ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဆိုးဝါးလာပြီဟု သား ဖြစ်သူ ပြော

by Hla Soewai - Sep 08 2025

သားဖြစ်သူ ကိုထိန်လင်းမှ မိခင် ဖြစ်သူ၏ ကျန်းမာရေး အခြေအနေ ဆိုးဝါးလာနေ၍ အာဏာသိမ်း စစ်အုပ်စု မှ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးရန် နှင့် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ဝင်ရောက် ကူညီ ပေးရန် တိုက်တွန်းထားသည့် သတိပေးချက် ထုတ်ပြန်ခဲ့သည် ဟု လန်ဒန် ရှိ အင်ဒီးပင်းဒင့် သတင်းစာကြီးတွင် အထူးသတင်း အဖြစ် ဖေါ်ပြထားသည်။

 

မိခင်၏ နှလုံး အခြေအနေသည် ပိုမို ဆိုးရွားလာနေ၍ ဟု ကိုထိန်လင်းမှ သတင်းစာတိုက်သို့ ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မိခင်၏ ကျန်းမာရေး အခြေအနေ ဆိုးဝါးလာသည်ကို သိရ၍ လွန်စွာမှ စိတ်ထိခိုက်ရကြောင်း၊ လက်ရှိ ထိန်းသိမ်းခံရသည့် အခြေအနေကြောင့် နှလုံးရောဂါ သည် အဆိုးဖက်သို့ ရောက်လာရကြောင်း နှင့် ပြင်ပမှ နှလုံးအထူးကုဆရာဝန်နှင့် ပြသရန်လည်း တောင်းဆိုထားကြောင်း၊ ထိုတောင်းဆိုချက်ကို ခွင့်ပြုခြင်း ရှိ၊ မရှိကိုမူ သူအနေဖြင့် မသိရကြောင်းလည်း ပြောကြားခဲ့သည်။  

 

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလျံဟိတ်ဂ် ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် စစ်အာဏာပိုင်များအား တောင်းဆိုလိုက်သည်။ ၎င်းက ဒေါ်အောင်ဆန်းစုကြည်ကို နှောင့်နှေးခြင်းမရှိဘဲ သင့်လျော်သော ဆေးကုသမှု ခံယူခွင့်ပေးရန်မှာ လူသားချင်းစာနာမှုဆိုင်ရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အရေးတကြီးလိုအပ်ချက်ဖြစ်သည် ဟု ဆိုသည်။

 

ပြီးခဲ့သည့် နှစ် အတွင်း ကလည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း သုံးဦးကလည်း သူမအား မတရား အမှု ဆင်ပြီး ဆိုးဆိုးဝါးဝါး အနေအထားဖြင့် ဖမ်းဆီးချုပ်နှောင်ထားခြင်းကို ပြန်လွှတ်ပေးရန် တညီတညွတ် တည်း တောင်းဆိုခဲ့ကြပြီး ဖြစ်သည်။

 

ကိုထိန်လင်းမှ သူမ၏ မိခင်အား ရက်စက်စွာဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်လာနိုင်သည် အထိ ထားရှိခဲ့မှု အား ရှုတ်ချ ပြောဆိုလိုက်သည်၊ မိခင်နှင့် ပတ်သက်ပြီး ယခုထိ ပွင့်လင်းမြင်သာမှု မရှိ ပဲ စာနာထောက်ထားမှု ကင်းမဲ့စွာ ဆက်ဆံနေမှုသည် "တုန်လှုပ်စရာလည်း ကောင်းပြီး စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရသည်" ဟု လည်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

နိုင်ငံတကာ မိသားစု များ အနေဖြင့် မိခင်၏ အခြေအနေ အရေးတကြီး ဖြစ်လာနေမှု နှင့် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရမှု အပေါ် အလေးအနက်ထား ပြီး လွတ်မြောက်အောင် ကူညီပေးကြပါရန်လည်း ပန်ကြားလိုက်သည်။

 

မိခင်သည် အသက် ၈၀ ရှိနေပြီ ဖြစ်၍ ကျန်းမာရေး စောင့် ရှောက်ခံဖို့ လိုအပ်နေကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီ နှင့် လွတ်လပ်ခွင့် အတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့မှု ကြောင့် နိုင်ငံရေး အကျ‌ဉ်းသား အဖြစ် ဆက်ရှိ‌ နေစရာ အကြောင်းကို မရှိ၊ လွှတ်‌ ပေးရမည် ဟု လည်း ပြောကြားခဲ့သည်။

 

ကမ္ဘာကြီး အနေဖြင့် မိခင် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း နည်းလမ်း ရှာကြံ ပေးကြပါဟုလည်း ပြောခဲ့သည်။

 

သူမ၏ လက်ရှိ အနေအထားကို ထောက်ခံ ပြောဆိုခဲ့သူသည် စီးပွားရေး အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဩစတေးလျှ နိုင်ငံသား ပါမောက္ခ ရှောင်တန်နယ် ဖြစ်သည်။ ၎င်းက မြန်မာ ရှိ အကျဉ်းထောင်များသည် လွန်စွာ ပူပြင်းသည့် ဒဏ် နှင့် မိုးပြင်းထန်စွာ ရွာသွန်းမှု အတွက် အကာအကွယ် ဟူ၍ မရှိ၊ အစားအသောက်လည်း ညံ့ဖျင်းလှပြီး ရောဂါဘယ များလည်း ထူပြောလှသည်ဟု ဆိုသည်။

 

ဒေါ်အောင်ဆန်းစုကြည်တွင် ဆေးကုသမှု ခံယူဖို့ လိုသည့် ရောဂါ အခံများ ရှိနေပြီး နေရသည့် အခြေအနေလည်း အတော်ကို ဆိုးဝါးလှသည်ဟု ပြောကြောင်း အင်ဒီးပင်းဒင့် သတင်းစာကြီး တွင် ဖေါ်ပြထားသည်။

 

စစ်အုပ်စု လက် အောက် ရောက်နေသော မြန်မာ၏ တရားစီရင်ရေး စနစ် သည် ၎င်းတို့ ဖမ်းဆီးလာသူများကို ထောင်ထဲတွင် မည်မျှ ကြာအောင် နေရမည်ကို သတ်မှတ်ပေးရသော ရုံးဌာန အဖြစ်သာ ကျန်ရှိပေတော့သည်။

 

ယခုလို တနိုင်ငံလုံးက ပြည်ထောင်စု မိခင်ကြီးဟု သတ်မှတ်ထားသူ ကို မတရား ဖမ်းဆီးချုပ်နှောင်ထားမှု ကြောင့် စိတ်ထိခိုက် ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း နှင့် အတူ ၎င်းတို့အပေါ် မုန်းတီးမှု များက တိုးသည်ထက် တိုးလာနေသည့် ‌ဒဏ်ကို နေ့စဉ် နှင့် အမျှ ခံနေကြရပြီ ဖြစ်သည်။ ယင်းသည် တိုင်းပြည်၏ နိုင်ငံရေး အခြေအနေ နှင့် အနာဂတ်ကိုလည်း အကြီးအကျယ် သက်ရောက်မှု ရှိနေသည်ကို ပြဆိုနေပေသည်။

 

ထိုသို့ အ‌ခြေအနေများကြားတွင် ဖခင် ဖြစ်သူ၏ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ နှင့် စပ်လျင်း၍ ပြောသော အကြောင်းအရာ များကို ၎င်းတို့ သတင်းစာများမှ အရှက်ကင်းမဲ့စွာ နေစဉ်လို ဖေါ်ပြနေကြသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!