လူသား ကွန်ယက်(39)

by Hla Soewai - Sep 08 2025

ဗျုရိုကရက်များသည် အမှန်တကယ် ဖြစ်စဉ်များကို ၎င်းတို့ အခိုင်အမာ တည်ဆောက်ထားသည့် အံဆွဲများ ထဲသို့ ပိုင်းဖြတ်ပြီး ထည့်ထားလိုသည့် ဆန္ဒ ကြောင့် ကျဉ်းမြောင်းသော ရည်မှန်းချက်များ နောက် ကောက်ကောက်ပါအောင် လိုက်လာသည့် လုပ်ရပ်သည် မည်မျှ အတိုင်းအတာ အထိ သက်ရောက်မှု ရှိလာနိုင်သည်ကို အရေးမစိုက်ကြတော့ပေ။ စက်မှု ကုန်ထုတ် လုပ်ငန်းများ မြှင့်တင်ရန် တာဝန်ပေးခံရသော ဗျူရိုကရက်တဦးသည် ၎င်းနှင့် မည်သို့မျှ မသက်ဆိုင်သည့် ပတ်ဝန်းကျင် ထိခိုက် ပျက်စီး နိုင်သလား ဆိုသည်ကို ထည့်သွင်းစဉ်းစားဖို့ လျစ်လျုရှူ လာမည်သာ ဖြစ်သည်။ အဆိပ်အတောက်များ ပါသည့် အညစ်အကြေးများကိုပင် အနီးအနားရှိ မြစ်ထဲ စွန့်ပစ်လာနိုင်ပြီး မြစ် အောက်ပိုင်း ရှိ ဂေဟ စနစ်ကို အကြီးအကျယ် ထိခိုက်စရာ ဖြစ်လာပေမည်။

 

အကယ်၍ အစိုးရမှ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကို တိုက်ဖျက်ရန် ဌာန တခု ဖွဲ့စည်းလာမည် ဆိုကလည်းဗျူရိုကရက် ဆိုသူများကပင် လွန်စွာ တင်းကျပ်သည့် စည်းမျ‌ဉ်း စည်းကမ်းများ ချမှတ်လာကြပေဦးမည်။ ၎င်းတို့ စည်းမျဉ်းစည်းကမ်းများကြောင့် မြစ်အထက်ရှိ စီးပွားရေး လုပ်ငန်း ဆောင်တာ များ ပျက်စီးသွားနိုင်သည့် အရေးကိုလည်း ဂရုစိုက်ကြမည် မဟုတ်။

 

အကောင်းဆုံးသည်က တစုံတယောက်မှ ရှုထောင့် အသီးသီး ကို မကြွင်းမကျန် ထည့်သွင်းစဉ်းစားရန် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်မည် ဆိုက ဗျုရိုကရေစီ ဖြင့် ပိုင်းခြား ကန့်သတ်ထားမှု များကို ကျော်လွှားရန် သို့မဟုတ် ဖျက်သိမ်းပစ်ရန် လိုအပ်လာသည်။

 

ဗျူရိုကရေစီ ကြောင့် ဖြစ်ပေါ်လာသော ပုံပျက်ပန်းပျက် ဖြစ်လာမှု များသည် အစိုးရ အေဂျင်စီ များ နှင့် ပုဂ္ဂလိက ကော်ပိုရေးရှင်း ကြီးများ ကို သာ မက သိပ္ပံသဘောတရားများကိုပါ ထိခိုက်လာခဲ့သည်။ ဥပမာ ပြရမည် ဆိုက တက္ကသိုလ်များတွင် ဌာန အသီးသီး ခွဲခြား သတ်မှတ်ထားသည်၊ သမိုင်းဌာနကို ဇီဝဗေဒ နှင့် ခွဲခြားထားသလို သင်္ချာဌာန ဟူ၍ လည်း သတ်မှတ်ထားသည်။အဘယ်ကြောင့် နည်း၊ ထိုသို့ ခွဲခြား ထားခြင်းသည် လူတဦးချင်းစီ၏ ယုံကြည်မှု နှင့် မသက်ဆိုင်သည့် ပကတိ အမှန်တရားကို ထင်ဟပ်ခြင်း မရှိပေ။ ယင်းသည် ပညာရှင်များ ဖြစ်သော ဗျူရိုကရက်များက လူအများစု၏ ယုံကြည်မှုနှင့် ပေါင်းစပ်တည်ဆောက်ထားသည့် အမှန်တရား ပေါ် အခြေခံ၍ တီထွင်ခဲ့ကြခြင်း ဖြစ်သည်။

 

နောက်ထပ် ဥပမာ တခု အနေဖြင့် Covid-19 ကပ်ရောဂါကြီးကို ပြဆိုရမည် ဖြစ်သည်။ သမိုင်းဆိုင်ရာ၊ ဇီဝဆိုင်ရာ နှင့် သင်္ချာ ဆိုင်ရာ ဖြစ်ရပ်များ တစ်ချိန်တည်း တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သို့ထို ကူးစက်ရောဂါ ကြီးအား ပညာရှင်များက သမိုင်း၊ ဇီဝဗေဒ၊ သင်္ချာ ဌာန အစရှိသည်ဖြင့် ခွဲခြား၍ လေ့လာခဲ့ကြသည်။

 

ပညာရပ် ဆိုင်ရာ ဘွဲ့ များ အတွက် သင်ယူနေကြသော ကျောင်းသားများသည်လည်း မိမိတို့ မည်သည့် ဌာနတွင် သင်ယူကြရမည်ကို ဆုံးဖြတ်ကြရမည် ဖြစ်သည်။ ထိုသို့ တခုခု ကို ရွေးချယ်ဖို့ ဆုံးဖြတ်ရသည့် အတွက် တနည်းအားဖြင့် ကမ္ဘာကြီးအား နားလည် နိုင်မှု ကို ကန့်သတ်ခံလိုက်ရခြင်းလည်း ဖြစ်ပေသည်။

 

သင်္ချာ ကျောင်းသားများသည် လက်ရှိ ကူးစက်မှု နှုန်းမှ နေ အနာဂတ် တွင် ရောဂါ ဖြစ်ပွားလာနိုင်မှု အခြေအနေကို မည်သို့ တွက်ချက် ခန့်မှန်းရမည် ဆိုသည်ကို လေ့လာသင်ယူကြရသည်။ ဇီဝဗေဒ ကျောင်းသားများက ရောဂါ ပိုး မည်သို့ မည်ပုံ အသွင် ပြောင်း သွား နိုင်သည်ကို သင်ယူ ကြရသည်။ သမိုင်းကျောင်းသားများက နိုင်ငံရေး နှင့် ဘာသာရေး ယုံကြည်မှု များကြောင့် လူများသည် အစိုးရ၏ ညွှန်ကြားချက်များ အပေါ် လိုက်နာလိုစိတ် ရှိမှု အား မည်သို့ မည်ပုံ သက်ရောက်နိုင်သည် ဆိုသည်ကို လေ့လာကြရသည်။

 

Covid-19 ကပ်ရောဂါ ကြီးအား အပြည့်အဝ နားလည် နိုင်ရန် သင်္ချာ၊ ဇီဝ နှင့် သမိုင်းဆိုင်ရာ ရှုထောင့် များမှ ထည့်သွင်း စဉ်းစားဖို့ လိုအပ်သည်။ သို့သော် ပညာရပ်ဆိုင်ရာ ဗျူရိုကရေစီ သည် ထိုသို့ အလုံးစုံ လေ့လာနိုင်ရန် အားပေးခဲ့ခြင်းမျိုး မရှိပေ။

 

ပညာရပ်ဆိုင်ရာ လှေကားထစ်များ တဆင့်ပြီး တဆင့် တက်လာသည်နှင့် အမျှ အကြောင်းအရာ တခုကိုသာ စူးစူးစိုက်စိုက် လေ့လာရန် ဖိအားများ တိုးမြင့်လာခဲ့သည်။ ပညာရှင်တို့၏ လောကသည် စာတမ်း မထုတ်နိုင်က ပျောက်ကွယ်ရမည် ဆိုသည့် နိယာမ ဖြင့် အုပ်ချုပ်ခံနေရသည်။ အလုပ်တခု ရချင်သည် ဆိုက မိမိနှင့် တန်းတူ ပညာရှင်များ လေ့လာနေသည့် ဂျာနယ် တခုခု တွင် စာတမ်းကို ရေးသားနိုင်ရမည် ဖြစ်သည်။ သို့သော် ဂျာနယ်များသည် ဘာသာရပ် အလိုက် ခွဲခြားထားပြန်၍ ဗိုင်းရပ်စ် ပိုးများ အသွင်ပြောင်း ပြန့်ပွားလာပုံ ဆောင်းပါးကို ဇီဝဗေဒ ဂျာနယ်တွင်၎င်း အလားတူပင် ကပ်ရောဂါ စပ်လျင်းသည့် နိုင်ငံရေးကို သမိုင်း ဂျာနယ် တွင်၎င်း အသီးသီး ရေးသားကြရပေမည်။ ကွဲပြားခြားနားသည့် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများ၊ ကိုးကားချက်များ၊ မျှော်လင့် နေသည့် အကြောင်းအရာများ ရှိနေကြသည်။

 

သမိုင်းပညာရှင်များသည် ယဉ်ကျေးမှု တခုကို နက်ရှိုင်းစွာ နားလည် ပြီး သမိုင်း မှတ်တမ်းများကို မည်သို့ ဖတ်ရှုရမည်၊ မည်သို့ အဓိပ္ပါယ် ဖွင့်ရမည် ဆိုသည်ကို သိထားရမည် ဖြစ်သည်။ ဇီဝဗေဒ ပညာရှင်များသည်လည်း အဆင့်ဆင့် ဖြစ်ပေါ် ပြောင်းလဲမှု နှင့် DNA မော်လီကျူးများကို မည်သို့ ဖတ်ရှုရမည်၊ အဓိပ္ပါယ် ဖွင့်ရမည် ဆိုသည်တို့ကို ထဲထဲဝင်ဝင် နားလည်ထားရမည်။ ထိုနှစ်ခု အကြား ရောက်နေသည့် လူတို့၏ နိုင်ငံရေး သဘောတရားများ၊ ဗိုင်းရပ်တို့၏ ဆင့်ပွား ပြောင်းလဲမှု ဖြစ်စဉ်များအပြန်အလှန် ဆက်စပ်နေမည်ဆိုက မဖြေရှင်းဘဲ ထားခဲ့ကြသည်က များပေသည်။