စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်သည် ဂျပန် ကို စစ်အောင်နိုင်ခြင်း နှစ် ၈၀ မြောက် အခမ်းအနားသို့ တက်ရောက်ရန် ဘီဂျင်းသို့ ရောက်ရှိလာစဉ် အတွင်း ၎င်းကဲ့သို့ပင် ပြုံယမ်း မှ သံချပ်ကာ ရထားကြီး ဖြင့် ဆိုက်ရောက်လာသော မြောက်ကိုရီယား ခေါင်းဆောင် ကင် ဂျောင် အွန်း နှင့် တွေ့ဆုံ ဖြစ်ခဲ့သည့် သတင်းဓါတ်ပုံ ထွက်ရှိလာသည်။
စစ်အုပ်စု မီဒီယာ များ မှ ထိုသို့ ဖြတ်သွားဖြတ်လာ တွေ့ခဲ့ရမှု အပေါ် အတင်းကာရော ဝါဒ ဖြန့်နေသော်လည်း ဓါတ်ပုံသည် စကားလုံး ထောင်သောင်း မက ပြောပြနေသယောင် ထင်ရသည်။
ဓါတ်ပုံ ထဲတွင် တန်းတူရည်တူ စကား ပြောဆိုခြင်းမျိုး မဟုတ်ဘဲ မင်းအောင်လှိုင်မှ "အဆွေတော် ကျန်းခမ်းသာလို့ မာပါစ" ဟု အတင်း အူယား ဖားယား သွားရောက် နှုတ်ဆက် နေသည်ကို အတိုင်းသား တွေ့မြင်နေရသည်။
အရပ်အမောင်း အားဖြင့်လည်း ကင်ဂျောင်အွန်းထက်ပင် ပုနေသေးသည်။
ရှီ နှင့် တွေ့ဆုံရာ တွင်လည်း ဆုရ ကျောင်းသား တဦး နှင့် ကျောင်းအုပ်ကြီး တို့ အတူ တွဲရိုက်ထားသည့် ပုံ မျိုး ထွက်နေသည်။
ကိုယ့်ကိုကိုယ် သိမ်ငယ်နေသူ တဦး၏ ဟန်ပန် အမူ အရာ များ အတိုင်းသား တွေ့နေရသည်။ ဤသည်ကို ထပ်မံ ထင်ရှားစေသည်က ၎င်းတို့အား နိုင်ငံတကာ မှ တိုး၍ အသိအမှတ် ပြုလာနေပြီ ဟု ဇော်မင်းထွန်း မှ ပြောလာခြင်းပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် ဝါဒ ဖြန့်ချီနိုင်ရန် တက်ရောက်လာသည့် နိုင်ငံပေါင်း ၂၀ ကျော်မှ သမ္မတ များ ဝန်ကြီးချုပ်များထဲမှ မည်သူ မဆို နှစ်ဦးချင်း တွေ့ဆုံခွင့် ရရန် စီစဉ် ခိုင်းမည် ဖြစ်သော်လည်း ယခုထိ ရှီကျင့်ပင်၊ မိုဒီ၊ လာအို သမ္မတ တို့ နှင့် သာ တွေ့ခွင့်ရသေးသည်ဟု ယူဆရသည်။
ဤသည်ကို ကြည့်က ၎င်းနှင့် ဆက်ဆံနေသူ မှန်သမျှ သည် ကိုယ်ကျိုးစီးပွားများ ရှိနေကြသူများသာ ဖြစ်သည် ဆိုသည်မှာ ထင်ရှားနေသည်။
ကင်ဂျောင်အွန်း နှင့်လည်း တရားဝင် တွေ့ဆုံသည့် သတင်း ထွက်ပေါ်မလာပေ။
ကင်ဂျောင်အွန်းသည် လက်ရှိ တွင် ဒေါ်နယ် ထရမ့်မှပင် တွေ့ဆုံခွင့် ရရန် ကြိုးပမ်းနေချိန်တွင် အာဏာရှင်ချင်း အတူတူ ပင် လေးစားလောက်စရာ မရှိသူကို အဘယ်သို့များ အရေးတယူ တွေ့ချင်ပေမည်နည်း။
ဆရာသမား ဖြစ်သူက ပြည်ပ ခေါင်းဆောင်များက မျက်နှာ အောက်ချ ဆက်ဆံနေချိန်တွင် လက်အောက် ဗိုလ်ချုပ်များကလည်း ရွေးကောက်ပွဲ အတွက် ဓါးဓါးချင်း လှံလှံချင်း ဆိုကာ အဖွဲ့ဝင် ၁၄ ဦး ပါ "လုံခြုံရေး ကြီးကြပ်မှု ဗဟိုကော်မတီ" ဆိုသည်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
၎င်းတို့ အကြောက်တရား ၏ စေ့ဆော်မှု ဖြင့် ပြူးပြူးပြာပြာ လုပ်လာနေသော လုပ်ရပ်များကြောင့် ရွေးကောက်ပွဲ တွင် အတင်းအကျပ် ခိုင်းစေခံရမည့် ဝန်ထမ်း များ အဖို့က ရှေ့တန်းစစ်မျက်နှာ သို့ စစ်ထွက် ရသကဲ့သို့ ကျီးလန့်စာစား ဖြစ်လာကြပေတော့မည်။
မဲရုံတဝိုက်တွင်လည်း သေနတ်ကိုင် လုံခြုံရေး များ ထူထပ်စွာ ချထားပြီး အုပ်ကြီး ဆိုသူများက တအိမ်တက် ဆင်း အတင်းအကျပ် မဲထည့်ခိုင်းမည့် ကမ္ဘာ တွင် တခါမျှ မရှိခဲ့ဖူးသည့် ရွေးကောက်ပွဲ မျိုး တွေ့ကြရပေတော့မည်။
ဤသည်ကား လူ့အဖွဲ့အစည်း အပေါ် တရားဥပဒေ ဗန်းပြပြီး ဖိနှိပ်ချုပ်ချယ်မှု များ တဆင့်ပြီး တဆင့် တိုးလုပ်လာသည့် ၎င်းတို့ လုပ်နေကျ အကျင့်စာရိုက် အတိုင်း ဖြစ်ပြီး ရှေ့လျောက် ဒီဇင်ဘာ ၂၈ မတိုင်မီ အထိ ပိုမို ပြင်းထန်လာဦးမည်ဟု မြန်မာ အရေး ကျွမ်းကျင်သူ ဒေးဗစ် စကော့ မေသီဆန်က DVB သို့ ပြောပြခဲ့သည်။
ရှီ ကျင့်ပင်သည် ကုလ ပဋိညာဉ် စာတမ်း နှင့် ရည်မှန်းချက် များ ကို ထိန်းသိမ်းစောင့်ရှောက်သည့် စနစ်မျိုး ထူထောင်မည်ဟု ပြောနေသော်လည်း လက်တွေ့တွင်မူ ဒေသတွင်း တည်ငြိမ် ရေး နှင့် ငြိမ်းချမ်းရေး ကို အကြီးအကျယ် ခြိမ်းခြောက်လာနေသည့် မင်းအောင်လှိုင် တို့ စစ်အုပ်စု အား ခေါ်ပြီး ကမ္ဘာအလယ်တွင် ပွဲထုတ်ပေးနေသည်။
တဖက်တွင်လည်း ကုလ လူ့အခွင့် အရေး ကော်မရှင် အကြီးအကဲ ဗော်ကာ တပ်ခ် မှ ရခိုင်ပြည်နယ် အတွင်း ရက်စက်ကြမ်းကြုပ်စွာ ကျူးလွန် နေမှု များသည် ၂၀၁၇ အတွင်း ကြုံခဲ့ရသည် များ နှင့် တထပ်တည်း ကျလာနေ၍ ကုလ လုံခြုံရေး ကောင်စီ အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံးသို့ လွှဲပြောင်းပေးရန် ထပ်မံ တောင်းဆိုလိုက်ပြန်သည်။
စစ်အုပ်စုသည် ကမ္ဘာအလယ်တွင် အသိအမှတ် ပြုခံရရန် လျှာထွက် မတတ် လုံးပမ်းနေသော်လည်း တဖက်တွင် ၎င်းတို့ အသက်ဆက်နိုင်ရေး အတွက် လူထု ကို လူမဆန်စွာ ဖိနှိပ် နေရပြန်၍ ဘဲစား ဘဲချေ အဖြစ်မျိုး နှင့် ရပ်တည်လာရသည်မှာ ယခုထိပင် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!