အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒါ မိုဒီသည် ထျန်ဂျင်း တွင် ပြုလုပ်မည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက် ရေး အဖွဲ့ ထိပ်သီး အစည်း အဝေးသို့ တက်ရောက်ရန် ဂျပန် မှတဆင့် ရောက်ရှိလာပြီ ဖြစ်သည်။
ခုနှစ် နှစ် အတွင်း ပထမဆုံး အကြိမ် ရောက်ရှိလာ သော အိန္ဒိယ ဝန်ကြီးချုပ်အား ကော်ဇော်နီ ခင်း၍ တရုတ် အထက်တန်း အရာရှိကြီးများက ခမ်းခမ်းနားနုား ကြိုဆိုခဲ့ကြသည့် သတင်းဓါတ်ပုံများ ထွက်လာနေသော်လည်း မင်းအောင်လှိုင် အား ထိုသို့ကြိုဆိုခဲ့သည့် အ ထောက်အထားမျိုး မတွေ့ရသေးပေ။ ၎င်းအား တရုတ် သယံဇာတ ဝန်ကြီး ဂွမ်ကျိုးက ထျန်ကျင်းရှိ ပင်ဟိုင်း နိုင်ငံတကာ လေဆိပ်တွင် ကြိုဆိုခဲ့သည်ဟု သိရသည်။
မင်းအောင်လှိုင်သည် SCO သို့ တာလီဘန်များ နှင့် အတူ လေ့လာသူ အဖြစ် တက်ရောက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။
ယင်းနှင့် အတူ မင်းအောင်လှိုင်နှင့် ပါ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ မိုဒီက ကုန်သွယ်မှု၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ မြေရှားသတ္ထုများ နှင့် လုံခြုံရေး ကိစ္စများ ဆွေးနွေးခဲ့သည်ဟု သိရသည်။ မြန်မာ အားလည်း အိန္ဒိယ၏ အရှေ့အာရှ မူဝါဒ၏ အရေးပါသော ဒေါက်တိုင်ကြီး ဖြစ်သည်ဟု လည်း ပြောသွားခဲ့သည်။
ရွေးကောက်ပွဲ ပြုလုပ်မည်ကို ကြိုဆိုပြီး အားလုံး ပါဝင်နိုင်သည့် လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲ မှတတဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို လမ်းခင်းပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။ ဆွေးနွေးခြင်းသည်သာ နိုင်ငံတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု ရရှိလာမည့် တခုတည်းသော နည်းလမ်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ဒေါ်နယ် ထရမ့်၏ မဆင်မခြင် လုပ်ခဲ့မှူ ကြောင့် အိန္ဒိယ နှင့် အမေရိကန် တို့ ခွာပြဲနေပြီး QUAD အဖွဲ့ကြီး၏ အနာဂတ်လည်း မရေမရာ ဖြစ်လာနေသည်။ အိန္ဓိယသည် SCO ထိပ်သီး အစည်း အဝေး အား လွန်စွာ အရေးပါလာနေပြီဟု ယူဆနေချိန်လည်း ဖြစ်သည်။
တရုတ်သည် မြန်မာ အရေးတွင် ထဲထဲဝင်ဝင် ပတ်သက်ပြီး ၎င်းတို့ အကျိုးစီးပွားများ စိတ်ချရအောင် ဖန်တီးနိုင်ခဲ့သော်လည်း အိန္ဒိယ သည် "စောင့်ကြည့်မည်" ဆိုကာ ဖာသိဖာသာ နေခဲ့ခြင်းကြောင့် အိန္ဒိယ ၏ ဆက်သွယ်ရေး စီမံကိန်း နှစ်ခု ဖြစ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး နှင့် အိန္ဒိယ အရှေ့မြောက် ဒေသနှင့် မြန်မာအား ရေလမ်း၊ ကုန်းလမ်း နှင့် ချိတ်ဆက်မည့် ကုလားတန် ဘက်စုံ ကူးသန်း သွားလာရေး စီမံကိန်း များက ရေစုံ မျောနေပြီ ဖြစ်သည်။
လုံခြုံရေး ဖက်တွင်လည်း မြန်မာ ဖက်ခြမ်းရှိ လက်နက်ကိုင် အဖွဲ့များ နှင့် မဏိပူရ ရှိ ကူကီး အဖွဲ့များ အကြား ပို၍ ဆက်နွယ် ပတ်သက်လာခြင်းကို အိန္ဒိယ ထောက်လှန်းရေး အဖို့ စိုးရိမ်မကင်းစရာ ဖြစ်လာနေသည်။ နိုင်ငံတွင်း ပဋိပက္ခ ရှည်ကြာလာသည် နှင့် အမျှ အိန္ဒိယ အရှေ့မြောက်ဒေသတွင် စစ်သွေးကြွများ၏ ပုန်ကန်မှု ထပ်မံ ဖြစ်ပွားလာနိုင်သည်။
အိန္ဒိယ သည် မြန်မာ အရေး တွင် ကြားနေ နေ၍ မြန်မာ တော်လှန်ရေး အဖွဲ့များ၏ ရန်လိုလာမည့် အရေးကို ရှောင်ရှား နိုင်ခဲ့သည်၊ အကယ်၍ အိန္ဒိယ သည် မြန်မာ အရေး တွင် တရုတ် နှင့် ပူးပေါင်းလာမည်ဆိုက မြန်မာ တော်လှန်ရေး အဖွဲ့များ နှင့် ကန္တေ ကောစ ဖြစ်သွားနိုင်သည်။ တရုတ်ဖက်ကမူ သံတမန်ရေး၊ ကိုယ်ကျင့်တရား ပိုင်းတို့တွင် ရှိသမျှ အကုန်ထုတ်ကာ ပုံအော်ထားပြီး ဖြစ်သည်၊ SCO တွင်လည်း အမြဲတမ်း အဖွဲ့ဝင် ဖြစ်လာရေး ထောက်ခံ ပေးသွားမည်ဟု ရှီကျင့်ပင် က ပြောဆိုလာခဲ့သည်။
လက်ရှိတွင် မြန်မာသည် တရုတ် အပေါ် အလွန်အကျွံ မှီခိုနေရပြီး ကျေးဇူးခံ ကျေးဇူးစား ဘဝ နှင့် ရပ်တည် နေကြရပြီ ဖြစ်သည်။ ထို့အတွက် တရုတ် နှင့် ပေါင်း၍ မြန်မာ အရေး ဖြေရှင်းမည် ဆိုက အိန္ဒိယ အတွက် မြန်မာ တို့၏ သမိုင်း အဆက်ဆက် အိန္ဒိယ အား စာနာနားလည် မှု ဆုံးရှူံးသွားနိုင်သည်ဟု အိန္ဒိယ ရှိ The Federal စာစောင်တွင် ထောက်ပြထားသည်။
လက်ရှိတွင် ပြည်တွင်းစစ်သည် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း တရုတ်၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိအား အပြင်းအထန် ပေးခဲ့သည့် အတွက် စစ်အုပ်စုဖက်မှ ဆုံးရှုံးသွားသည့် နယ်မြေ အချို့ပြန်ရသွားခဲ့သော်လည်း ၎င်းတို့ တိုက်ယူရမည့် ဒေသ များက အမြောက်အမြား ရှိနေဆဲပင် ဖြစ်သည်ဟု ဆိုသည်။
ကုလသမဂ္ဂ နှင့် အင်အားကြီး နိုင်ငံများက ဝင်ရောက် ဖြန်ဖြေပေးခြင်း မရှိက တရုတ်လည်း စစ်အုပ်စု အား ကယ်တင်ဖို့သာ တတ်နိုင်ပြီး ပြည်တွင်း စစ်က ဆက်လက် ဖြစ်ပွားနေမည်သာ ဖြစ်သည်ဟု ရေးသားထားသည်။
တရုတ်သည် ပြဿနာ၏ အရင်းခံ ဖြစ်နေသော မင်းအောင်လှိုင်အား ဖယ်ရှားရန် လူစု ခဲ့ပုံရသော်လည်း ယခုလို အချိန်မျိုးတွင် ၎င်းနေရာအား မည်သူမျှ ဝင်ယူလို ပုံ မရ၍ နောက်ဆုတ်သွားပြီး ရွေးကောက်ပွဲ လမ်းကြောင်းဖြင့် မင်းအောင်လှိုင်အား ဖယ်ထုတ်နိုင်လိမ့်မည်၊ ဆက်၍ ပေကပ်နေကလည်း ရုပ်ပြ သမ္မတ အဖြစ် ထားနိုင်လိမ့်မည်ဟု တွက်ဆ လာပုံရသည်။
မင်းအောင်လှိုင် နှင့် ဆက်ဆံနေသူ မှန်သမျှ သည် မိမိတို့ တော်လှန်ရေး မအောင်မြင်နိုင်ဟု အထင်သေး နေကြ၍သာ ဖြစ်သည်၊ အထင်သေးသည်က အရေးမကြီး၊ ၎င်းတို့နှင့် ဆက်ဆံခွင့်ရနေ၍ စစ်အုပ်စု သည် လက်ရဲ ဇက်ရဲ ဖြစ်လာနေ ၎င်းတို့၏ လူမဆန်စွာ ရက်စက်စွာ ပြုကျင့်နေမှုများကို အတိုင်းအဆမဲ့စွာ ကျူးလွန် နေကြပြီ ဖြစ်သဖြင့် ယင်းနှင့် အတူ တော်လှန်ရေးသည်လည်း ခိုင်မာစွာ အမြစ်တွယ်လာခဲ့သည်။ စစ်တပ်သည် တိုင်းပြည်အပေါ် ဒဏ်ခတ်လာသည့် စီးပွားရေး ပိတ်ဆို့မှုများ အပေါ် လားလားမျှ အမှုမထားသည့် အပြင် စေ့စပ်ဆွေးနွေး ဖို့လည်း စိတ်ဝင်စားခြင်း မရှိ သည့် အနေအထားမျိုးကြောင့် တော်လှန်ရေး အင်အားစုများ အနေဖြင့် စစ်အုပ်ချုပ်ရေးကို မိမိတို့ ဖာသာ မိမိတို့ အဆုံးသတ်နိုင်တော့ မည့် အလားအလာများ ပေါ်ထွက်လာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!