ပြည်သူ တို့ အပြင်းပြဆုံး ဆန္ဒ အထွပ်အထိပ် ရောက်ပြီ

by Hla Soewai - Sep 08 2025

ယနေ့သည် အမျိုးသား ညီညွတ်ရေး အစိုးရ မှ နိုင်ငံသား အားလုဲး အတွက် ဓမ္အ အန္တရာယ်ကြီးလို ဖြစ်လာနေသော အာဏာရူး စစ်ဗိုလ်ချုပ် များ အား ဖယ်ရှားရန် လက်နက်ကိုင် တော်လှန်ရေး ကို စတင်လာခဲ့သည် မှာ လေးနှစ် ပြည့် မြောက်လာခဲ့ပြီ ဖြစ်သည်။

 

လက်နက်ကိုင် တော်လှန်ရေး ဆိုသည်က လူထု ၏ ‌ဟစ်အော် တောင်းဆိုမှု များ အာဏာပိုင်များဖက်မှ လိုက်လျော‌ ပေး မည့် အလားအလား များ လုံးလုံးလျားလျားကွယ်‌ ပျောက် သွားပြီဟု ကြိမ်းသေသွားသည် နှင့် အမျှ လူထု အတွက် တရားမျှတ မှု ကို အကောင်အထည် ဖေါ်နိုင်ရေး အတွက် လိုအပ်ချက် တခု အဖြစ် ပေါ်ပေါက်လာခဲ့ရခြင်းလည်း ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်များဖက်ကလည်း ၎င်းတို့ လုပ်ရပ်များသည် နိုင်ငံ နှင့် လူမျိုး ကို မည်မျှ အထိ ဒုက္ခပေးနေသည်ကို ယခုထိ နားမလည် နိုင်ကြသေးသူများ ဖြစ်သည်။ ၎င်းတို့ အတွက် တိုင်းပြည်မှ နေတသီတတန်းကြီး အကျိုးအမြတ်များစွာ အဆင့်ဆင့် ရရှိနေကြသည့် ခေါင်းပုံဖြတ် အမြတ်ကြီးစား လူတန်းရှည်ကြီးထဲတွင် နောက်ဆုံးမှနေ၍ အကြွင်း အကျန် ရိက္ခာမျှ လောက်သာ လက်ခံရရှိသူ စစ်သား များကလည်း အသက်ကို စတေး၍ တိုက်ခိုက်ပေးနေဆဲပင် ဖြစ်သည်။ အိမ်ကြက်ချင်း အိုးမည်းသုတ်၍ ခွပ်ခိုင်းနေသည်ကိုလည်း ပျော်ပျော်ကြီး ခွပ်နေကြဆဲ ဖြစ်သည်။

 

ပြည်သူ များကလည်း မိမိတို့ ၏ ခေါင်းဆောင် ဖြစ်သူ ၏ ကျန်းမာရေး ချို့ယွင်းလာမှု ကြောင့် အမြန်ဆုံး လွတ်မြောက် ရေး နှင့် ဆင်နွှဲနေသည့် တော်လှန်ရေး အောင်မြင်ရာ အောင်မြင်‌ ကြောင်း ဖြစ်လာဖို့ကိုသာ အားတက်သရော ထောက်ခံဖို့ ပို၍ အာရုံစိုက်နေကြပြီ ဖြစ်သည်။ မိမိတို့အပေါ် တသက်လုံး ဗိုလ်ကျ အနိုင်ကျင့်လာသူများ တနည်းနည်း နှင့် ဆက်၍ ရပ်တည်သွားမည့် အဖြစ်ကို မည်သူမျှ မလိုလားကြတော့။ ‌ဤသည်ကား လက်ရှိ ပြည်သူတို့၏ ပြင်းပြသော ဆန္ဒ အစစ်အမှန်ပင် ဖြစ်သည်။

 

သို့သော် လူထု ဖက်က ဆန္ဒရှိနေယုံ ဖြင့် မပြီး ၎င်းတို့အား ဆန့်ကျင်သည့် သပိတ် တိုက်ပွဲများလည်း ဆင်နွှဲ ဖို့ မရှိမဖြစ် လိုအပ်လာသည်ဟု ချေဂွေဗာယားက ၎င်း၏ ပြောက်ကျားစစ် နည်းဗျူဟာ လက်စွဲ စာအုပ်တွင် ထောက်ပြထားခဲ့သည်။ သို့သော် တော်လှန်ရေး အင်အားစုများက လူထု သည်လည်း နည်းမျိုးစုံ ဖြင့် ဖွတ်ဖွတ်ညက်ညက်ကြေအောင် အထောင်းခံထားရပြီး ဖြစ်၍ ထိုသို့ တောင်းဆိုရမည့် အရေး အားနာနေဟန်ရှိသည်။

 

လက်ရှိ အနေအထားကို ဗျူဟာ ပိုင်း ရှေ့မတိုး နောက်မဆုတ် ဖြစ်လာနေခြင်း ဟု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု မှ သုံးသပ်ထားပြီး ဖြစ်သည်၊ သို့သော် တော်လှန်ရေး အား အလွန် အကျွံ မျှော်လင့်ထားခဲ့ကြသူ များ က NUG အား အမျိုးမျိုး အဖုံဖုံ ပြောဆို ပြစ်တင်ခဲ့ကြသည့် အပြင် တော်လှန်ရေး ရေချိန် ကျနေပြီ ဆို၍ပင် ပြောဆိုလာကြသည်။

 

ထိုသို့ ဝေဖန် ပြောဆိုမှု များကို မိမိတို့ ယုံကြည် ယူဆထားသည်များ အား လွတ်လပ်စွာ ထုတ်‌ ဖေါ် ပြောဆိုခွင့် ရှိရမည်ဟူသော ဒီမိုကရေစီ ကျင့်စင်များအရ လက်ခံ ကြိုဆိုရမည်သာ ဖြစ်သည်။ သို့သော် တဖက်တွင် တိုင်းပြည်ကြီးအား အာဏာရူး စစ်ဗိုလ်ချုပ်များ၏ လက်ထဲ မှ ရွေးနှုတ်ယူရန် တောထဲတောင်ထဲတွင် အသက်စွန့်၍ တိုက်ပွဲ ဝင်နေကြသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် သားကောင်း လူငယ်များ စိတ်ဓါတ်တွေများ ကျဆင်း ကုန်မလား ဆိုသည့် အချက်ကို အလေးအနက် ထည့်သွင်း စဉ်းစား ကြရမည် ဖြစ်သည်။

 

ရန်သူ သည် နိုင်ငံတကာ တွင် ယခင်ကထက် ပို၍ ထဲထဲဝင်ဝင် ဖြစ်လာနေမှု ကြောင့် စိတ်အား တက်ကြွလာနေသည်၊ ဤသည်ကလည်း တရုတ် နှင့် ရုရှားမှ လွဲ‌၍ နိုင်ငံတကာ သည် ၎င်းတို့ကို အသိအမှတ် ပြုလာသည့် အဆင့် မဟုတ်သည့်တိုင် သည်းငြည်းခံ လက်ခံနိုင်မှု အဆင့်ကို လျော့ချဆက်ဆံလာခြင်းသာ ဖြစ်သည်ဟု မြန်မာ အရေး သုံးသပ်သူ အင်ဒရူး ဆဲသ် က ဆိုသည်။

 

ရွေးကောက်ပွဲလည်း လုပ်မည်ဟု ရက်ပင် သတ်မှတ်လာနေပြီဖြစ်၍ မည်သို့သော ပုံစံမျိုး ထွက်ပေါ်လာမည်ကို မဝေခွဲ နိုင် ဖြစ်နေ‌၍ ကြိုးရှည်ရှည် နှင့် လှန်ကာ ဆက်ဆံနေကြခြင်းသာ ဖြစ်သည်။

 

သို့သောစစ်အုပ်စုသည် စိတ်ဓါတ် တက်ကြွ လာနေမှု နှင့် အတူ အင်အားကို မီးကုန်ယမ်းကုန် ထုတ်သုံးလာနေပြီ ဖြစ်သည်။ ထိုသို့ သော အနေအထားတွင် တော်လှန်ရေးဖက်က ၎င်းတို့နှင့် ထိတ်တိုက်တွေ့မည် ဆိုက မိုက်မဲရာ ကျပေမည်၊ ခံစစ် အနေအထားကို ခိုင်မာစွာ တည်ဆောက်ပြီး အားပျော့သည့် နေရာများကို ဝင်ရောက် ထိုးဖေါက်ရင်း ၎င်းတို့ ထင်တိုင်း မပေါက်‌၍ မီးဇာကုန် ရေခမ်း ဖြစ်ပြီး အောက်လက်ငယ်သားများ စိတ်ဓါတ်များ ပြိုလဲကျဆင်းလာမည့် အချိန်ကိုသာ စိတ်ရှည်လက်ရှည် စောင့်ကြရဖို့သာ ရှိသည်။ ပြည်တွင်းစစ်တွင် လူထု၏ ထောက်ခံမှု မရသည့်ဖက်က မည်သည့် အခါမျှ အနိုင်ရရိုး မရှိ ဆိုသည့် သမိုင်း ဖြစ်ရပ်များကလည်း သက်သေပြခဲ့ပြီး ဖြစ်သည်။

 

ကျူးဘား တော်လှန်ရေး တွင် ယခုလို တမြို့ပြီး တမြို့ သိမ်းပိုက် ယူလာခဲ့ခြင်းမျိုး မရှိပဲ၊ စစ်ကြောင်းများ ဖြန့်ကြက်ကာ ထိုးစစ်ဆင်လာပြီး ဒုတိယ မြို့တော်ကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် နိုင်လိုက် ချိန်တွင် အာဏာရှင်သည် လေယာဉ် ဖြင့် ထွက်ပြေးသွားခဲ့၍ မြို့တော် ဟာဗားနားကို အတားအဆီး မရှိ ချီတက်နိုင်ကာ အောင်ပွဲခံခဲ့ခြင်းသာ ဖြစ်သည်။

 

၎င်းတို့ တဖွဲ့တည်းသာ စိတ်ထင်တိုင်း သုံး၍ ရနေသည့် လေကြောင်း အင်အား ဖြင့် အသာစီးရနေပါလျက် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရသည် ဆိုသည့် အချက်တခု တည်း နှင့် ပင် တော်လှန်ရေး က အောင်ပွဲခံ နေပြီ ဖြစ်သည်။

 

ယခုလ အတွင်း ကျင်းပမည့် ကုလ သမဂ္ဂ အထွေထွေ ညီလာခံကြီး တွင် ၎င်းတို့ အား ‌လက်နက် နှင့် လေယာဉ် ဆီများ တင်ပို့ ရောင်းချမှု ပိတ်ပင်ပေးရန် Fortify Rights အဖွဲ့ကြီးမှ တောင်းဆိုထားသည့် "Crashing down on us" ဆိုသည့် အစီရင်ခံစာ ကို ထုတ်ပြန်ထားသည်။ ပြည်သူများကို ဗုံးကြဲ တိုက်ခိုက်နေသည့် စစ်ဖက် အရာရှိ ၂၂ ဦး အားလည်း အမည် နှင့် တကွ ပါရှိလာသည်။

 

ပြီးခဲ့သည့် လ အတွင်း အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ တိုင်း စစ်ဌာနချုပ် ဆယ်ခု မှ တပ်မှုး ကြီး များ တွေ့ဆုံပွဲနှင့် အထူးတိုင်း စစ်ဌာန ကို ဖွဲ့စည်း လိုက်ခြင်းသည် မကြာမီကာလ အတွင်း စစ်ရေး လေ့လာသုံးသပ်နေသူများ အံ့အား သင့်စရာ ဖြစ်လာအောင် တာစူလာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!