ယန်စီ မြစ်ပေါ် က လျိုကြီးသုံးသွယ် ရေကာတာကြီး ကျိုးပေါက်တော့မည်လော

by Hla Soewai - Jul 26 2020

တရုတ်ဘာသာဖြင့် ဆန်းရှား ဟု ခေါ်ဆိုပြီး အင်္ဂလိပ်လို Three Gorges ခေါ် လျိုကြီး သုံးသွယ် ရေကာတာကြီးသည် ယခုအခါ တရုတ်ပြည် အလယ်ပိုင်း နှင့် တောင်ပိုင်းတွင် မိုးများ ပြင်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် မနိုင်ဝန်ကို ထမ်းရွက်နေရရှာပြီ ဖြစ်သည်။

 

ယန်စီ မြစ်ပေါ်ခွ၍ တည်ဆောက်ထားသော အဆိုပါ ဆည်ကြီးသည် ကမ္ဘာ၏အကြီးမားဆုံး ထဲတွင် တခုအပါအဝင် ဖြစ်ပြီး ၁၄၅ မီတာ အမြင့်ရှိ ရေပမာဏ ကို သိုလှောင်ထားနိုင်ရန် ပုံစံထုတ် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ၁၆၂ မီတာ အထိ မြင့်တက်လာနေပြီ ဖြစ်သည်။

 

မိုးများသည် ဇွန်လမှစ၍ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် အာဏာပိုင်များက မြစ်အောက်ပိုင်း အရပ်များတွင် ရေလွှမ်းမိုးမှု များ ဖြစ်လာမည်စိုး၍ ရေများကို ပို၍ သိုလှောင်ထားရန် ဆုံးဖြတ်ခဲ့ကြခြင်းကြောင့်လည်း ဖြစ်သည်။ သို့သော် ဇွန်လကုန်ပိုင်းမှစ၍ ပိုလျှံလာနေသော ရေများကို အဆက်မပြတ် စုတ်ထုတ်နေရပြီ ဖြစ်သည်။

 

ဆန်ရှား ဆည်သည် မူလက တစက္ကန်လျှင် ရေပမာဏ ကုဗမီတာ ၃၀,၀၀၀ ကို စုတ်ထုတ်နိုင်စွမ်းရှိသော်လည်း ဇူလိုင်လ အလယ်မှစ၍ တစက္ကန့်လျှင် ကုဗမီတာ ၂၀,၀၀၀ အထိ လျော့ချပြစ်ခဲ့သည်။

 

သို့သော်လည်း မိုးများ သည်းထန်စွာ ဆက်လက်ရွာသွန်း လာနေပြီး ရေများ သည် စနေနေ့တွင် တစက္ကန့်လျှင် ကုဗမီတာ ၆၁,၀၀၀ နှုန်းဖြင့် အဆက်မပြတ် စီးဝင်လာနေပြီ ဖြစ်သည်။

 

ယခုလအတွင်း မြစ်ပေါင်း ၄၀၀ ကျော် နှင့် အနီးအနားရှိ ရွာများ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး အမေရိကန် ဒေါ်လာ ၉.၂ ဘီလီယံ ခန့် ထိခိုက် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုအထဲတွင် ကော်ရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည့် ဝူဟန် လည်း ပါဝင်နေသည်။

 

တရုတ်ပြည် ရေအရင်းအမြစ် ဝန်ကြီးဌာနကတော့ စိုးရိမ်စရာ မလိုကြောင်းနှင့် ယန်စီ မြစ်ကြောင်း တလျှောက်ရှိ ဆည်များအားလုံးကို စောင့်ကြည့် တိုင်းတာရေး စခန်းပေါင်း ၃၀,၀၀၀ မှ ကြီးကြပ်လျှက် ရှိနေကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ သို့သော်ငြားလည်း မိုးများ ရှေ့လျှောက် ဆက်လက်ရွာသွန်းနေမည်ဆိုက ဆည်ကြီး ကျိုးပေါက်သွားနိုင်သည်ဟု တရုတ် မီဒီယာ များက ခန့်မှန်း ရေးသားမှုများ ထွက်ပေါ်လာနေသည်။

 

တရုတ် မိုးလေဝသ ဌာနကမူ မိုးများ ကြာသပတေးနေ့အထိ ၄ လက်မ မှ ၆ လက်မအထိ ရွာသွန်းရန် ရှိနေပြီး လက်ရှိတွင် စိုးရိမ်ရေမှတ်ထက် ၂.၂ မီတာထိ မြင့်တက်လျှက်ရှိသဖြင့် မြစ်ကြောင်းတလျှောက် နေထိုင်သူများ သတိဝီရိယ ရှိရန် ညွှန်ကြားချက် ထုတ်ပြန်ထားခဲ့သည်။

 

လက်ရှိတွင် လူပေါင်း ၁၄၁ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးလျှက် ရှိနေပြီး လူပေါင်း ၃၈ သန်းကို ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။

 

ယခုကဲ့သို့ မိုးများ ပြင်းထန်စွာ ရွာသွန်းလာရခြင်းမှာ ဘင်္ဂလားပင်လယ်အော်မှ ထုနှင့်ထည်နှင့် ဖြစ်ပေါ်နေသော ရေခိုးရေငွေ့များနှင့် မြောက်ဖက်မှ တိုက်ခတ်လာသော လေအေးများ ပေါင်းဆုံမိခြင်းကြောင့် ဖြစ်သည်ဟု တရုတ် အရာရှိများက ဆိုသည်။

 

သို့သော် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် တရုတ် စီးပွားရေးအား ဒုတိယံမိ ထိုးနှက်လိုက်ခြင်းလည်း ဖြစ်သဖြင့် တဖက်တွင် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန်၏ တိုးမြှင့်လာနေသော စစ်ရေး လှုပ်ရှားမှုများ ကြောင့် လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် အတွက် နောက်ထပ် အိပ်မပျော်နိုင်သော ညများက တိုးသည်ထက် တိုးလာနေရပြီ ဖြစ်သည်။