။ ၁၉၆၂ စစ်အာဏာသိမ်းပြီး ချိန်ကစ၍ အမည်အမျိုးမျိုး ဖြင့် တိုက်ရိုက် အုပ်ချုပ်လာခဲ့သမျှတွင် ယခု လက်ရှိ စစ်အုပ်စုသည် လက်သံ အပြောင်ဆုံး ဟု ပြော၍ ရသည်ဟု လန်ဒန်ထုတ် အင်ဒီပင်းဒင့် သတင်းစာကြီးတွင် ဘက်နဲဒစ် ရောဂျာက ရေးသားလာခဲ့သည်။
၎င်းတို့ လက်ချက်ဖြင့် တိုင်းရင်းသား လူနည်းစုများ နှင့် ဒီမိုကရေစီ အရေး တိုက်ပွဲ ဝင်နေသူ များ၏ အသက်ပေါင်း ၆,၈၀၀ ကျော်မျှ အသက်ဆုံးရှုံးခဲ့ကြရပြီ ဖြစ်သည်ဟု ကုလ လူ့အခွင့်အရေး ကော်မရှင် မဟာမင်းကြီး ဖော်ခ်ကာ တွက် က ထုတ်ဖေါ် ပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။
၈၈၈၈ အရေးတော်ပုံကြီးအား အတိတ် ၏ ကြေကွဲစရာ အဖြစ်ဆိုး အဖြစ် အထိမ်းအမှတ် လုပ်နေယုံဖြင့် မပြည့်စုံတော်ဘဲ လက်ရှိ အကျပ်အတည်းကို မည်သို့ မည်ပုံ အပြီးအပိုင် ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေကြရတော့မည် ဖြစ်သည်။
ယင်းနှင့် အတူ နိုင်ငံတကာရှိ မူဝါဒ ရေးဆွဲသူများ၏ အသိစိတ် တွင် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေရသည်က ၎င်းတို့ အနေဖြင့် ယူကရိန်းကို ကူညီသလို မျိုး မဟုတ်သည်တိုင် အနည်းငယ်မျှဖြင့် မြန်မာ ပြည်သူတို့ အား အကူအညီ ပေးရန် ပျက်ကွက်နေရသနည်း ဆိုသည်ပင် ဖြစ်သည်ဟု ဘက်နဲဒစ် ရော်ဂျာက ဆိုသည်။
နေ့စဉ်လို အရပ်ဖက် ပစ်မှတ် များကို စိတ်ဓါတ်စစ်ဆင်ရေး ဆိုကာ ဗုံးကြဲ တိုက်ခိုက်နေသည့် သတင်းများ စိတ်မချမ်းမြေ့ဖွယ် ကြားနေသိနေရသော်လည်း အနည်းဆုံး လက်နက် နှင့် လေယာဉ်ဆီတင်ပို့ ရောင်းချမှု တကမ္ဘာလုံး အတိုင်းအတာဖြင့် ပိတ်ပင်ရေးကိုပင် လုပ်ပေးခြင်း မရှိခဲ့ပေ။
ယခု မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ဟု ကြံစည်လာသည့် လုပ်ရပ်ကိုလည်း တရားမဝင် ခင်းကျင်းလာမှု အဖြစ် ပြတ်ပြတ်သားသား ပယ်ချပစ်ရမည် ဖြစ်သည်။
စစ်အုပ်စုသည် ၈၈၈၈ အရေးတော်ပုံကြီးအား လူထု အား မေ့စေချင်နေသည်။ ထို့အတွက် လူထု ကြီးကလည်း မိမိတို့ အမှတ်ရနေကြောင်း အထိမ်းအမှတ်များ ပြုလုပ်ရမည်သာ ဖြစ်သည်။ ယင်းနှင့် အတူ အနာဂတ် အတွက် သွေးသစ် လောင်း နိုင်မည့် သင်ခန်းစာများ ထုတ်နှုတ်ယူရမည် လည်း ဖြစ်သည် ဟု ရေးသားထားခဲ့သည်။
စစ်အုပ်စုသည် တနေ့က ကွယ်လွန်သွားသည့် ၎င်းတို့ ၏ ရုပ်သေး ယာယီ သမ္မတ မြင့်ဆွေ ဆိုသူ၏ ဈာပနကို ကြီးကျယ် ခမ်းနားစွာ ပြုလုပ်နိုင်ရန် ကော်မတီပေါင်း ၁၁ ဖွဲ့ကိုပင် ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်လာခဲ့သည်။ မည်သူမျှ ဝမ်းမနည်းသော်လည်း သုံးရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပင် ကြေညာလိုက်သေးသည်။
စွမ်းအားရှင် ဆိုသူ လူမိုက်ဂိုဏ်းကို ဖွဲ့စည်း ဦးဆောင်ခဲ့သူ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကို နှိမ်နှင်းရာတွင် အဓိက အခန်း မှ ပါဝင်ခဲ့ပြီး အာဏာရှင်များ၏ လက်ကိုင်ဒုတ် အဖြစ် အမှုတော်ထမ်းခဲ့သူ ဖြစ်သည်။
တကယ်တမ်းတွင် စစ်ရာဇဝတ်ကောင် အဖြစ် စာရင်း ဝင်ရမည့် ပုဂ္ဂိုလ်အား နိုင်ငံတော်ဈာပန ဖြင့် ဂုဏ်ပြုခံရဖို့ ဖြစ်လာသည်ကပင် လူထု ကို ၎င်းတို့ လုပ်ချင်ရာ လုပ်မည် ဆိုသည့် သဘော ပုဆိုးလှန်ပြလိုက်ချင်းပင် ဖြစ်သည်။
လက်ရှိတွင် အစိုးရ တရပ် အနေဖြင့် ကျုးလွန်နိုင်သည်ဟု တွေးယူ၍ပင် မရခဲ့သော ရာဇဝတ်မှု များကို တနိုင်ငံလုံး တွင် အုံနှင့် ကျင်းနှင့် ကျုးလွန်လာခဲ့ကြပြီ ဖြစ်သည်။
အာဆီယံ သည် ယခင် အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေလက်ထက် နှစ်ပေါင်း ၂၀ ခန့် အတွင်းတွင်လည်း မြန်မာ အရေး နှင့် ပတ်သက်၍ ဘာမျှ ထိထိ ရောက်ရောက်စွမ်းဆောင် နိုင်စွမ်း မရှိဘဲ ကိုယ်ကျိုးစီးပွားများ ကာကွယ်ရင်း ညီညွတ်မှု ရှိလေသယောင် ဟန်ဆောင်နေသည့် အဖွဲ့ဆိုသည်ကို ပြည်သူများက နောကြေအောင် သိထားကြပြီး ဖြစ်သည်။
ယခုအခါ မလေးရှား၊ အင်ဒိုနီရှား နှင့် ဖိလစ်ပိုင် တို့မှ နိုင်ငံခြားရေး ဝန်ကြီးများ စက်တင်ဘာလ လယ် တွင် မြန်မာသို့ ရောက်ရှိလာမည် ဖြစ်သည်ဟု ဆိုသည်။ လာရသည့် ရည်ရွယ်ချက်သည်လည်း မင်းအောင်လှိုင်၏ ရွေးကောက်ပွဲသည် မည်မျှထိ ပြီးပြည့်စုံအောင် စီစဉ်ထားသည်လဲ ဆိုသည်ကို တီးခေါက် စနည်းနာရန် ဖြစ်သည်ဟု ပြောဆိုလာသည်။
၎င်းတို့ တည်းမည့် ဟိုတယ် ခန်းများမှပင် လူထု ကို ဗုံးကြဲ တိုက်ခိုက်ရန် တဝေါဝေါ ပျံတက်သွားနေသည့် ရုရှား၊ တရုတ်လုပ် တိုက်လေယာဉ်များကို မမြင်ချင် အဆုံး မြင်နေကြမည်သာ ဖြစ်သည်။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် ယခုမှပင် အိပ်ယာမှ နိုးထ လာသူ များ အလား ရောက်ရှိလာကြပြီး ၎င်းတို မည်သို့မျှ မဖြေရှင်းနိုင်တော့ သော ပြဿနာကြီး ကို သူ့အလိုလို ပြေ လည် သွားသယောင် ဖန်တီးနိုင်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
လက်ရှိ တွင် အမျိုးသား ညီညွတ်ရေး အစိုးရ အပေါ် အားမလို အားမရ နှင့် ပြည်ပ စာနယ်ဇင်းများတွင် ရေးသား လာနေကြပြီ ဖြစ်သည်။
တဖက်တွင် NUG အစိုးရ အဖွဲ့ဝင်များ တိုင်းရင်းသား အဖွဲ့အစည်း များ နှင့် ဒူးတိုက် ဆွေးနွေး နေကြသည် ဆိုသော သတင်းများ လည်း ဒလစပ် ထွက်ပေါ်လာနေသည်။
NUG ဖက်က ငြိမ်နေလေ ဘာတွေ ကြံနေပြီလည်းဟုစစ်အုပ်စုသည် စိုးရိမ်မကင်း ဖြစ်လာနေပြီး ယခုထိ ရွေးကောက်ပွဲ ရက်ကို မကြေညာရဲ ဖြစ်နေသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက နိုင်ငံလုံး အနှံ့ထိုးစစ်ကြီး ဆင်နွှဲ ဖို့ ပြင်ဆင်နေပြီ ဆိုသည်က ထုတ်မပြောသော်လည်း သိသာနေပြီ ဖြစ်သည်။ ထိုသို့ မလုပ်နိုင်က တော်လှန်ရေးသည် ဇာတ်မျောကြီး ဖြစ်တော့မည် ဆိုသည်ကိုလည်း NUG သည် ကောင်းစွာ သိထားပြီး ဖြစ်သည်။ မိမိ၏ မေးမြန်းစုံစမ်းခဲ့သည်များကိုလည်း ထို အတိုင်းပင် အတည်ပြု ပေးခဲ့ပြီး ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!