နေမဝင် အင်ပိုင်ယာကြီး ကို အသက် စတေးခံ အံတုခဲ့သူ

by Hla Soewai - Jul 18 2020

သမိုင်းဆိုသည်ကား အတိတ်ကာလက လူ့ဘောင်အဖွဲ့အစည်း အတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများ ကို လေ့လာပြီး သင်ခန်းစာ ယူနိုင်ရန် ဖြစ်သဖြင့် ဖျောက်ဖျက်ပြစ်၍ ရကောင်းသည့် အရာ မဟုတ်သည့်အပြင် မလိုတမာ ကျေးဇူးမဲ့စကားများ ပြောရုံနှင့်လည်း သေးသိမ်အောင် ပြုလုပ်၍ ရနိုင်စရာ မရှိပေ။ ထို့အတွက် သိခွင့်မရခဲ့သော လူငယ်များ အတွက် ရေးသားလိုက်ရပေသည်။

ဗြိတိသျှ အောက်လွှတ်တော် တွင် ဗမာပြည်အရေး အား ပထမဆုံး အကြိမ် စတင် ဆွေးနွေးခဲ့ကြစဉ်တွင် အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီကြီးမှ ဗိုလ်ချုပ်နှင့် အပေါင်းအပါများကို ဖမ်းဆီးရန် ကျယ်လောင်စွာ တောင်းဆိုလာခဲ့ကြသည်။ ၎င်းတို့ အကြောင်းပြလာသည်မှာ ဗမာပြည်သူတို့၏ ယုံကြည်မှုကို ပြန်လည် ရရှိရန်ဟူ၍ ဖြစ်သည်။

သို့သော် ဝန်ကြီးချုပ် အက်တလီသည် မြန်မာပြည် တွင် အောင်ဆန်း နှင့် တွဲလုပ်ရန်မှ အပ အခြား ရွေးချယ်စရာ မရှိဟု ဆိုကာ အတိုက်အခံ တို့၏ တောင်းဆိုချက်ကို ပယ်ချလိုက်သည်။ ထိုအချိန်က ၁၉၄၅ ဇွန်လ အတွင်း ဖြစ်ပြီး ဗမာပြည် လွတ်လပ်ရေး အား အချိန် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရန် ဆိုသည့် ဗြိတိသျှ တို့ ရေးဆွဲထားသော စက္ကူဖြူ စာတမ်းသည် မှင်ပင် မခြောက်သေးပဲ လောလောလတ်လတ် ကြီး ရှိနေဆဲပင် ဖြစ်သည်။ ထိုသို့ ရွှေ့ဆိုင်းလိုက်ခြင်းမှာလည်း ကရင်၊ ကချင် ကဲ့သို့ တောင်တန်းဒေသသားများသည် ဗမာပြည်မှ ခွဲထွက်နိုင်စေရန် အချိန်ဆိုင်းလိုက်ခြင်းပင် ဖြစ်သည်။

၁၉၄၆ စက်တင်ဘာလ တွင် ဆာဟူးဘရန့်စ်သည် မြန်မာပြည် ဘုရင်ခံ အဖြစ် လွှဲပြောင်း တာဝန်ယူချိန်တွင်တော့ ဗမာပြည်တွင် တနိုင်ငံလုံး အတိုင်းအတာ နှင့် ဆင်နွှဲနေသော အထွေထွေ သပိတ်ကြီးကြောင့် အစိုးရ ယန္တရားများ ရပ်ဆိုင်းလုနည်းပါး ဖြစ်နေချိန်လည်း ဖြစ်ပေသည်။

စက်တင်ဘာ ၂ ရက်နေ့တွင် အိန္ဒိယ ၌ နေရူးသည် ဘုရင်ခံချုပ် အလုပ်အမှုဆောင် ကောင်စီ၏ ဒုဥက္ကဌ ဖြစ်လာခဲ့သည်။ ရန့်စ်သည် ဖဆပလ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့တွင် အလားတူ ရာထူးမျိုး ကို ဗိုလ်ချုပ်အား ပေးအပ်ရန် ကမ်းလှမ်းလာခဲ့သည်။ ၎င်း၏ ကမ်းလှမ်းချက်ကို လက်ခံသင့် မခံသင့် ဖဆပလ အဖွဲ့ချုပ်ကြီးအတွင်း နှစ်ပတ်ကြာ အကြိတ်အနယ် ဆွေးနွေးပြီးနောက် လက်ခံရန် ဆုံးဖြတ်လိုက်သဖြင့် ဗိုလ်ချုပ်သည် ဘုရင်ခံ အမှုဆောင် ကောင်စီ (ယာယီအစိုးရ) ၏ ဒုဥက္ကဌ (ဝန်ကြီးချုပ်) ရာထူးအပြင် ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့သည်။ အစိုးရ အဖွဲ့အတွင်း တိုင်းရင်းသား လူနည်းစုများ အပြင် ဒေါက်တာ ဘမော် နှင့် ဦးစော၏ နောက်လိုက်များပါ နေရာပေး ထည့်သွင်း ဖွဲ့စည်းခဲ့သည်။

ထိုအချိန်တွင် အသက် သုံးဆယ်သာ ရှိသေးသော ဗိုလ်ချုပ်သည် ဝန်ကြီးချုပ်ရာထူးကို လက်ခံခဲ့သော်လည်း တဖက်မှ ရရင်ရ မရရင် ချ ဆိုသော မူဖြင့် ဗမာလွတ်လပ်ရေး အား ၁၉၄၈ ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး အရယူပေးမည်ဟု တနိုင်ငံလုံးသို့ ကတိပေးခဲ့ပြီ ဖြစ်သည်။

ဗိုလ်ချုပ်သည် ချက်ခြင်းဆိုသလိုပင် ဒါဝစ် နှင့် ကင်းဘရစ်ချ် တက္ကသိုလ် ဘွဲ့ရ အိုင်စီအက် အရာရှိ ဦးတင်ထွဋ်အား အကြံပေး နှင့် ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ အစိုးရ ဖွဲ့ပြီးလျှင် ပြီးခြင်း တလ အတွင်းမှာပင် အစိုးရ ဝန်ထမ်းများ အား လစာများ တိုးမြှင့်ပေးလိုက်သဖြင့် ဖဆပလ အား လူထု ထောက်ခံမှု တဟုန်ထိုး မြင့်တက်လာခဲ့သည်။ သို့သော်လည်း ဗိုလ်ချူပ်နှင့် မယားညီအကို ဖြစ်သည့် သခင်သန်းထွန်း၏ ဗမာပြည် ကွန်မြူနစ်ပါတီကို ဘုရင်ခံ အလုပ်အမှုဆောင် အဖွဲ့တွင် ပါဝင်မှု အပေါ် ကန့်ကွက်လာသဖြင့် ဖဆပလ မှ အောက်တိုဘာလ အတွင်း ထုတ်ပယ်ပြစ်လိုက်သည်။ ဗိုလ်ချုပ်အဖို့ ကိုယ်ရေးကိုယ်တာ မိသားစု အရေးပါ ထိခိုက်ခံကာ ဆုံးဖြတ်ခဲ့ရခြင်းလည်း ဖြစ်သည်။ ကွန်မြူနစ်များသည် ဖဆပလ နှင့် လမ်းခွဲခဲ့ရုံတင်မကပဲ ထို့မတိုင်မီ ဆယ်လခန့်ကပင် ၎င်းတို့ အဖွဲ့အတွင်းမှ သခင်စိုးက အလံနီ ကွန်မြူနစ် ဆိုကာ ခွဲထွက်သွားခဲ့ပြီး သခင်သန်းထွန်း နှင့် အဖွဲ့အား 'ဘရောက်ဒါဝါဒ' သမားများဟု စွဲချက်တင်လိုက်သည်။ (ဘရောက်ဒါသည် အမေရိကန် ကွန်မြူနစ် ခေါင်းဆောင်ကြီး ဖြစ်ပြီး နယ်ချဲ့သမားများနှင့် အပေးအယူ လုပ်ခြင်းကို ဦးစားပေးသူ ဖြစ်သည်)

ဗမာပြည်၏ ဝန်ကြီးချုပ် ဖြစ်လာသော ဗိုလ်ချုပ်အား အောက်တိုဘာလအတွင်းမှာပင် နေရူးက စတင် ဆက်သွယ်လာပြီး ဗြိတိသျှ တို့ထံမှ လွတ်လပ်ရေး ရရန်အတူ တိုက်ပွဲဝင်သွားမည်ဟု အချက်ပြလိုက်သည်။ ထိုသို့ ဆက်သွယ်လာရသည့် နောက်ထပ် အကြောင်းတခုလည်း နေရူးတွင် ရှိနေပေသည်။ ဤသည်မှာ ဗမာပြည်ထဲတွင် ရှိနေဆဲ ဖြစ်သော အိန္ဒိယ တပ်သား ၁၂,၀၀၀ ကို ဗိုလ်ချုပ် တို့ ဖက်မှ အဆင်ပြေသည့် အချိန်တွင် ရုပ်သိမ်း ပေးပါမည်ဟု ပြောလို၍လည်း ဖြစ်သည်။ ၁၉၄၇ မတ်လ အတွင်း အာရှ ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရန်လည်း သဘောတူလိုက်ကြသည်။

အောက်တိုဘာလအတွင်း မှာပင် တိုင်းပြည်အတွင်း အခြေအနေများ အေးချမ်းတည်ငြိမ်အောင် ပြုလုပ်ပြီးချိန်၌ ၁၉၄၇ မတ်လအတွင်း အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန်၊ အားလုံးတပေါင်းတစည်းထဲ မဲပေးခွင့်ရရှိရန်၊ သူ၏ ရည်မှန်းချက် ဖြစ်သည့် Universal Suffrage အား ဗိုလ်ချုပ်က တိုင်းပြည်သို့ ချပြခဲ့သည်။ ဤသည်မှာလည်း အကြောင်းရှိနေပြန်သည်။ ဗြိတိသျှ အုပ်ချုပ်ရေး သမားများက ၁၉၃၅ အိန္ဒိယ အက်ဥပဒေ ဖြင့် ဗမာများသာ လူများစု ဖြစ်မနေစေရန် ဥရောပသားများ၊ အိန္ဒိယ လူမျိုး များ နှင့် တိုင်းရင်းသား လူနည်းစုများ အတွက် သီးခြားရွေးကောက်ပွဲများ ပြုလုပ်ပေးခဲ့သည်။ ဗိုလ်ချုပ်က ဗြိတိသျှ နယ်ချဲတို့ ၏ သွေးခွဲဆက်ဆံ အုပ်ချုပ်နေမှု ကို ဤနည်းဖြင့် အဆုံးသတ်ပေးလိုက်ကာ တောင်တန်းဒေသ အုပ်ချုပ်ရေးကို အစိုးရ လက်အောက် သွတ်သွင်းနိုင်ခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရကို ထူထောင်လာခဲ့သည်။

ဦးတင်ထွဋ်က ဗမာပြည် ဖွဲ့စည်းပုံ ရေးဆွဲရေးသည် အိန္ဒိယ နှင့် တပြေးညီ ဖြစ်နေစေရန် တိုက်တွန်းလာခဲ့သည်။ မကြာမီ အတွင်း ဝန်ကြီးချုပ် အက်တလီ နှင့် ဆွေးနွေးရန် ဗိုလ်ချုပ်နှင့် ဦးတင်ထွဋ်တို့ လိုက်ပါ၍ လန်ဒန် သို့ သွားမည့် ကိုယ်စားလှယ်အဖွဲ့ အတွက် စတင်ပြင်ဆင်လာခဲ့သည်။

၁၉၄၇ အစောပိုင်း တွင် လန်ဒန်သို့ ထွက်ခွာလာသော ဗမာ ကိုယ်စားလှယ်အဖွဲ့သည် နယူးဒေလီတွင် ခေတ္တဝင်ရောက် ရပ်နားစဉ် အိန္ဒိယ ဝန်ကြီးချုပ် နေရူးသည် ဗိုလ်ချုပ်အား ချစ်ခင်လေးစားစွာဖြင့် တရင်းတနှီး ကြိုဆို နှုတ်ဆက်ခဲ့သည်။ စစ်အနွေးထည်ကြီးနှင့် ရောက်လာမည်ကို သိနေသော ဗိုလ်ချုပ်အတွက် လန်ဒန်ရာသီဥတု နှင့် ကိုက်ညီမည့် ကုတ်အင်္ကျီ ကြီး နှင့် အဝတ်အစားများ ကို အသင့်ချုပ်လုပ်ပြီး အတင်းအကျပ် ပေးကာ ဝတ်ဆင်စေခဲ့ပြန်သည်။

လန်ဒန်သို့ ပထမဆုံး ရောက်လာခဲ့သော ဗိုလ်ချုပ်အတွက် နေရေးထိုင်ရေးသာမက အက်တလီနှင့် ဆွေးနွေးရေး တွင် အစစအရာရာ အဆင်ပြေရန် ဦးတင်ထွဋ်က စီမံပေးခဲ့သည်။ နှစ်ပတ်ကြာပြီးနောက်တွင် ဗိုလ်ချုပ်ပြောသည့် ၁၉၄၈ ဇန်နဝါရီ ၃၁ မတိုင်မီ လွတ်လပ်ရေး ပေးရန် အတွက် အက်တလီနှင့် သဘောတူညီချက် ရရှိခဲ့သည်။

ထို့အပြင် အက်တလီ သည် အသစ် ဖွဲ့စည်းလာမည့် တိုင်းပြုပြည်ပြု လွှတ်တော်မှ ဗြိတိသျှ ဓနသဟာယ အဖွဲ့အတွင်း ပါဝင်မည် မပါဝင်မည်ကိုပါ ဆုံးဖြတ်ပိုင်ခွင့်ပေးခဲ့သည်။ သို့သော် ကုလသမဂ္ဂတွင် ပါဝင်ရန်ကိုမူ ဗမာတို့ သဘောတူသည်ဖြစ်စေ၊ မတူသည် ဖြစ်စေ၊ ဗြိတိန်က ကမကထ ပြု အဆိုတင်သွင်းပေးမည်ဟုပါ ပြောလိုက်သည်။

ဗမာကိုယ်စားလှယ် အဖွဲ့နှင့် အတူ ပါလာသော ဦးစောသည် အောင်ဆန်း-အက်တလီ စာချုပ်ကို ပြင်းပြင်း ထန်ထန် ကန့်ကွက် ပြောဆိုလာခဲ့သည်။ ထိုသို့ ကန့်ကွက်ရန်လည်း ဘုရင်ခံချုပ်ဟောင်း ဒေါ်မန် စမစ် နှင့် အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီကြီး က သူ့အား မြှောက်ပင့်ပေးလာခဲ့သောကြောင့်လည်း ဖြစ်သည်။

ဗမာကိုယ်စားလှယ် အဖွဲ့သည် ၎င်းတို့ တည်းခိုရာ ဒေါ်ချက်စတာဟိုတယ်ကြီးတွင် နှုတ်ဆက်ပွဲ အခမ်း အနားပြုလုပ်ခဲ့ပြီး ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ပြန်ရောက်လျှင် ရောက်ချင်း ဗိုလ်ချုပ်သည် အချိန်မဆွဲပဲ ၁၉၄၇ ဖေဖေါ်ဝါရီ လ အတွင်းမှာပင် တောင်တန်းသားများ နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးရန်နှင့် ဖွံ့ဖြိုးရေး အကူအညီများ ပေးသွားရန် သဘောတူညီချက် ရရှိခဲ့သည်။ ၎င်းတို့အားလည်း ဆယ်နှစ်အကြာတွင် ခွဲထွက်ရန် ဆုံးဖြတ်ပိုင်ခွင့် ကိုပါ ပေးခဲ့သည်။

သို့သော် အဆိုပါ ဆွေးနွေးပွဲများသို့ ကရင်တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြခြင်း မရှိပေ။ ၎င်းတို့အား နိုဝဲလ် စတီဗင်ဆန် ခေါင်းဆောင်သော ဗြိတိသျှ အရာရှိများက သွေးထိုး မြှောက်ပင့် ပေးထားခဲ့သောကြောင့် ပင် ဖြစ်သည်။ ၎င်းက တောင်တန်းသားများ အပေါ် ဗြိတိသျှ အစိုးရ၏ သစ္စာဖေါက်မှုကြီးဟုပင် လူသိရှင်ကြား ရှုတ်ချပြောဆိုလာခဲ့ပြီး ပင်လုံ အစည်းအဝေးကို ကရင်တို့ သပိတ်မှောက်ရန် အောင်မြင်စွာ သွေးဆောင်နိုင်ခဲ့သည်။ ဗိုလ်ချုပ်သည် ကရင် အမျိုးသားတို့ ပါဝင်တက်ရောက်ရန် အထူးတလည် ကြိုးပမ်းခဲ့ရှာသည်။ ကရင်တို့သည် ဗိုလ်ချုပ်နှင့် ဆက်ဆံရေး အထူး ကောင်းမွန်နေသော်ငြားလည်း တက်ရောက်ရန် ငြင်းဆန်ခဲ့ကြသည်။

ဦးစော နှင့် ကရင် ခေါင်းဆောင်များက ဗြိတိသျှ အင်ပိုင်ယာကြီး အတွင်း ဒိုမီနီယံ အဆင့်အတန်း နှင့်ပင် တိုင်းပြည်စီးပွားရေး အား ဗြိတိသျှ ကုမ္ပဏီများ၏ အာမခံချက် ဆက်လက်ရရှိရေး (၎င်းအတွက် ငွေဝင်လမ်း ဖြောင့်မည့် အရေးကလည်း ရှိနေသည်) နှင့် ကာကွယ်ရေး တွင် နီးကပ်စွာ ဆက်ဆံသွားရေး ကို အထူးလိုလားသူများ ဖြစ်သဖြင့် ခေါင်းမာစွာ တင်းခံနေကြသည်။

ဗိုလ်ချုပ်ကလည်း ဗြိတိသျှတပ်အနည်းငယ်ကို ပြည်တွင်းတွင် ဆက်လက်ထားရှိပေးသွားမည်ဟု လိုက်လျော ပေးခဲ့သော်လည်း ယင်းအပေါ် ကွန်မြူနစ်တို့၏ အပြင်းအထန် ဝေဖန်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြန်သည်။ ဦးစော၏ ရပ်တည်ချက်သည် အက်တလီ အစိုးရ အဖို့ သဘောကျသည်ထက် ပင် ပိုသွားခဲ့ရသည်ဟု ပြော၍ရပေသည်။

ဗမာပြည် လွတ်လပ်ရေး အပေါ် ဗြိတိသျှ တို့၏ မဟာဗျူဟာသည် တောင်တန်းသားများ၊ အိန္ဒိယ တိုက်သားများ နှင့် အင်ဂလို အင်ဒီယန်းတို့၏ သဘောတူညီချက်ကို အမှီပြုထားသော်လည်း ကရင်တို့ ခွဲထွက်ရေး ကိုမူ ဆန့်ကျင်ခဲ့သည်။ ထိုသို့ သဘောမတူခြင်းမှာလည်း အကြောင်းနှစ်ရပ်ရှိနေသည်။ ပထမအကြောင်းမှာ ကရင်တိုင်းရင်းသားများသည် ကရင် ပြည်နယ်တခုအတွင်း ၌သာ ရှိမနေကြပဲ ဗမာပြည်အနှံ့ နေထိုင်ကြသူများ ဖြစ်နေခြင်း နှင့် ဒုတိယ တကြောင်းမှာ ကြီးထွားလာနေသော တရုတ် ကွန်မြူနစ်များ၏ အန္တရာယ်ကြောင့် စည်းလုံးညီညွတ်စွာ ရပ်တည်နေသော ဗမာပြည် အဖြစ် ရပ်တည်သွားရေးသည် ဗြိတိသျှ တို့ အတွက် အထူး အရေးပါနေသော ကြောင့်ပင် ဖြစ်သည်။

၁၉၄၇ ဧပြီလ ၇ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ခဲ့သည်။ မဲဆန္ဒပေးသူ အရည်အတွက် နည်းပါးခဲ့ပြီး ၄၉.၈% သာ လာရောက်မဲပေးခဲ့ကြသော်လည်း ဖဆပလသည် အမတ်နေရာ ၂၁၀ အနက် ၁၇၃ နေရာ ဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ ကွန်မြူနစ်များက ၇ နေရာသာ ရရှိခဲ့ပြီး ကရင်ပါတီ နှစ်ခုမှ ၂၄ နေရာ၊ အင်ဂလိုဘာမား များက ၄ နေရာ နှင့် တသီးပုဂ္ဂလက ၂ နေရာ တို့ အသီးသီး ရရှိခဲ့ကြသည်။

ဦးစော နှင့် ကရင် တိုင်းရင်းသား အများစု ကိုယ်စားပြုသော ပါတီများက ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ကြသည်။ ဇွန်လ ၁၁ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး တိုင်းပြုပြည်ပြု လွှတ်တော်ကို စတင်ကျင်းပခဲ့သည်။ ဗိုလ်ချုပ်သည် သူ၏ အစိုးရ အဖွဲ့တွင် ကရင်လူငယ်များ သမဂ္ဂ ခေါင်းဆောင် မန်းဘခိုင်အား စက်မှု ဝန်ကြီး အဖြစ်၎င်း၊ ရှမ်း လူမျိုးစု အကြီးအကဲ စပ်စံထွန်းအား တောင်တန်းဒေသ ဝန်ကြီး အဖြစ်၎င်း၊ ဖဆပလ အဖွဲ့ကြီးရှိ ထင်ရှားသော မူဆလင် ခေါင်းဆောင် ဦး ရာဇတ်အား ပညာရေး နှင့် အမျိုးသား စီမံကိန်း ဝန်ကြီး အဖြစ်၎င်း၊ ဦးတင်ထွဋ်အား ဘဏ္ဍာရေး ဝန်ကြီး အဖြစ်၎င်း ခန့်အပ်ခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို ထင်ဟပ်စေမည့် အစိုးရကို ကြိုးစားပမ်းစား ဖွဲ့စည်း ပေးခဲ့သည်မှာ ထင်ရှားလှပေသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ အခြေတကျ မဖြစ်မီမှာပင် ၁၉၄၇ ဇူလိုင်လ ၁၆ ရက်နေ့တွင် လန်ဒန်ရှိ ဗြိတိသျှ အစိုးရသည် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ထံမှ လွန်စွာ တုန်လှုပ်ခြောက်ခြားဘွယ် သတင်းကြီးကို လက်ခံရရှိခဲ့ကြသည်။ ရန့်စ် ၏ အစီရင်ခံစာထဲတွင် "အမျိုးအမည်မသိ အုပ်စု" တစုသည် ဗြိတိသျှ စစ်ဌာနချုပ်ရှိ လက်နက်တိုက်မှ ဘရင်းဂန်း အလက် ၂၀၀ နှင့် ကျည်ဆံ ၁၀၀,၀၀၀ အား လွန်ခဲ့သော သုံးပတ်ခန့်က ထုတ်ယူသွားကြကြောင်း၊ တချိန်တည်းမှာပင် စတင်းဂန်းကျည်တောင့် ၂၅,၀၀၀ နှင့် လက်နက်ငယ်မျိုးစုံ ကျည်တောင့် ၁၀၀,၀၀၀ ခန့်လည်း ထူးဆန်းစွာ ပျောက်ဆုံးနေသည်ဟု ပါရှိလာခဲ့သောကြောင့် ဖြစ်သည်။

ထိုသို့ လက်နက် အမြောက်အမြားကို အုပ်စုတစုလက်ဝယ် ရောက်ရှိနေသည့် အဖြစ်သည် ဗမာပြည်၏ နိုင်ငံရေး ချိန်ခွင်လျှာကို ပြောင်းလဲ ပြစ်နိုင်စွမ်း ရှိကြောင်း ဗြိတိသျှ တို့ ရိပ်စားမိလာကြသည်။ ထိုအချိန်တွင် ဗြိတိသျှ စစ်တပ် မှ အရာရှိဆိုးများက လက်ရှိ လုံးဝ လွတ်လပ်ရေးကို လိုလားနေသည့် ဗိုလ်ချုပ်အစိုးရအား ဖြုတ်ချပြီး ဒိုမီနီယံ အဆင့် အတန်း ကို သဘောတူ လက်ခံသည့် ဦးစောအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက် တော့မည် ဟူသော ကောလာဟာလများ က ရန်ကုန်တွင် ပျံ့နှံ့နေပြီ ဖြစ်သည်။ (စကော့တလန်နှင့် အိုင်ယာလန် ကုန်းမြင့်ဒေသများရှိ အောက်ခြေလူတန်းစားမှ မွေးဖွားကြီးပြင်းခဲ့သော ဗြိတိသျှ အရာရှိများက ရန်ကုန်တွင် တိုက်ကြီးတာကြီး နှင့် အစေခံများ စွာနှင့် မင်းညီမင်းသားတပါးလို နေရသည့် အဖြစ် မှ အင်္ဂလန်သို့ ပြန်ရောက်ပါက သာမန် စစ်အရာရှိ များ အဖြစ် သူလိုငါလို ဘဝနှင့် နေသွားကြရမည့် အရေးကို လွန်စွာ စိုးရိမ်ထိတ်လန့်နေကြခြင်းလည်း ဖြစ်သည်)။

ဤသို့ဖြင့် ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တွင် ခြောက်ပတ်သာ ရှိသေးသော ဗိုလ်ချုပ်၏ အမျိုးသား ညီညွတ်ရေး အစိုးရတဖွဲ့လုံး လုပ်ကြံခံခဲ့ရမှု နှင့် အတူ မွေးဖွားစ တိုင်းပြည် သည် မီးတွင်းထဲ၌ပင် သေရာပါ ဒဏ်ရာကြီး ရရှိသွားခဲ့သည့် အဖြစ်ဆိုးကြီး နှင့် ကြုံခဲ့ရပေတော့သည်။

လုပ်ကြံသူများက ဦးနုကိုပါ အစဖျောက်ရန် အိမ်သို့ ရောက်ရှိခဲ့ကြသော်လည်း ကံကောင်းထောက်မစွာ အိမ်တွင် မရှိသည့် အဖြစ်ကြောင့် အသက်ချမ်းသာရာ ရသွားခဲ့သည်။ ရန့်စ်သည် ချက်ခြင်းလိုပင် အစိုးရ အဖွဲ့ကို ဆက်လက်ဦးဆောင်ရန် ဦးနုကို တာဝန်ပေးခဲ့သည်။ နေ့လည်ပိုင်းမှာပင် စီအိုင်ဒီမှ သခင်သန်းထွန်း၏ အလံဖြူ ကွန်မြူနစ်များ နှင့် သခင်စိုး၏ အလံနီ များ လက်ချက် မဟုတ်ကြောင်း အခိုင်အမာ သိရှိလိုက်ပြီ ဖြစ်သည်။

ချက်ခြင်းလိုပင် ဦးစော၏ အိမ်အား ဝင်ရောက်ရှာဖွေရာ စတင်းဂန်းတလက် နှင့် ရိုင်ဖယ်သေနတ် ၁၈ လက်ကို သိမ်းဆည်းရရှိလိုက်ပြီး နံပတ်မပါပဲ ရပ်ထားသော သံသယ ဖြစ်ဖွယ် ဂျစ်ကားတစီးကိုပါ တွေ့ရှိခဲ့ကြသည်။ ဦးစော အိမ်အနီးရှိ အင်းယားကန်အား စုတ်ထုတ်ပြီး ရှာဖွေရာ ဘရင်းဂန်း ၃၇ လက်၊ ကျည်ကပ် ၅၉ ခု နှင့် ခြောက်လုံးပြူး ရှစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြသည်။

ဦးစော ပါတီ မှ ထိပ်တန်း ခေါင်းဆောင်တဦး၏ အိမ်အား ဆက်လက်ရှာဖွေရာ လက်ပြစ်ဗုံး ၄၄ လုံး နှင့် ဖောက်ခွဲရေး စနက်တံ ၄၉ ခုကို သိမ်းဆည်းနိုင်ခဲ့ပြန်သည်။ ဦးစောသည် ထိုလက်နက်များ အတွက် ဗြိတိသျှစစ်တပ်မှ အရာရှိ နှစ်ဦးထံမှ ဝယ်ယူခဲ့ကြောင်း သက်သေအထောက်အထားများအပြင် လက်နက်များကို ခိုးယူကြောင်း ဦးစောကိုယ်တိုင် ဝန်ခံသည်ကို ကြားလာသော ဗြိတိသျှ အရာရှိတဦးမှ သူ၏ အထက်အရာရှိထံ အစီရင်ခံခဲ့သော်လည်း အဆိုပါ အရာရှိကြီးက ရဲအား အကြောင်းမကြားပဲ မသိကျိုးကျွံ ပြုခဲ့သည်။

ဗြိတိသျှ တို့ ပါဝင်ပတ်သက်နေသည့် သတင်း များ အပြင်သို့ ပေါက်ကြားသွားလျှင် လူထုကြီး၏ ဒေါသသည် ဗြိတိသျှ အရာရှိများ ဖက် လှည့်ကာ တိုင်းပြည်တွင် အကြမ်းဖက်မှုများ ဖြစ်လာပါက လွတ်လပ်ရေး ရမည့် အရေး နှောင့်နှေးသွားနိုင်မည်ကို ကောင်းစွာသိရှိထားသော ဦးနုသည် ရရှိခဲ့သော အချက်အလက် အထောက်အထား အချို့ကို ဖုံးကွယ် ပြစ်လိုက်သည်။

ဤသို့ဖြင့် လုပ်ကြံမှုတွင် ညွှန်ကြားခဲ့သူ ဦးစော နှင့် ကိုယ်ထိလက်ရောက် ကျူးလွန်သူများသာ ကြိုးပေးခံခဲ့ရပေသည်။

သို့သော် ဦးစော၏ လည်ပင်းတွင် ကြိုးကွင်း စွပ်ပေးရုံမျှဖြင့် တိုင်းပြည်၏ ကြီးစွာသော ဆုံးရှုံးမှုကြီးကို ပြန်လည် အစားထိုး၍ မရနိုင်ခဲ့ပေ။ ပြည်သူတရပ်လုံးလေးစားကြည်ညိုပြီး လွတ်လပ်ရေး ရပြီးကာစ မြန်မာပြည်ကို ထိရောက်စွာ အုပ်ချုပ်သွားနိုင်မည့် ခေါင်းဆောင်တယောက် ဆုံးရှုံးသွားခဲ့ရသည်။ လွတ်လပ်ရေးရပြီး အစိုးရ သည်လည်း ခနော်နီ ခနော်နဲ့ ဖြင့်သာ တိုင်းပြည်ကို အုပ်ချုပ်နိုင်ခဲ့သဖြင့် နောက်ပိုင်းတွင် စစ်တပ်မှ အာဏာသိမ်းသည်အထိ ဖြစ်ခဲ့ရပြီး ကမ္ဘာတဝှမ်းက ရွံရှာမုန်းတီးခြင်း ခံခဲ့ရသည့် အခွင့်ထူးခံ စစ်အစိုးရ အဆက်ဆက် ပေါ်ပေါက်လာခဲ့ရပေတော့သည်။

(အချက်အလက်များအား Prasenjit K. Basu ရေးသားသော ‘ASIA REBORN’ စာအုပ်မှ ကောက်နှုပ်တင်ပြသည်)