တရုတ် သမ္မတ ရှီကျင့်ပင် နှင့် တွေ့ဆုံရာတွင် မင်းအောင်လှိုင်သည် ကျေးဇူး ဥပကာရ တင်ကြောင်း ရိုကျိုးစွာပင် ထုတ်ဖေါ်ပြောဆိုလာရသည်။
ပူတင် မှ ၎င်းအား လက်ခံတွေ့ဆုံပေးခဲ့သည့် အတွက် ကျေးဇူးတင်သည့် အနေဖြင့် "ကြွက်မင်းကြီး" ဟု ဂုဏ်ယူ ပြောဆိုခဲ့သလိုပင် ရှီကျင့်ပင် အားလည်း တခုခု တော့ ပြောရပေမည် ဆိုကာ စိတ်ထဲရှိသမျှ ထုတ်ပြောလိုက်ရခြင်းပင် ဖြစ်သည်။
"နိုင်ငံမြောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်နက်ကိုင် အုပ်စု များကို တရုတ်မှ ဖိအားများ ပေးလာသည့် အတွက် ရရှိလာခဲ့သော ငြိမ်းချမ်းသော အခြေအနေများ နှင့် စပ်လျင်း၍ မိမိအနေဖြင့် ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ငြိမ်းချမ်းရေး ရရှိလာမှသာလျင် နှစ်နိုင်ငံ အကြားနှင့် ဒေသတွင်းရှိ နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့် နိုင်မှာ ဖြစ်ပါတယ်။"
ထိုသို့ ပြောကြားခဲ့မှု သည် တရုတ်မှ ၎င်းတို့ အကျိုးစီးပွား အတွက် မြန်မာ၏ ပြည်တွင်းရေး တွင် ဝင်ရောက်စွက်ဖက် နေကြောင်း နိုင်ငံ အကြီးအကဲ ဆိုသူ မှ ပထမဆုံး အကြိမ် လူသိရှင်ကြား ပြောကြားလိုက်သလို အဓိပ္ပါယ် သက်ရောက်သွား၍ တရုတ်၏ စွက်ဖက်နေမှု ငြင်းမရအောင် ပေါ်လွင်လာပြီ ဖြစ်၍ တရုတ်၏ ရပ်တည်မှု ထိခိုက်သွားရပြီ ဖြစ်သည်။
မင်းအောင်လှိုင်က လက်ရှိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော ဒေသများ ဖြစ်သည့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း၊ တရုတ်ပြည်တွင် လက်ရှိ ဆောက်လုပ်နေဆဲ ကူမင်း-ရွှေလီ မြန်နှုန်းမြင့် ရထားလမ်း နှင့် ချိတ်ဆက်ပေးမည့် မန္တလေး-မူဆယ် ရထားလမ်း အပါအဝင် အခြား စီမံကိန်းများ အများ အပြား ရှိနေကြောင်း မစားရ ဝခမန်း ပြောသွားပြန်သည်။
တော်လှန်ရေး ကြီးသာ မအောင်မြင်ဟု ဆိုက မြန်မာ သည် တရုတ်လုပ်ချင်သည်များ အကုန် လိုက်လုပ်ပေးနေရမည့် ဩဇာခံ နိုင်ငံ ဘဝ လုံးလုံးလျားလျား ကျရောက်သွားတော့မည် ဖြစ်သည်။
တဖက်တွင်လည်း နိုင်ငံသားများကို လှုပ်မရ အောင် ဖိနှိပ် ထားချိန်တွင် တရုတ်နိုင်ငံသားများ ဥဒဟို ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ခွင့်ပြု ထွက် လုပ်လာကြပေတော့မည်၊ မိမိတို့ နိုင်ငံသားများကိုလည်း တရုတ် တို့က ကျွန်သပေါက် သဖွယ် ဆက်ဆံလာကြမည့် အရေးကိုလည်း ခေါင်းငုံ့ခံကြရတော့မည် ဖြစ်သည်။
နိုင်ငံ အကြီးအကဲမှ တရုတ်ကို ကျေးဇူး တင်ကြောင်း ရွှန်းရွှန်းဝေအောင် ပြောနေပြီ ဖြစ်၍ တရုတ် နိုင်ငံသား များ အဖို့ ဘယ်အရာကိုများ ဂရုစိုက်ဖို့ လိုပေတော့မည်နည်း။
မိုဒီ အဖို့လည်း မြန်မာ စစ်အုပ်စု သည် တရုတ်ဖက် လုံးလုံးလျားလျား ရောက်ရှိသွားသည့် အဖြစ်ကို လက်ခံလိုက်ရပြီ ဖြစ်သည်၊ အိန္ဒိယ အဖို့ ၎င်းတို့ အရှေ့မြောက် ဒေသ လုံခြုံရေး၊ လိုအပ်လျင် နိုင်ငံ အတွင်း ဝင်ရောက်တိုက်ခိုက် နိုင်ခွင့် ရရေး အတွက်သာ မျှော်လင့်စရာ ရှိတော့သည်။
ထိုသို့ အိန္ဒိယ ဝန်ကြီးချုပ် နှင့် တရုတ်သမ္မတ ရှီကျင့်ပင် တို့မှ စစ်ရာဇဝတ်ကောင် အဖြစ် သတ်မှတ်ခံထားရသော မင်းအောင်လှိုင်အား ဖက်လှဲတကင်း အရောတဝင် လုပ်နေကြချိန်တွင် ဂျပန် အစိုးရမှ စစ်တပ်၏ ရွေးကောက်ပွဲ ကို လက်မခံကြောင်း အတိအလင်း ကြေညာချက် ထုတ်ပြန်လာသည်။
လေးနှစ်ခွဲ ကြာ လာသည့် တိုင် ဖြေရှင်း နိုင်ခြင်း မရှိသေးသည့် အပြင် အခြေအနေများ ပို၍ ဆိုးဝါးလာအောင် ရွေးကောက်ပွဲ လုပ်မည်ဆိုက ငြိမ်းချမ်းစွာ ဖြေရှင်း ရေး နှင့် ဝေးကွာမည် ဖြစ်၍ ၎င်းတို့ လက်မခံ နိုင်ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာန မှ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။
ဂျပန်သည် ၁၉၅၄ ဂျပန်-မြန်မာ ငြိမ်းချမ်းရေး စာချုပ် ချုပ်ပြီးချိန်ကစ၍ စစ်လျော်ကြေး ဒေါ်လာ သန်း ၂၀၀ နှင့် ချေးငွေ အဖြစ် သန်း ၅၀ ထုတ်ပြီးချိန်မှစ၍ မြန်မာအား အရှေ့တောင်အာရှတွင် အရေးပါသော နိုင်ငံ အဖြစ် မှတ်ယူလာခဲ့ပြီး ဆက်ဆံလာခဲ့သည်။ အာဏာသိမ်းပြီး နောက်တွင် တရုတ်ဖက် ရောက်သွားမည် စိုး၍ ဆက်ဆံ ရေး ကို လုံးဝဥသုံ ပြတ်တောက်မသွားစေပဲ အရှိန်လျော့ကာ ထိန်းညှိ ဆက်ဆံလာခဲ့သည်။
ဂျပန်သည်လည်း မြန်မာ အား တရုတ်က လုံးဝ အုပ်စီး မိသွားပြီ ကို ရိပ်စားမိလာ၍ ပြတ်ပြတ်သားသား ပြောဆိုလာခြင်းလည်း ဖြစ်သည်။
တရုတ်ကွန်မြူနစ်တပ်များ သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့စစ်မျက်နှာမှာ တိုက်ခိုက်ခဲ့သည် ဆို သော သမိုင်းမှတ်တမ်း များ မရှိခဲ့။ ထိုအချိန်တွင် တတရုတ်ကွန်မြူနစ်ပါတီနှင့် ချန်ကေရှိတ်၏ အမျိုးသားပါတီ (Kuomintang - KMT) တို့ကြား ပြည်တွင်းစစ် အပြင်းအထန် ဖြစ်ပွားနေဆဲ ဖြစ်၍ မြန်မာ စစ်မျက်နှာကို တရုတ် ကွန်မြူနစ်တပ်များ အဘယ်သို့ ခြေချ နိုင်ပေမည်နည်း။
တကယ်တမ်း မြန်မာပြည်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တရုတ်တပ်ဖွဲ့များသည် ချန်ကေရှိတ် ဦးဆောင်တဲ့ တရုတ် အမျိုးသား တော်လှန်ရေး တပ်မတော် (Chinese National Revolutionary Army - NRA) တရုတ်ဖြူ တပ်များ သာ ဖြစ်သည်။
ထိုသို့ အာရှ-ပစိဖိတ် စစ်မျက်နှာတွင် ချန်ကေရှိတ်တပ်များ သည် မဟာမိတ်တပ်များ နှင့် လက်တွဲ တိုက်ခိုက်ခဲ့၍ ကျေးဇူး တင်သည့် အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် အဖြစ် နေရာပေးခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း အမေရိကန် နှင့် ကွန်မြူနစ် တရုတ် ပြည် ဆက်ဆံရေး ပြန်လည် တည်ဆောက်လာနိုင်၍ ၁၉၇၁ တွင် တိုင်ဝမ်အား ကုလသမဂ္ဂ မှ ဖယ်ထုတ်ပြီး တရုတ်ပြည်မကြီး အား အစားထိုး လာခဲ့ခြင်း ဖြစ်သည်။
တရုတ်တို့ဖက်က ယခုအခါ နှစ် ၈၀ မြောက် ဂျပန် အပေါ် စစ်အောင်နိုင်ခြင်း အထိမ်းအမှတ် အခမ်းအနား မတိုင်မီ ၎င်းတို့ မြန်မာအား ဒုတိယ ကမ္ဘာစစ် အတွင်း အတူ လက်တွဲတိုက်ခိုက်ခဲ့သယောင် အလိမ်အညာများ ရောချ ပြောဆိုလာခဲ့ကြသည်ကို တွေ့လာ ကြားလာရသည်။
လက်ရှိ အနေအထားကို မည်သို့မျှ တည်ငြိမ်စွာဖြင့် မရပ်တည်နိုင်တော့ပဲ နိုင်ငံရေး သမား ဆိုသူ အချို့က အားမလို အားမရ ဖြစ်ကာ သွေးရူးသွေးတမ်း ပြောဆို လာနေချိန်တွင် တော်လှန်ရေး အင်အားစု များက စစ်ရေး အရှိန်ကို မသိမသာ မြှင့်တင်လာနေကြပြီ ဖြစ်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့ကြား အာရှလမ်းမပေါ်တွင် ပိတ်မိနေသည့် အောင်ဇေယျစစ်ကြောင်းအား စစ်ကူပေးရန် စေလွှတ်လိုက်သည့် အင်အား(၂၀၀၀) ခန့်ပါ စစ်အုပ်စု၏ စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် ကော့ကရိတ်အကျော် နဘူး၊ကော့နွဲ့လမ်းမှာ ထပ်ပြီး ပိတ်မိသွားပြန်ပြီ ဆိုသော သတင်း။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်တပ်၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို တော်လှန်ရေးတပ်ဖွဲ့များက သြဂုတ်လ ၂၆ရက် သင်တန်းချိန် အတွင်း ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်ရာ စာသင်ခန်း အတွင်းရှိ တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူး စုစုပေါင်း ၂၀ ထက် မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိသွားသည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ပြည်သူ တို့၏ ခုခံစစ် မုချ အောင်ရမည်!!!