အထက်ပါ ခေါင်းစဉ် ဖြင့် အမေရိကန် Foreign Policy မဂ္ဂဇင်းကြီး တွင် ယခုလို ရေးသားလာခဲ့သည်။
အာဏာ သိမ်းယူပြီး နိုင်ငံကို လေးနှစ်ကြာမျှ ဖျက်ဆီးခဲ့သည့် မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင်ပင် ဦးဆောင်ဦးမည့် ကြားကာလ အစိုးရ ဖွဲ့စည်းကာ အာဏာ လွှဲပေးခဲ့ပြန်သည်။
မင်းအောင်လှိုင်သည် နိုင်ငံအား ပြင်းထန်သော ဖိနှိပ်ချုပ်ချယ်မှုများ၊ ရက်စက်ကြမ်းကြုတ် လှစွာသော ရာဇဝတ်မှု များ ကျုးလွန်ခဲ့ပြီး နောက် ဇူလိုင် ၃၁ တွင် ကြေညာခဲ့သော အစိုးရ အပြောင်းအလဲ ဆိုကာ မိတ်ကပ် လိမ်းခြယ်ခဲ့မှု တွင် မူဝါဒ ရေးရာ ပိုင်း သိသိသာသာ ပြောင်းလဲလာမည် မဟုတ်ဟု လေ့လာသူများက တွက်ဆထားကြပြီး ဖြစ်သည်။
သို့သော် ၂၀၂၁ ဖေဖေါ်ဝါရီ မှစ၍ ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းချ ထားခဲ့ပြီးချိန်မှစ၍ ပြုလုပ်ပေးမည်ဟု ကတိပေးလာသော ရွေးကောက်ပွဲ ကို စတင် ပြင်ဆင်လာပြီ ဖြစ်သည်။
သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပါဝင်ရန် တားဆီးထားသည် ဆိုသော အချက်နှင့်ပင် အဆိုပါ ရွေးကောက်ပွဲသည် အလိမ်အညာ သာ ဖြစ်သည်ဟု ပြော၍ ရနေပေသည်။ ထိုအစား စစ်အုပ်စု၏ ပါတီ ဖြစ်သော USDP သည်သာ အနိုင်ရဖို့ ရှိနေသည်။
စစ်အုပ်စုကို အဓိက ထောက်ခံပေးနေသည့် တရုတ်သည် ရွေးကောက်ပွဲ အတွက် ဗိသုကာကြီး အဖြစ် ထွက်ပေါ်လာခဲ့သည်။ နိုင်ငံတကာ အကျပ်အတည်း များ လေ့လာရေး အဖွဲ့ အိုင်စီဂျီ၏ အစီရင်ခံစာ တွင်ရွေးကောက်ပွဲ အား စစ်အုပ်စု ပြိုလဲသွားမည့် အရေးမှ ကာကွယ်ပေး နိုင်သည့် "အပေးအယူ" တခု အဖြစ် ရှူမြင်ထားပြီး ဖြစ်သည်ဟု ပါရှိလာသည်။
၂၀၂၁ အာဏာသိမ်းပြီး ချိန်မှစ၍ အလွဲလွဲ အချော်ချော် ဖြစ်လာနေသော စစ်အုပ်စုကို လက်တကမ်း အကွာ မှ ထား၍ သံတမန်ရေး အရ အကာအကွယ် ပေးလာခဲ့သည်။ တဖက်တွင်လည်း ဂျက်တိုက်လေယာဉ်များ၊ ဗုံးများ ထုတ်လုပ်နိုင်ရေး အတွက် ပံ့ပိုးပေးလာခဲ့သည်။ သို့သော်လည်း နိုင်ငံ အနှံ လက်နက်ကိုင် တော်လှန်လာမှု နှင့် အတူ ၎င်းတို့၏ နယ်စပ် ဒေသ အပါအဝင် အခြေခံ အဆောက်အအုံ စီမံကိန်းများ လုံခြုံမှု မရှိ ဖြစ်လာသည့် အခါတွင်တော့ ငြိုငြင်စ ပြုလာသည်။
ယမန်နှစ်ကစ၍ တရုတ်သည် စစ်အုပ်စု အား အလွန်အကျွံ ပင် ကျားကန် ပေးလာခဲ့သည်။ စစ်အုပ်စု နှင့် အပစ်အခတ် ရပ်စဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အတင်းအကျပ် ဖိအား ပေးလာခဲ့၍ သိမ်းပိုက်ရရှိထားသော နယ်မြေ အချို့ကိုပင် ပြန်ပေးခဲ့ရသည်။ ထို့ပြင် အနောက်အုပ်စု နှင့် နီးစပ်လွန်းသည်ဟု ယူဆထားသည့် ဒီမိုကရေစီ အင်အားစုများ နှင့်ပါ အဆက်အသွယ် ဖြတ်ရန် ဖိအားခဲ့ပြန်သည်။ တရုတ် အဖို့က ဒီမိုကရေစီ အင်အားစု များသည် ၎င်းတို့ အတွက် စိတ်မချရသော မင်းအောင်လှိုင်ထက်ပင် ပို၍ ပြဿနာ ရှိလာနိုင်သည်ဟု ယူဆထား၍လည်း ဖြစ်သည်။
တရုတ်သည် မြန်မာ တွင် စစ်အုပ်ချုပ်ရေး ဆက်ရှိနေမည့် အရေးကို လိုလားသော်လည်း မင်းအောင်လှိုင်ကိုတော့ ဆက်ရှိမနေစေချင်တော့၊ ထို့အတွက် ရွေးကောက်ပွဲ ဆိုသည် ထွက်ပေါ်လာပြီး အရပ်သား အစိုးရ ပုံစံမျိုး၊ ဖြစ်နိုင်လျင် ၎င်းတို့မှ "အရည်အချင်း မရှိ" ဟု ယူဆထားပြီး ဖြစ်သည့် မင်းအောင်လှိုင် ထက်စာလျှင် အခြား တယောက်နှင့် ဆက်ဆံရန် လိုလားနေသော ကြောင့်လည်း ဖြစ်သည်။
ရွေးကောက်ပွဲ ပြီးလျင် အာဏာကို သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ် တို့ ခွဲယူကြရမည် ဖြစ်သည်။ လက်ရှိတွင် မင်းအောင်လှိုင်သည် ထိုရာထူး နှစ်ခုစလုံးကို ၎င်းတဦးတည်းက ဆုပ်ကိုင်ထားသည်။ လွှတ်တော်ထဲသို့ နိုင်ငံရေးသမား ရာပေါင်း များစွာ ဝင်ရောက်လာကြဦးမည်လည်း ဖြစ်သည်။ ယင်းနှင့် အတူ လွှတ်တော် ဥက္ကဌ ကိုလည်း အာဏာ ခွဲပေးရဖို့ ရှိလာနေသည်။
သို့ဆိုက ရွေးကောက်ပွဲ သည် နောက်ဆုံး တွင် အပြောင်းအလဲများ ထွက်ပေါ်လာနိုင်မည်လော။ လေ့လာသူ အချို့နှင့် သံတမန်များ မျှော်လင့်နေကြသည်က မင်းအောင်လှိုင်ကို ဖယ်ရှားပစ်နိုင်ခြင်း၊ ထိုထက် ပို၍ နီးစပ်မှု ရှိနေသည်က အာဏာခွဲဝေ ယူမည့် ပြိုင်ဖက်များ အား နေရာပေးလာခြင်းဖြင့် မင်းအောင်လှိုင်၏ ဩဇာအာဏာကို ကန့်သတ်ပေးနိုင်မည်ဟူ၍ ဖြစ်သည်။ အချို့ကလည်း ယင်းအား ကိုယ်ဖြစ်စေချင်သည့် ဖက် ဆွဲ တွေးနေမှု ဟု ဆိုကာ ပယ်ချခဲ့ကြသည်။
အကောင်းဖက်က ရှူမြင်သူများကမူ မင်းအောင်လှိုင်အား စစ်တပ် အသိုင်းအဝန်း အတွင်း လူကြိုက်မများ ဖြစ်နေမှု ကို ထောက်ပြခဲ့ကြသည်၊ စစ်မြေပြင်တွင် မကြုံစဖူးအောင် အရေးနိမ့်ခဲ့ရမှုများ ဆင့်ကဲ ဆင့်ကဲ ကြုံလာရမှု ကြောင့် စစ်ဖက် အရာရှိကြီးများ နှင့် အမျိုးသားရေး သမားများ၏ အပြင်းအထန် ဝေဖန်မှု ကို ခံခဲ့ရသည်။
လေ့လာသူများ ယုံကြည်နေကြသည်က USDP ကိုယ်နှိုက်ပင် မင်းအောင်လှိုင်ကို မုန်းတီးနေကြသည်။ ၎င်းကြောင့် နိုင်ငံ မတည်မငြိမ် ဖြစ်လာခဲ့မှု၊ စီးပွားရေး ပြိုလဲသွားမှု ကြောင့်တော့မဟုတ်၊ ၎င်းတို့ ဘက်တော်သားများ အမြဲလို လုပ်ကြံခံနေရမှု ကို အကာအကွယ် မပေးနိုင်သောကြောင့် ဖြစ်သည်၊ ၎င်းတို့ အဆိုအရ လူ ၃,၀၀၀ ခန့် သေဆုံးခဲ့သည်ဟု သိရသည်။
တချိန်တည်းမှာပင် မင်းအောင်လှိုင်သည် ၎င်းအား ဖယ်ထုတ်၍ မရအောင် ယခင် စစ်ခေါင်းဆောင်များထက်ပင် အာဏာကို သူတဦးတည်း လက်ဝယ် စုစည်းလာခဲ့သည်။ ၂၀၂၃ ခုနှစ် တရုတ်နယ်ခြား ဖက်တွင် နယ်မြေ အမြောက်အမြား လက်လွှတ်ခဲ့ရမှု အပေါ် လူသိရှင်ကြား ဝေဖန်မှုများ ဆက်တိုက်ဆိုသလို ခံခဲ့ရပြီး နောက် ဝေဖန်ပြောဆိုသူများကို ခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းဖြင့် အသံတိတ်သွားအောင် လုပ်ခဲ့သည်။
ဥပမာ အားဖြင့် USDP မှ ထင်ရှားသော အဖွဲ့ဝင်တဦးက မင်းအောင်လှိုင်၏ မဟာဗျူဟာ မြောက် စွမ်းဆောင်ရည်ကို သွယ်ဝိုက်ဝေဖန်ခဲ့သည်။ လှဆွေ ကလည်း မင်းအောင်လှိုင် သိသိသာသာ အရေးနိမ့်ခဲ့ရသည့် စစ်မျက်နှာ များ တွင် ယခင်က အခြား စစ်ခေါင်းဆောင်များ မည်သို့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပုံကို ချီးကြူး ရေးသား ထုတ်ပြန်လာခဲ့သည်။ မကြာမီ မှာပင် လှဆွေ သည် ခေတ္တ ထိန်းသိမ်းခံခဲ့ရပြီး လေသံ ပြောင်းသွားခဲ့သည်။ ၎င်းအား ဆက်သွယ် မေးမြန်းသည့် အခါ စစ်ခေါင်းဆောင်နှင့် သူ့အကြား မကျေနပ်စရာ ဘာမှ မရှိဆိုကာ ဖုန်းချသွားသည်ဟု မဂ္ဂဇင်းက ရေးသားထားသည်။
အကောင်းမြင်သူ များ အတွက်မူ မင်းအောင်လှိုင်အား ရွေးကောက်ပွဲ ဖြင့် ဖယ်ထုတ်နိုင်မည် ဆိုက ငြိမ်းချမ်းရေး အတွက် အရေးပါသော ခြေလှမ်း ဖြစ်လိမ့်မည်ဟု ယူဆနေကြသည်။ အနောက်တိုင်း သံတမန် တဦးက ရွေးကောက်ပွဲ ပြီးလျှင် ဒိုင်ယာလော့ ထွက်ပေါ်လာမည် လမ်းကြောင်း ဖြစ်သည်ဟု ပြောလာသည်။
လက်ရှိ စစ်အုပ်စု မှ ကျုးလွန် နေသော ရာဇဝတ်မှု များ တွင် မင်းအောင်လှိုင် ကိုယ်တိုင် ထဲထဲဝင်ဝင် ပတ်သက်နေ၍ ၎င်းကိုယ်တိုင် ငြိမ်းချမ်းရေး ကို ကမကထ ပြုလာမည် အရေးက မည်သို့မျှ ထင်စရာ အကြောင်း မရှိပေ။ မေလ ထဲမှာပင် စာသင်ကျောင်း တကျောင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးသူငယ် ၂၀ ခန့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ကေအင်ယူ ပြောခွင့်ရ တောနီး မှ စစ်တပ်အား အရပ်သား အုပ်ချုပ်မှု အောက်တွင် ထားရှိဖို့ သဘောတူမှသာလျင် ဆွေးနွေးရန် စဉ်းစားနိုင်မည်ဟု ပြောခဲ့သည်။ မင်းအောင်လှိုင် နောက်ဆုတ်သွားယုံမျှ နှင့် စစ်အုပ်စုနှင့် ဆွေးနွေးဖို့ မလွယ်ကူလှ ဟု ဆိုသည်။
မင်းအောင်လှိုင် နေရာဖယ်ပေးဖို့ က အလွန်အကျွံ မျှော်လင့်ရာ ရောက်နေပြီး သံတမန်များဖက်က ထိုသို့ ဖြစ်လာမည်ဟု အတင်းကာရော မျှော်လင့်နေကြပြီး ကိုယ်ဖြစ်စေချင်တာ ဆွဲတွေးနေတာသာ ဖြစ်သည်ဟု ဆိုသည်။
ရွေးကောက်ပွဲ အား ဒီဇင်ဘာ တွင် လုပ်ဖို့ စီစဉ်ထား၍ မင်းအောင်လှိုင် အတွက် ၎င်းအား သစ္စာခံမည့် သမ္မတ လောင်း တဦး သို့မဟုတ် အကယ်၍ သမ္မတ ရာထူး တက်ယူဖို့ မှန်းထားလျင် အမိန့်နာခံမည့် တပ်ချုပ်တဦး တင်မြှောက်ဖို့ စီစဉ်ရန် အချိန် အများကြီး ရနေသည်။ အကယ်၍ စစ်တပ် အတွင်းရှိ ပြိုင်ဖက်အုပ်စု ရှိနေ၍ စိတ်မချရဟု ယူဆပါက ရွေးကောက်ပွဲ ကို ဖျက်သိမ်း ပစ်နိုင်သည်။
ရွေးကောက်ပွဲ ပြုလုပ်ဖို့က လက်တွေ့အားဖြင့် အတော်လေး အခက်တွေ့နေရသည်။ စစ်တပ်လိုလားသည့် ရွေးကောက်ပွဲ အတွက် မဲဆွယ်ခြင်း နှင့် မဲရုံများသည် စစ်ရေး ပစ်မှတ်များ ဖြစ်လာနိုင်သည်။ အချို့ တိုင်း နှင့် ပြည်နယ်များ တွင် ၎င်းတို့ အုပ်ချုပ်ရေး လက်လှမ်းမှီသည့် နေရာများက ကွက်တိကွက်ကျားသာ ရှိနေသည်။ ချင်း နှင့် ရခိုင်တွင် ပြည်နယ် မြို့တော် လောက်သာ ထိန်းချုပ်ထား နိုင်စွမ်း ရှိတော့သည်။
မင်းအောင်လှိုင် အတွက်ကား ထိုသို့ မတည်မငြိမ် ဖြစ်နေခြင်းကပင် ၎င်းအတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာနေသည်ဟု ယူဆနေသည်။ ရွေးကောက်ပွဲ အား အိန္ဒိယ လုပ် အီလက်ထရောနစ် မဲပေး စနစ်ဖြင့် ရက်သတ္တပတ် ပေါင်းများစွာ ကြာသည် အထိ ခွဲ လုပ်သွားမည်ဟု ပြောထားပြီး ဖြစ်သည်၊ အီလက်ထရောနစ် မဲပေးစနစ်သည် ထွက်ပေါ်လာသော ရလဒ်ကို ၎င်း ကြိုက်သလို ညှိယူ၍ ရနေသည်။
သို့သော် NLD အား မဲလိမ်သည် ဆိုကာ အခြေအမြစ်မရှိ စွပ်စွဲထားသော စစ်တပ် အဖို့က အဆင်မပြေသည့် နည်းလမ်းတခု ဖြစ်လာသည်၊ စစ်တပ်သည် အာဏာရှင်ဆန်ဆန် အုပ်ချုပ်လိုသော်လည်း မကြိုက်၍ ပယ်ဖျက် ပစ်ရသည့် တိုင် ရွေးကောက်ပွဲ ကိုမူ သန့်သန့်ရှင်းရှင်း လုပ်လိုသည့် အစွဲက ရှိထား သော ကြောင့် ဖြစ်သည်။
မင်းအောင်လှိူင်သည် ဘီဂျင်း၏ ဖိအားပေးမှု များ၊ ခြိမ်းခြောက် အကျပ်ကိုင်မှု များ ခံလာရပြီး နောက်တွင် ရွေးကောက်ပွဲ လုပ်ပေးပါမည်ဟု ကတိပေးခဲ့ရသည်။ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်လာဦးမည် ဆိုသည်က စောင့်ကြည့်ရမည်သာ ဖြစ်သည်။
ရွေးကောက်ပွဲ ကို ဖျက်သိမ်းပစ်ခြင်း၊ တဦးတည်း အာဏာရှင် အဖြစ် အုပ်ချုပ်သွားရန် ဆုံးဖြတ်လာခြင်း မျိုးသည် ဘီဂျင်းအား ဒေါသူပုန်ထသွားစေမည့် လုပ်ရပ်မျိုး ဖြစ်သည်။ ဘီဂျင်းသည် ၂၀၂၃ အတွင်း နယ်စပ်ဒေသတွင် ထိုးစစ်ကြီး စတင်ဖို့ အချက် ပြခဲ့သည်ဟု စစ်တပ်ဖက်က အများအားဖြင့် ယူဆထားပြီး ဖြစ်သည်။
သို့သော် မင်းအောင်လှိုင်သည် တိုင်းပြည် ကော စစ်တပ်ပါ ပျက်စီးသွားသည်က အရေးမကြီး စစ်တပ်သည်သာ ၎င်း အာဏာဆုပ်ကိုင် ထားနိုင်ရေး အတွက် လိုအပ်သည့် လက်ကိုင်တုတ် အဖွဲ့အစည်းဟု ခံယူထားပြီး ဖြစ်သည်ကို အကြိမ်ကြိမ် ပြသခဲ့ပြီးလည်း ဖြစ်သည်။
ရွေးကောက်ပွဲသည် ၎င်း၏ ထိုသို့ ရပ်တည်နေမှု ကို ဖျက်လိုဖျက်ဆီး လုပ်လာနိုင်သည့် သဘောမျိုး ဖြစ်လာလျင် ၎င်းအနေဖြင့် တရုတ်ဖက်က မည်မျှပင် ဒေါသ ထွက်နေစေကာမူ ဆက်လုပ်သွားစရာ အကြောင်း မရှိပေ။
တရုတ်ကထိုသို့ ဖြစ်လာနိုင်သည်ကို ကောင်းစွာ သတိပြုမိပြီးလည်း ဖြစ်သည်။ တရုတ်မှ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် တွန်းအားပေးနေခြင်းကိုပင် ဘာလုပ်လို့ လုပ်ရမှန်း မသိအောင် အကြံတုံး ဉာဏ်တုံး ဖြစ်နေသည့် နိုင်ငံတကာ အသိုက်အဝန်း အဖို့ အောင်မြင်ဖို့ အခွင့် အလန်း နည်းပါးမှန်း သိသော်လည်း တခုခု များ ဖြစ်လာလေမလား ဟု မျှော်လင့်နေကြသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!