ကမ္ဘာကြီး၏ အနာဂတ်ကို ပြောဆို ဆွေးနွေးရန် နိုင်ငံ ခေါင်းဆောင်များ စုဝေးရောက်ရှိလာတတ်သည့် နေရာမျိုးသည် ဝါရှင်တန် ဒီစီ နှင့် နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ် တို့သာ ဖြစ်မည်ဟု ယူဆကောင်း ယူဆထားကြမည် ဖြစ်သည်။ ယခုအခါတွင်တော့ ရှီကျင့်ပင်သည် နိုင်ငံ ၂၀ ကျော်မှ သမ္မတ များ နှင့် ဝန်ကြီးချုပ်များကို ပင့်ဖိတ်လာနိုင်ပြီ ဖြစ်၍ လက်ခံရတော့မည့် အခြေအနေ အသစ် တခု ကို ပုံဖေါ်လိုက်ပြီ ဖြစ်သည်။
၎င်းတို့အား ထျန်ကျင်း တွင် ပြုလုပ်မည့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲ၊ ထိုမှတဆင့် ဘီဂျင်း တွင် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည့် အနှစ် ၈၀ မြောက် စစ်ရေးပြပွဲ တက်ရောက်ရန် အကြောင်းပြ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှီကျင့်ပင်တွင်တော့ ထိုထက်မက လေးနက်သည့် အကြောင်းများ ရှိနေသည်။ ၎င်းအနေဖြင့် တရုတ်သည် ကမ္ဘာခေါင်းဆောင်ကြီး အဖြစ်သာမက တည်ငြိမ် ဖွံ့ဖြိုးသော နိုင်ငံ ဖြစ်သည်ကို ချပြခွင့် ရသွားခဲ့သည်။ လက်ရှိ ကမ္ဘာတွင် မရေရာ မသေချာ မှု များ နှင့် ပြည့်နှက်လာအောင် ဖန်တီးလာနေသည်က အမေရိကန်ပင် ဖြစ်သည်။ နိုင်ငံတိုင်းလိုလို နှင့် ကုန်သွယ်ရေး စစ်ပွဲ ဖြစ်အောင် အစပျိုးလာခဲ့ပြီး ကွန်ယက်သဖွယ် ရှိနေပြီးသား စစ်ရေး နှင့် မဟာမိတ် အဖွဲ့အစည်းများကိုလည်း အောက်ခြေက လှိုက်စားလာအောင် ပြုလုပ်လာခဲ့သည်။
ဘီဂျင်းသို့ ရောက်လာသူများ စာရင်းကို ကြည့်မည်ဆိုက အထင်ကြီးစရာပင် ဖြစ်သည်။ ကမ္ဘာသမိုင်း တွင် မှတ်မှတ်ရရ အာဏာရှင် နိုင်ငံများ တစုတဝေး တည်း စုစည်းမိလာခြင်းဟု ဆို၍ရပေသည်။ ရုရှား၏ ဗလာဒီမာ ပူတင်၊ အီရန်၏ မာဆူးဒ် ပီဇက်ရှ်ကီယန်း၊ ဘဲလာရုစ်၏ အလက်ဇန္ဒား လူရှင်ကို တို့ပါ ရောက်လာကြသည်။ ကင်ဂျောင်အန်းသည်လည်း ၂၀၁၉ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် သံချပ်ကာ ရထားကြီး ဖြင့် ပေါက်ချလာခဲ့သည်။
ထိုအထဲတွင် သိသာ အထင်ရှား ဆုံးက ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အနောက်ကို ယိမ်းခဲ့ကြသည့် တူရကီ၊ အီဂျစ် နှင့် ဗီယက်နမ် နိုင်ငံ များ မှခေါင်းဆောင်များ ရောက်လာကြခြင်းပင် ဖြစ်သည်။ ထို့ထက် ပို၍ အသိသာဆုံး ဖြစ်လာရသည်က နာရန်ဒါ မိုဒီ ပင် ဖြစ်သည်။ အိန္ဒိယ သည် အမေရိကား မှ တရုတ်ဖက် ယိမ်းလာသည်ကို ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။ ဤသည်ကလည်း ထရမ့်မှ အိန္ဒိယ အပေါ် အခွန်အတုပ်များ မိုးထိ မြင့်အောင် ကောက်ခံလိုက်ခြင်း နှင့် မေလ အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သော ပါကစ္စတန်ကို ပွေ့ဖက်ခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။
ရှီက အမေရိကန် အပေါ် သံသယ ပွားနေသော ကမ္ဘာနိုင်ငံများ ညွန်ပေါင်း အဖွဲ့ကြီးကို ဦးဆောင်နေပြီ ဆိုသော အပြောသည် စိတ်ကူးယဉ် ဆန်သည်ဟူ၍တော့ ပြော၍မရ၊ ကုန်သွယ်ရေး နှင့် ပတ်သက်လျင် ကြိုတင် တွက်ချက် ခန့်မှန်းချင်ကြစမြဲ ဖြစ်သော နိုင်ငံအားလုံးအတွက် တရုတ်နိုင်ငံသည် တည်ငြိမ်မှု၏ ကျောက်ဆူးတစ်ခု ဖြစ်သည်ဟု ကြွားလုံးထုတ်ခဲ့ခြင်းသည် ယခုအချိန်တွင် အနည်းဆုံးတော့ အမှန်တရားနဲ့ နီးစပ်လာပါပြီဟု ဆိုရမည် ဖြစ်သည်။
တရုတ်သည် အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံ အများစု၏ အကြီးမားဆုံ ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်နေပြန်သည်။ ထိုအတူ ကမ္ဘာပေါ်ရှိ နိုင်ငံ ၁၀၀ ကျော်နှင့်လည်း အလားတူ အဆင့် မျိုး ရှိနေသည်။ ထရမ့် အစိုးရမှ ကုန်သွယ်ဖက် နိုင်ငံများကို စီးပွားရေး စစ်ပွဲ ဆက်တိုက် ဆင်နွှဲလာချိန်တွင် တရုတ်၏ ကုန်သွယ်လိုမှု ဝါဒ နှင့် နိုင်ငံတော် ဦးဆောင် အရင်းရှင် စနစ် တို့အား အပြစ်မြင်စရာ အဖြစ် မယူဆကြတော့ပေ။
အမေရိကန်သည် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ နှင့် နိုင်ငံများကို ဒေါ်လာ အခြေပြု ဘဏ္ဍာရေးစနစ် နှင့် နည်းပညာ ပလက်ဖေါင်းများမှ တဆင့် ဖြတ်တောက်နိုင်ဖို့ ပိုင်နက်ကျုးကျော် ခြိမ်းခြောက်လာပြန်သည့် အတွက် ဆန့်ကျင် နိုင်ဖို့ ၎င်းတို့အကြား နောက်ထပ် စည်းလုံးညီညွတ်စရာ အကြောင်းတခု ဖြစ်လာရပြန်သည်။ တခါက အပယ်ခံ နိုင်ငံများ နှင့် ဆိုးသွမ်းယုတ်မာသော နိုင်ငံများ၏ အကြောက်ဆုံး လက်နက် ဖြစ်ခဲ့ဖူးသည်၊ ယခုအခါ ထရမ့်သည် ထိုလက်နက်ကို ချုပ်တည်းရကောင်းမှန်း မသိဘဲ နေရာတကာ စည်းမဲ့ကမ်းမဲ့ ထုတ်သုံးလာသည်။
ရုရှား နှင့် တရုတ်သည် ဒေါ်လာ ဖြင့် ပေးချေမှုစနစ်မှ တဖြေးဖြေး ဖယ်ကျဉ်လာကြသည်။ ထိုအစား နောက်ထပ် ယုံကြည်ရသော စနစ်မျိုး တည်ဆောက်ဖို့က ထိုနှစ်နိုင်ငံစလုံးသည် တရားဥပဒေ စိုးမိုးမှု မရှိ ဖြစ်နေ၍ ခက်ခဲလွန်းသည့် စိန်ခေါ်မှု ကြီး ဖြစ်နေသည်။ သို့သော်လည်း နိုင်ငံများက ဒေါ်လာ အစား တခုခု ဖြင့် အစားထိုးနိုင်ရန် ပို၍ စိတ်ဝင်စားလာနေကြသည်။ ဥရောပ ပင် ဂလိုဘယ် ယူရို ဟု အစပျိုး လာနေပြီ ဖြစ်သည်။ မည်သည့် နိုင်ငံကမှလည်း အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်မှု ကို လိုက်လုပ်ပေးရန် စိတ်မဝင်စားကြတော့။
အာဏာရှင် နိုင်ငံများ အကြား စစ်ရေးဖက်တွင် ညီညွတ်မှုက ပြောပလောက်အောင် ဖြစ်မလာ။ စက်တင်ဘာ ၃ ရက်နေ့ တီယန်မင် စစ်ရေးပြပွဲသို့ အာဏာရှင် အသေးစား နိုင်ငံလေးများသာ တက်ရောက်ဖို့ ရှိနေသည်၊ အိန္ဒိယ သည် ၎င်းတို့ နှင့် တရုတ်တို့ အကြား ဟိမဝန္တာ နယ်ခြားဖက်တွင် တိုက်ပွဲ အသေးစား လေးများ ဖြစ်ခဲ့မှု ကြောင့် တရုတ်တို့ စစ်အင်အား တည်ဆောက်မှု ကို ကန့်ကွက်သည့် အနေဖြင့် တက်ရောက်မည် မဟုတ်ဟု သိရသည်။
အကယ်၍ အာဏာရှင်များသည် စစ်ရေးပြပွဲကို အချိန်အကြာကြီး စောင့်ကြည့်နေမည်ဆိုက ၎င်းတို့ အချင်းချင်းကြား ငြင်းခုံစရာကိစ္စတွေ အများကြီး တွေ့လာရနိုင်သည်။ အိမ်နီးခြင်း နိုင်ငံများသည် တရုတ်၏ နောက်ဆုံးပေါ် ဒုံးကျည် လက်နက်ဆန်းများ နှင့် အခြား လက်နက်များ ၎င်းတို့ ရှေ့မှ သယ်သွားသည်ကို တွေ့ရက စိတ်ထဲတွင် ခံစားချက် အမျိုး မျိုး ထွက်ပေါ်လာကြမည်သာ ဖြစ်သည်။
ယခုထိတော့ အာဏာရှင် နိုင်ငံများအကြား လုံခြုံရေး အရ ပူးပေါင်း ဆောင်ရွက်နေမှု သည် နက်ရှိုင်းလာနေသည်။ ရုရှား နှင့် မြောက်ကိုရီယားသည် အာကာသ နှင့် ဂြိုလ်တု စနစ်များ တွင် အတူတကွ လုပ်ဆောင်နေကြသည်။ ယူကရိန်း စစ်အား တရုတ်မှ ထောက်ခံမှု ပေးထား၍ အပြန်အလှန် အနေဖြင့် ရုရှားသည် ၎င်းတို့၏ နောက်ဆုံးပေါ် စစ်ရေး နည်းပညာများဖြစ်သည့် ရေငုပ်သင်္ဘော တွန်းကန် အားပေး စနစ် နှင့် ဒုံးကျည် ကာကွယ်ရေး စနစ်များကို တရုတ်သို့ ပေးလာနိုင်သည်ဟု ယူဆရသည်။
တဖက်တွင် နိုင်ငံတကာ အင်စတီကျုးရှင်းများ၊ စည်းမျဉ်း စည်းကမ်း ပိုင်းနှင့် ပတ်သက်လာလျင် ရှီ ၏ ကမ်ပိန်းသည် အားအနည်းဆုံး ဖြစ်နေသည်၊ ရှီ သည် ကမ္ဘာ အုပ်ချုပ်ရေး စနစ်အား လမ်းဆုံ လမ်းခွ သို့ ရောက်နေပြီဟု ပြောလာခဲ့သည်၊ စိတ်တူ ကိုယ်တူ နိုင်ငံများ နှင့် လက်တွဲ ၍ ကုလသမဂ္ဂ၏ ပဋိညာဉ် စာတမ်း နှင့် ရည်ရွယ်ချက်များကို ထိန်းသိမ်း ကာကွယ်သွားမည်၊ ပို၍လည်း တရားမျှတ မှု နှင့် အကျိုးတူ ခံစားခွင့် ရှိမည့် ကမ္ဘာအုပ်ချုပ်ရေး စနစ် တရပ် တည်ဆောက်သွားမည် ဟု တရုတ် မီဒီယာများတွင် ဖေါ်ပြလာသည်။
ထိုစကားရပ်များတွင် နိုင်ငံစုံ ဦးဆောင်ဦးရွက် ပြုသွားမည် ဟု အရည်ခြုံထားသော်လည်း တရုတ်ကို အကျိုးပြုမည့် ကမ္ဘာစနစ်ကြီး တရပ်နှင့် ၎င်းတို့နှင့် မိတ်ဖက် အင်အားကြီး နိုင်ငံများကသာ ဩဇာလွှမ်းပြီး နိုင်ငံငယ်များထက် အခွင့်ထူး ခံ ဖြစ်လာဖို့ ဦးတည်နေခြင်း ဖြစ်သည်။
အာရှရှိ မဆိုသလောက်သော နိုင်ငံများကလွဲ၍ ၎င်းတို့ ဒေသတွင် တရုတ်တို့ ကြီးစိုးလာမည်ကို မလိုလားကြပေ။
ရှီ၏ ပါတီပွဲ သို့ ရောက်လာသူတိုင်းသည်လည်း အရာအားလုံး သဘောတူကြလိမ့်မည် မဟုတ်၊ ၎င်း၏ SCO သည် နေတိုး မဟာမိတ် အဖွဲ့ကြီး နှင့် အကွာကြီး ကွာနေသည်။
ထရမ့်၏ အမေရိကား နှင့် စိတ်မသက်မသာ ဖြစ်လာကာ ဆန့်ကျင်လိုကြသည့် အရေးတွင်သာ ညီညွတ်မှု ရှိနေသည်က လွဲ၍ ထိုနိုင်ငံများ၏ သဘောထားသည် အခြေခံအားဖြင့် တူညီကြခြင်း မရှိပေ။
သို့သော် အကျိုးစီးပွားခြင်း ကွဲပြားနေသည့် နိုင်ငံများကို စုစည်း နိုင်ခြင်းသည် အားနည်းသည့် လက္ခဏာ တော့ မဟုတ်၊ မဟာ အင်အားကြီး နိုင်ငံများသာ တစ်မူထူးခြားစွာ လုပ်ပြနိုင်သည့် အရာမျိုး ဖြစ်သည်။ ကမ္ဘာနိုင်ငံ အတော်များများကို ထျန်ကျင်း နှင့် ဘီဂျင်းသို့ ထိန်းကျောင်း ခေါ်ဆောင်လာနိုင်သည့် မြင်ကွင်းသည် လွန်ခဲ့သည့် ငါးနှစ်က တွေးကြည့်၍ပင် မရသော ကိစ္စမျိုး ဖြစ်သည်။
သို့သော် တက်ရောက်လာသူများက တရုတ်တို့ ပဲ့ကိုင်မည့် ကမ္ဘာစနစ်သစ်ကြီးကို သဘောတူ၍ ရောက်လာကြခြင်း မဟုတ်၊ သို့သော် ထရမ့်သည် အမေရိကန်၏ အကျိုးစီးပွားကို မည်မျှ အတိုင်းအတာ အထိ ဖျက်လိုဖျက်ဆီး လုပ်ခဲ့ပြီး ဖြစ်သည် ဆိုသည်ကိုတော့ မီးမောင်းထိုးပြ နေပေသည်။
(၂၀၂၅ စက်တင်ဘာ ၂ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "Xi Jinping’s anti-American party" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)