တောင်တရုပ် ပင်လယ်တွင် တင်းမာမှု အရှိန် မြင့်တက်လာနေ

by Hla Soewai - Jul 23 2020

ဇူလိုင်လ ၁၃ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယို က တောင်တရုတ် ပင်လယ်ပြင်တွင် တရုတ်တို့မှ ပိုင်ဆိုင်သည်ဟု ပြောနေသော Nine-dash-line သည် နိုင်ငံတကာ ဥပဒေများ အရ မည်သို့မျှ အဓိပ္ပါယ် မရှိဟု ဆိုကာ ပယ်ချလိုက်သော ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြင့် လက်ရှိ တင်းမာနေသည့် အနေအထားကို ထပ်မံ တိုးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။

 

တောင်တရုတ် ပင်လယ်သည် အမေရိကန်၏ ပေါ်လစီ ဖြစ်သော အင်ဒို-ပစိဖိတ် မဟာဗျူဟာအတွက် လွန်စွာ အရေးပါသော ဒေသဖြစ်သဖြင့် မိမိတို့ အနေအထားကို အခိုင်အမာ ရပ်တည်ပြလိုက်ခြင်း ဖြစ်သည်ဟု လည်း ၎င်း၏ ကြေငြာချက်တွင် ဖေါ်ပြထားပါတယ်။
တောင်တရုတ် ပင်လယ်အတွင်း တရုတ်နိုင်ငံသည် ၎င်း၏ပိုင်နက် ဖြစ်သော ရေမိုင် ၁၂ မိုင်ကို ကျော်လွန်ပြီး ငါးဖမ်းခြင်း၊ ရေနံတူးဖေါ်ခြင်း အစရှိသည့် လုပ်ရပ်များသည် တဖက်သတ် ဖြစ်ပြီး တရားမဝင်ဟုလည်း ဆိုပါတယ်။

 

ယခင် အမေရိကန် အစိုးရ အဆက်ဆက်က တောင်တရုတ် ပင်လယ်အတွင်း တရုတ်တို့၏ ပိုင်နက် အဖြစ် ကြေငြာထားမှုကို တရားဝင် သဘောထား ထုတ်ပြန်ခဲ့ခြင်း မရှိပဲ နေခဲ့ရာမှ ယခုအခါ ပထမဆုံးအကြိမ် အဖြစ် ပြောလာတာ ဖြစ်လို့ ထူးခြားနေပါတယ်။ ယခုလို ပြောလာတာကိုလည်း ကာယကံရှင် နိုင်ငံများက ကြိုဆိုခဲ့ကြပြန်ပါတယ်။

 

လက်ရှိ တွင် တရုတ်သည် အမေရိကန်တို့ ကပ်ရောဂါဘေးကြောင့် အာရုံများနေသည်ကို အခွင့်ကောင်းယူကာ ဟောင်ကောင်၊ တောင်တရုတ် ပင်လယ်နှင့် အိန္ဒိယ တို့ အပေါ် အတော် လွန်လွန်ကျူးကျူးတွေ လုပ်လာ နေ၍ ဖြစ်ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

 

တရုတ်၏ နိုင်းဒက်ရှ်မျဉ်း ဆိုသည်ကား တောင်တရုတ် ပင်လယ်အတွင်း dash လို့ ခေါ်တဲ့ မျဉ်းကြောင်းပြတ် ကိုးခု အား မြေပုံပေါ်တွင် ဟိုမှသည်မှ ပြန့်ကျဲကာ ပိုင်ဆိုင်မှု အဖြစ် ကြေငြာခဲ့ခြင်းမျိုး ဖြစ်တဲ့ အတွက် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် အင်ဒိုနီရှား ရေပိုင်နက်များအထိ ပါ ရောက်ရှိနေပါတယ်။

 

စိတ်ဝင်စားဖို့ ကောင်းနေရသည်က တရုတ်သည် ၎င်းတို့၏ ကမ်းရိုးတန်းမှ မိုင် ၂,၀၀၀ ကျော် အကွာမှာရှိတဲ့ နိုင်းဒက်ရှ်မျဉ်းကို ဘယ်က ဘယ်လို ရလာကြောင်း ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ရှင်းပြခဲ့တာမျိုး မရှိပဲ သမိုင်း အစဉ်အဆက် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်ကတည်းက ၎င်းတို့ ပိုင်ဆိုင် ကြောင်းသာ ပြောနေပါတယ်၊ ဒီလို စပြောလာတာကလည်း ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဂျပန်တို့လက်နက်ချအပြီး နယ်မြေများကို သူပိုင်ကိုယ်ပိုင် ခွဲခြမ်းလာချိန် ၁၉၄၇ ခုနှစ်တွင် ထိုအချိန်က ကူမင်တန် အစိုးရမှ စတင် ချပြလာခြင်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂသို့ တရားဝင် အကြောင်းကြားလာမှသာ နိုင်ငံအများအပြားနဲ့ ဥပဒေကြောင်းအရ အငြင်းပွားမှု ဖြစ်လာခဲ့ပြီး ဖိလစ်ပိုင်မှ နိုင်ငံတကာတရားရုံးကို ဝင်ရောက် ဆုံးဖြတ်ပေးရန် တင်ပြလာခဲ့တာ ဖြစ်ပါတယ်။

 

ဟိဂ် ရှိ နိုင်ငံတကာ ခုံရုံးမှ ၂၀၁၆ တွင် ဖိလစ်ပိုင် ကို တရားဝင် အနိုင်ပေးထားခဲ့ပြီး ဖြစ်သော်လည်း တရုတ်က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

 

မကြာမီကမှ တရုတ်သည် တောင်တရုတ် ပင်လယ်ရှိ ကျွန်းနှစ်ကျွန်း ကို ခရိုင် နှစ်ခု အဖြစ် သတ်မှတ်ပြီး အမျိုးအမည် သဏ္ဍာန် ၉၀ ကိုလည်း အမည်များ ပေးလာခဲ့တဲ့ အတွက် ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့မှ အပြင်းအထန် ကန့်ကွက်လာခဲ့ပါတယ်။

 

ဖိလစ်ပိုင်သည် ယခင်က အမေရိကန်တပ်များ လာရောက်လည်ပတ်မှု သဘောတူညီချက်ကို ဖျက်သိမ်းဖို့ စီစဉ်ထားတာကို နောက်ဆုတ်လိုက်ပြီ ဖြစ်ပါတယ်။

 

အင်ဒိုနီရှားကလည်း တရုတ် လုပ်ရပ်သည် မိမိတို့ အကျိုးစီးပွားကို ထိခိုက်နေတယ်လို့ ကုလသမဂ္ဂကို တိုင်တန်းစာ ပေးပို့ခဲ့ပြန်ပါတယ်။
ဝါရှင်တန် ရှိ တရုတ် သံရုံးမှ ကြေငြာချက် ထုတ်ပြန်ရာတွင် အမေရိကန်သည် ချဲ့ကား ပြောဆိုနေပြီး မိမိတို့နှင့် သက်ဆိုင်ရာ နိုင်ငံများ အကြား ရန်တိုက်ပေးနေခြင်း သက်သက်ဟု ပြောဆိုခဲ့ပါတယ်။

 

အမေရိကန်မှ လက်ရှိ ဂျာမဏီ တွင် စခန်းချထားသည့် အမေရိကန် တပ်များကို ဂူအမ်၊ ဟာဝိုင်အီ၊ အယ်လာစကား၊ ဂျပန်နှင့် ဩစတေးလျှ သို့ စေလွှတ်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။

 

စစ်အေး တိုက်ပွဲ အတွင်း အမေရိကန်တို့၏ မဟာဗျူဟာသည် ဆိုဗီယက်တို့ ကို ဦးတည်ခဲ့ပြီး၊ သက္ကရာဇ် ၂၀၀၀ ကျော်တွင် အရှေ့အလယ်ပိုင်းရှိ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကို အာရုံစိုက်ခဲ့ပေမယ့် ယခုအခါ တရုတ် အရေးက ထိပ်တန်း ရောက်လာနေပြီ ဖြစ်ပါတယ်။

 

ဒုတိယ မဟာဗျူဟာကတော့ လေကြောင်း ရေကြောင်း တိုက်ပွဲတွေ ဆင်နွှဲဖို့ ဖြစ်ပြီး တရုတ်ရဲ့ A2/AD (Anti-Access/Area Denial) ‘အဝင်အထွက် ပိတ်၊ အခြေချနိုင်ခွင့် တားမြစ်” ဗျူဟာ ဖြင့် တရုတ် ကမ်းရိုးတန်း ပတ်ပတ်လည်သို့ အမေရိကန် တို့ ဝင်ရောက်မလာရေးအတွက် တရုတ်တို့၏ စီမံချက်များကို၊ တာဝေးသွား နိုင်တဲ့ ဗုံးကြဲလေယာဉ်များ ရေငုပ်သင်္ဘောများ အသုံးပြုပြီး တန်ပြန်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အီလက်ထရောနစ် နဲ့ ဆိုက်ဘာ နည်းလမ်းများဖြင့် တရုတ်တို့၏ ဆက်သွယ်ရေး လမ်းကြောင်းကို ကမောက်ကမ ဖြစ်အောင် လုပ်နိုင်ဖို့ပါ ပြင်ဆင်လာနေပါတယ်။

 

တတိယ ဗျူဟာကတော့ ကာကွယ်ရေး အသုံးစရိတ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာ အာရှ-ပစိဖိတ် ဒေသတွင် အမေရိကန် စစ်သည်အင်အားမှာ ၁၃၁,၀၀၀ အထိ ရှိနေဆဲ ဖြစ်ပါတယ်။

 

လောလောဆယ် အမေရိကန် စစ်အင်အား တိုးချဲ့ ဖြန့်ကျက်ချထားရေး အတွက် စရိတ်စက ကျခံရန် ထရန့် အစိုးရ နဲ့ တောင်ကိုရီယား၊ ဂျပန်တို့ စေ့စပ်ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ယခင်က ဂျပန်သည် ‘ဒိုင်း” အဖြစ် ရှိနေပြီး အမေရိကန်တို့အား ‘လှံတံ’ အဖြစ် အသုံးပြုရေးမှ သည် ယခုအခါ မိမိတို့ကိုယ်တိုင် လှံတံကို ကိုင်စွဲဖို့ စဉ်းစားလာနေပြီ လို့ ဆိုပါတယ်။

 

မည်သို့ပင် ဆိုစေ တရုတ်တို့ ကာလကြာမြင့်စွာ ကြွေးကြော်နေတဲ့ ‘ငြိမ်းချမ်းစွာ ဦးမော့လာရေး” ဆိုသည်အပေါ် နိုင်ငံများက မိန်းမောမနေကြတော့ပဲ သတိဝီရိယ ကြီးစွာ ထားပြီး တုန့်ပြန်လာကြတဲ့ အတွက် တင်းမာမှုတွေ ဆက်လက် မြင့်တက်လာဖို့ ရှိနေပါတယ်။

 

(ဂျပန်နိုင်ငံထုတ် Nikkei Asia Review စာစောင်ပါ ဆောင်းပါးများမှ ကောက်နုတ်တင်ပြသည်)