အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။
12. MAKE EYE CONTACT AND SMALL TALK
ဤသည်က ယဉ်ကျေး ပျုငှာသည့် သဘော သက်သက် မဟုတ်၊ နိုင်ငံသား တဦး အနေနှင့်ကော တာဝန်သိ လူ့အဖွဲ့အစည်းဝင် တဦး အဖြစ်နှင့်ပါ တစိတ်တပိုင်း သက်ဆိုင်နေသည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင် နှင့် ထိတွေ့မှု ရှိပြီး လူမှုရေး အဟန့်အတားများကို ဖြိုဖျက်ပစ်ရာလည်း ရောက်သည်။ ထို့အပြင် မည်သူကို ယုံကြည်သင့်သည်၊ မည်သူကို မယုံကြည် ထိုက် ဆိုသည်ကိုလည်း သဘောပေါက် လာနိုင်သည်။
အကယ်၍ ကျွန်ုပ်တို့သည် တဦးကို တဦး လက်ညိုးထိုး အပြစ်ပုံချ တတ်သည့် ယဉ်ကျေးမှု ထဲ ဝင်ရောက်သွားခဲ့မည် ဆိုလျှင် မိမိ နေ့စဉ်ဘဝ၏ စိတ်ခံစားမှု ဆိုင်ရာ အခြေအနေကို နားလည်ထားဖို့ လိုပေလိမ့်မည်။
ကိုယ့်မင်းကိုယ်ချင်း အုပ်ချုပ်လိုသည့် အာဏာရှင် အစိုးရ မျိုးက နှစ်ဆယ်ရာစု နှစ် အတွင်း ဥရောပ ကုန်း မြေ ကြီး ပေါ်တွင် ထွက်ပေါ် လာခဲ့သည်။ ၎င်းတို့ကြောင့် ဒုက္ခ အသွယ်သွယ် ခံစားခဲ့ရသူ များ စိတ်သဏ္ဍန် တွင် လူ့ဂုဏ်သိက္ခာ ကို ဖေါ်ပြနေသည့် နူးညံ့ သိမ်မွေ့သည် အခိုက်အတန့်လေး တခုတော့ ထင်ကျန်ရစ်စမြဲပင် ဖြစ်သည်။
၎င်းတို့အဖို့က ၁၉၂၀ ကျော် ကာလများ အတွင်း ဖက်ဆစ် အီတလီ၊ ၁၉၃၀ ကျော် ကာလများ၏ နာဇီ ဂျာမဏီ၊ ၁၉၃၇-၃၈ ဆိုဗီယက် ယူနီယံ၏ သွေးပျက်အောင် ကြောက်လန့်ခဲ့ရသည့် ကာလများ၊ ၁၉၄၀-၅၀ ကာလများ အတွင်း အရှေ့ဥရောပ ကွန်မြူနစ် အစိုးရ များ ၏ ဖြုတ်ထုတ်သတ် ကာလများ အစရှိသည့် ဖိနှိပ် အုပ်ချုပ်ရေး ယန္တရားကြီး ၏ သားကောင် ဖြစ်ခဲ့ကြသူများ သည် ၎င်းတို့အား အိမ်နီးချင်းများက မည်သို့ မည်ပုံ ဆက်ဆံခဲ့ကြသည်ကို အမှတ်တရ ရှိနေခဲ့သည်ချည်း ဖြစ်သည်။
ပုံမှန် အခြေအနေတွင် လုပ်နေကျ ဖြစ်သည့် တွေ့လျင် ပြုံးပြ၊ လက်ဆွဲ နှုတ်ဆက်၊ ပဋိသန္တာရ စကား ဆို ခဲ့မှု များ သည် ဖိနှိပ်ချုပ်ချယ်မှု၏ သားကောင် ဖြစ် နေသူ များ အတွက် မူ ပြောမပြ နိုင်လောက်အောင် အရေးပါသည့် အားပေးမှုကြီး ဖြစ်ခဲ့ရသည်။
ထိုသို့ မဟုတ်ဘဲ မိတ်ဆွေ အပေါင်းအသင်းများက ၎င်းတို့နှင့် ဆုံ၍ မျက်နှာလွှဲသွားခြင်း၊ လမ်းတဖက်သို့ ကူးသွားခြင်း မျိုး နှင့် ကြုံလာရသည့် အခါ ၎င်းတို့၏ ကြောက်စိတ်များက ပို၍ ကြီးထွားသွားခဲ့သည်။
ယနေ့ သို့ မဟုတ် မနက်ဖန် တချိန်မဟုတ် တချိန် အမေရိကန် ပြည်ထောင်စု တွင် မည်သူသည် ခြိမ်းခြောက်ခံရမည့် အခြေအနေ မျိုး နှင့် ကြုံရမည် ဆိုသည်ကို တပ်အပ်သေချာ မပြောနိုင်ပေ။ သို့သော် သင့် အနေဖြင့် လူတိုင်းကို ဆက်ဆံနေကျ အတိုင်း ဆက်ဆံသွားမည်ဆိုက အချို့သော လူများ နေသာထိုင်သာ ရှိသွားကြပေလိမ့်မည်။
အန္တရာယ် အများဆုံး ကာလများ တွင် ထွက်ပြေး လွတ် မြောက်သွားသူ တို့ အဖို့က ယေဘုယျ အား ဖြင့် ၎င်းတို့ မည်သူကို ယုံစား၍ ရနိုင်သည်ကို သိကြသည်။ ထိုကဲ့သို့သော မိတ်ဆွေဟောင်းများ ရှိနေခြင်းကပင် အခက်အခဲများ ကြုံလာရလျင် နောက်ဆုံး အားကိုးရာ ဖြစ်လာတတ်သည်။ မိတ်ဆွေသစ်များ ဖွဲ့ခြင်းသည် အပြောင်းအလဲ ဆီသို့ ဦးတည်မည့် ပထမ ခြေလှမ်း ဖြစ်လာပေလိမ့်မည်။