အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ် (၁၇)

by Hla Soewai - Sep 08 2025

17. LISTEN FOR DANGEROUS WORDS 

 

"အစွန်းရောက် ဝါဒ"၊ "အကြမ်းဖက်ဝါဒ" ဆိုသည့် စကားများ အသုံးပြုလာပါက နိုးနိုးကြားကြား နှင့် သတိဝိရိယ ရှိပါစေ၊ အရေးပေါ် အခြေအနေ၊ သို့မဟုတ် အထူး ကိစ္စရပ်များ ဆိုသည့် လွန်စွာ ကြောက်စရာ ကောင်းသည့် သဘောတရား များကို သတိထားပါ၊ နိုင်ငံဂုဏ်၊ မျိုးချစ်စိတ် ဆိုသည့် ဝေါဟာရများကို သစ္စာမဲ့စွာ အသုံးချ လှည့်စားမှု များကို ‌ဒေါသတကြီး ကန့်ကွက်ရမည်။

 

နာဇီ တို့ထဲတွင် အထက်မြက်ဆုံး လည်း ဖြစ် ဥပဒေ ရေးရာ ပညာရှင် လည်း ဖြစ်သည့် ကားလ် စမစ်သည် ဖက်ဆစ် အုပ်ချုပ်ရေး ၏ အနှစ်သာရ ကို အားလုံး နားလည် နိုင်သည့် စကားလုံး များ သုံး ရှင်းပြခဲ့သည်။ စည်းမျဉ်း ဥပဒေသ များ အားလုံးကို ဖျက်ဆီးနိုင်မည့် နည်းလမ်းသည် "ခြွင်းချက်" ဆိုသည်ပင် ဖြစ်သည်ဟု ဆိုသည်။

 

နာဇီ ခေါင်းဆောင်တဦးသည် ၎င်း၏ အတိုက်အခံ များကို ပညာသား ပါပါ ဖြင့် အနိုင်ရရန် လက်ရှိ အချိန်သည် အရင်နှင့် မတူဘဲ ထူးခြားမှု ရှိနေသည် ဆိုသည်ကို အားလုံး ယုံကြည်လောက်အောင် ပြောဆိုနိုင်ရမည်။ ထိုသို့ ထူးခြားသည့် အ‌ခြေ အနေဟု ပြောထားသည်ကို အမြဲတမ်း အရေးပေါ် ဖြစ်နေသည် ဖက်သို့ အသွင်ပြောင်း ယူရမည်။ ဤသို့ဖြင့် နိုင်ငံသား များသည် ၎င်းတို့၏ လွတ်လပ်ခွင့် များကို အတုအယောင် လုံခြုံရေး ဆိုသည် နှင့် အလဲအလှယ် လုပ်လိုက်ကြရတော့သည်။

 

ယခုခေတ် တွင် နိုင်ငံရေးသမားများသည် "အကြမ်းဖက် ဝါဒ" ဆိုသည် စကား ကို ထုတ် သုံး လာပါက အမှန်တကယ် ရှိနေသည့် အန္တရာယ် ကို ပြော‌နေကြခြင်း ဖြစ်သည်။ သို့သော်လည်း ဤသည်ကို အကြောင်းပြ၍ လုံခြုံမှု ရှိရန် အတွက်ဆိုကာ ကျွနုပ်တို့၏ လွတ်လပ်ခွင့် များကို ခဝါချနိုင်ရေး အတွက် လေ့ကျင့်ဖို့ ကြိုးစားလာသည့် အခါမျိုး တွင်တော့ သတိဝီရိယ ထား နေကြရပေတော့မည်။

 

မည်သည့် အခြေအနေ မျိုး တွင်မှ ထိုနှစ်ခု ကို မရှိမဖြစ် အလဲအထပ် လုပ်ဖို့ မလို‌အပ်ပေ။ တခါတရံတွင် တခုကို အ‌လျော့ပေးလိုက်ခြင်း တခု အသာရလာသည် မျိုးလည်း ရှိသည်။ တခါတရံတွင် ထိုသို့ ဖြစ်မလာတတ်ပေ။ လွတ်လပ်ခွင့် ကို စွန့်လွှတ်မှသာ လုံခြုံမှု ရှိလာမည်ဟု အာမခံလာ သူများသည် တကယ်တမ်းတွင် သင့် အား နှစ်ခု စလုံး ငြင်းပယ်ကြမည့် သူများသာ ဖြစ်သည်။

 

"အစွန်းရောက်ဝါဒ" ဆိုသည့် စကားသည် ကြားရသည်ကပင် သေချာပေါက် နားခါးစရာ ဖြစ်ပေလိမ့်မည်။ အစိုးရများက ထပ်ပြီး နားခါးသည်ထက် ခါးလာအောင် "အကြမ်းဖက်ဝါဒ" ဆိုသည် နှင့် အတူတူ ရော၍ သုံးလာကြသည်။ သို့သော် ထိုစကားရပ်များက အဓိပ္ပါယ် ရှိလှသည် မဟုတ်၊ အယူဝါဒ ပိုင်းတွင် အစွန်းရောက် ဝါဒ ဆိုသည်ကို ရှာတွေ့မည် မဟုတ်။

 

အာဏာရှင်များက အစွန်းရောက်သမား များဟု ပြောခံရသူများသည် ပင်မရေစီးကြောင်း ဖြစ်သည့် လူအများစု ထဲတွင် မရှိသူများကို ဆိုလိုခြင်း ဖြစ်သည်။ ပင်မရေစီးကြောင်း ဆိုသည်ကလည်း ထိုအချိန်က ၎င်းတို့ ကိုယ်တိုင် သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။ ထိုရေစီးကြောင်းမှ သွေဖည်သည့် မည်သူ့ကို မဆို၊ မည်သည့် အတွေးအခေါ်မျိုးကို မဆို၊ အစွန်းရောက်ဟု တံဆိပ်ကပ်ပြီး ဖယ်ရှားပစ်ဖို့ ကြိုးစားလာခြင်းသာ ဖြစ်သည်။

 

တိုင်းပြည်တွင် တကယ် တမ်း ဖြစ်နေသည့် စီးပွားရေးကျဆင်းမှု၊ ဖိနှိပ်မှု အစရှိသည်များမှ လူထုအာရုံကို "အစွန်းရောက်များ" ကြောင့်ဟု လမ်းကြောင်းပြောင်းလိုက်ခြင်းသာ ဖြစ်သည်။

 

နှစ်ဆယ် ရာစု နှစ် အတွင်း ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ် ဝါဒ များ နှင့် သဘောကွဲလွဲ ဆန့်ကျင်နေသူ မှန်သမျှ အား အစွန်းရောက်များ အဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။

 

ရုရှား ကဲ့သို့ ခေတ်သစ် အာဏာရှင် အစိုးရများကတော့ ၎င်းတို့ မူဝါဒ အား ဝေဖန်သူ မှန်သမျှ ကို အပြစ်ဒဏ်ခတ်ရန် ဥပဒေ ဆိုသည်ကို အသုံးချ ခဲ့ကြသည်။

 

ဤသို့ဖြင့် အစွန်းရောက်ဝါဒ ဆိုသည်ကို ၎င်းတို့၏ အာ‌‌ဏာရှင်ဝါဒ မှ လွဲ၍ အရာရာတိုင်းကို အဓိပ္ပါယ် ဖွင့် ဆိုလာကြပေတော့သည်။