အားလုံး အသက်ရှုဖို့ပင် မေ့သွားလောက်သည် အထိ သည်းထိတ်ရင်ဖို ဖြစ်သွားကြသည်။ အမေ့ မျက်နှာပေါ်ရှိ အမာရွတ်ပင် ဖြူရော်ရော် ဖြစ်သွားသည်။ ညာဖက် မျက်ခုံးလည်း အပေါ်သို့ မြင့်တက်သွားခဲ့သည်။ ရိုင်ဘင်၏ မည်းနက်နေသော မုတ်ဆိတ်ရှည်ကြီးလည်း ထူးထူးဆန်းဆန်း လှုပ်ခါ သွားခဲ့သည်။ မျက်လုံး ကို အောက်စိုက်ပြီး လက်တဖက် နှင့် တဖက် ပွတ်သပ်နေသည်။
အရာရှိလုပ်သူ က "အဲ့ဒီ ခွေးကောင်ကို အပြင် ခေါ်ထုတ်သွားကြစမ်း" ဟု ပြောလိုက်သည်။
ပုလိပ်သား နှစ်ယောက်က နီကိုလိုင်က ချိုင်း တဖက် တချက် မှ မကာ မီးဖိုဆောင်ထဲ ဆွဲသွင်းသွားကြသည်။ နီကိုလိုင်က ကြမ်းပြင်ပေါ်တွင် ခြေအစုံကို မားမားရပ်ကာ တောင့်တောင့်ကြီး ရပ်နေရင်းက..
"နေကြဦး၊ ကျုပ် အပေါ်အင်္ကျီ ဝတ်ရဦးမယ်" ဟု အော်ပြောလိုက်သည်။
ရဲ မှုးက ခြံထဲမှ အိမ်ထဲသို့ ဝင်လာပြီး "အပြင်မှာ နေရာ အနှံ့ ရှာပြီးပြီ၊ ဘာမှ မတွေ့ရဘူး"
အရာရှိ လုပ်သူက ရယ်မောလိုက်ပြီး "ဘယ်တွေ့ပါ့မလဲ၊ မတွေ့ဖူး ဆိုတာလည်း ကျုပ် သိထားပြီးပါပြီ၊ ဒီမှာ အတွေ့အကြုံရှိပြီးသား လူတယောက် ရှိနေပြီ ဆိုတော့ ပြောစရာတောင် မလိုဘူး"
အမေသည် ထိုလူ၏ ပိန်လှီ ခြောက်သွေ့သော အသံကို နားထောင်ရင်း ဖြူဖတ်ဖြူယော် ဖြစ်နေသည့် သူ့မျက်နှာကို စိုက်ကြည့်နေမိသည်၊ စိတ်ထဲကလည်း ရန်သူ တယောက် အဖြစ် မှတ်ယူလိုက်သည်။ ထိုရန်သူသည် သနား ကြင်နာမှု ကင်းမဲ့ပြီး၊ အထက်တန်းစားများက လူများကို အကြောင်းမဲ့ မုန်းတီးစိတ် အပြည့် ရှိနေသူ ဖြစ်သည်။ ယခင်က ထိုသို့သော လူမျိုး ကို တွေ့ရခဲလှ၍ ရှိမှ ရှိပါလေစဟုပင် အောက်မေ့ခဲ့ဖူးသည်။
"ပါဗယ် နဲ့ သူ့ အပေါင်းအသင်းတွေ ဒေါသထွက်အောင် လုပ်ခဲ့တာ ဒီလူပဲ ဖြစ်မယ်" ဟု တွေးလိုက်မိပြန်သည်။
"မစ္စတာ အင်ဒရေ အိုနီစီမော့ဗ် နာကိုဒါ၊ မင်းကို ကျုပ်တို့ ဖမ်းလိုက်ပြီ"
"ဘာအတွက် ဖမ်းတာလဲ" ဟု ရုရှားလေးက အေးဆေး တည်ငြိမ်စွာ မေးလိုက်သည်။
"နောက်မှ ပြောပြမယ်" ဟု အရာရှိက မနှစ်မြို့သော်လည်း ယဉ်ကျေးသမှု နှင့် ပြန်ဖြေသည်။ ထို့နောက် ဗလာဆိုဗာ ဖက် လှည့်ပြီး အော်ပြန်သည်။
"ခင်ဗျား စာရေး စာဖတ် နိုင်လား"
ပါဗယ် က "နိုး" ဟု ဝင်ဖြေလိုက်သည်။
"ငါ မင်းကို မေးနေတာ မဟုတ်ဘူး" ဟု လေသံမာမာ နှင့် ပြောလိုက်ပြီး "ဒီမယ် အဖွားကြီး ခင်ဗျား စာရေးစာဖတ် တတ်လား မေးနေတယ်"
အမေသည် အလိုလိုနေရင်း ထိုလူ အပေါ် မုန်းတီးစိတ်များ ဝင်လာသည်။ အေးစက်နေသော ရေထဲ ရုတ်ခြည်း ခုန်ချလိုက်သလို တကိုယ်လုံးလည်း တုန်ယင်သွားသည်။ အမေသည် ကိုယ်ကို မတ်မတ် ထားလိုက်၍ အမာရွတ်သည် ခရမ်းရောင်သမ်းသွားပြီး နဖူးကိုလည်း ကြုံလိုက်သည်။
"မင်း အော်စရာ မလိုဘူး၊ မင်း ငယ်သေးတယ်၊ ဒုက္ခ ဆင်းရဲတွေ ဘာမှ မသိသေးဘူး"
"အမေ စိတ်အေးအေး ထားပါ" ဟု ပါဗယ်က ဝင်ပြောလိုက်သည်။
"ဒီလို အခြေအနေမျိုး မှာ စိတ်ဓါတ် ကြံ့ခိုင်ပြီး သတ္တိရှိဖို့ လိုတယ် အမေ" ဟု ရုရှားလေးက ပြောသည်။
"ခဏလေး နေဦး ပါရှာ" ဟု အော်ပြောလိုက်ရင်း အမေသည် အရာရှိ ရပ် နေသည့် စားပွဲအနား အပြေးကလေး ကပ်သွားပြီး "မောင်ရင်က ဘာကြောင့် လူတွေကို ဒီလိုမျိုး ဆွဲ ခေါ်ထုတ်နေရတာလဲ' ဟု မေးလိုက်သည်။
"အဲ့တာ ခင်ဗျား အလုပ်မဟုတ်ဘူး၊ တိတ်တိတ်နေစမ်း"
"ဟေ့..အကျဉ်းသား ဗိုင်ဆော့ချီကော့ ကို ခေါ်လာခဲ့"
ဟု အမိန့်ပေးလိုက်ရင်း စာရွက်တခု ကို ထုတ်ကာ သူ့မျက်နှာ နား ကပ်ပြီး ဖတ်ပြဖို့ ပြင်လိုက်သည်။
နီကိုလိုင် အား အခန်းထဲသို့ ခေါ်သွင်းလာကြသည်။
စာဖတ်မလို့ လုပ်နေသော အရာရှိက "မင်း ဦးထုတ် ချွတ်လိုက်စမ်း"
ရိုင်ဘင်က အမေ့နား ကပ်လာပြီး "သိတ်ပြီးလည်း စိတ်လှုပ်ရှား မနေနဲ့" ဟု ခပ်တိုးတိုး ပြောလိုက်သည်။
"ကျုပ် လက်ကို ချုပ်ထားတာ ဘယ်လိုလုပ် ဦးထုတ် ချွတ်လို့ ရမလဲ"
အရာရှိက သူဖတ်နေသည့် စာရွက်ကို စားပွဲပေါ် ပစ်ချ လိုက်ပြီး "ဒီမှာ လက်မှတ်ထိုး" ဟု လေသံ ခပ်မာမာ နှင့် ပြောလိုက်သည်။
အမေသည် စာရွက်ပေါ်တွင် လူတိုင်း လက်မှတ်သွားထိုးနေကြသည်ကို ကြည့်နေခဲ့သည်။ စိတ်လှုပ်ရှားနေမှု သည်လည်း ပြေလျော့သွားခဲ့ပြီး နူးညံ့သည် စိတ်များ ပြန်လည် ကိန်းအောင်းလာခဲ့သည်။ မျက်လုံး အိမ်တွင်တော့ မျက်ရည်များ ရစ်ဝဲနေသည်။ ဤသည်ကလည်း အစော်ကား ခံရမှု၊ ဘာမှ မတတ်နိုင် ဖြစ်နေရမှု များ ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ စိတ်ခံစားမှု နှင့် မျက်ရည် ကျခဲ့ရသည်မှာ အိမ်ထောင်သက် နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ဖြစ်သည်။ နောက်ပိုင်း နှလုံးသား ကို တိုက်စား ချေမွခဲ့သည့် စူးရှ နာကျင်သော ခံစားမှု ကို မေ့လျော့သလောက် နီးပါး ဖြစ်လာခဲ့သည်။
အရာရှိသည် အမေအား ရွံရှာသည့် အကြည့် ဖြင့် ကြည့်လိုက်ပြီး မျက်မှောင်ကို ကြုံ့ကာ....
"ငိုမနေနဲ့ အဖွားကြီး၊ ရှေ့လျောက် ငိုဖို့ မျက်ရည်တွေ မကျန်ပဲ နေလိမ့်မယ်"
"မိခင်တယောက် မှာ ဘာမဆို မျက်ရည်ကျဖို့ အလုံအလောက် ရှိပြီးသား၊ မင်း မှာ အမေရှိရင် မေးကြည့်လိုက်"
အရာရှိသည် စာရွက်များကို အရောင်တောက်နေသော သော့ ချိတ်ထားသည့် ဖိုင်အိတ်ထဲသို့ အလျှင်စလို ထိုးထည့်လိုက်သည်။
ထို့နောက် ဒေသခံ စခန်းမှုးကြီး ဖက်လှည့်ကာ "ခင်ဗျား နေရာ မှာ ဘယ်လောက်များ လွတ်လွတ်လပ်လပ် ဖြစ်နေကြလဲဆိုတာ"
"မိုက်ရိုင်းလိုက်တဲ့ ကောင်တွေ" ဟု စခန်းမှုးက ရေရွတ်လိုက်သည်။
အရာရှိ က "ထွက်" ဟု အမိန့်ပေးလိုက်သည်။
ပါဗယ်က သူ့ ရောင်းရင်းများ၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း "ဂွတ်ဘိုင် အင်ဒရေ၊ ဂွတ်ဘိုင် နီကိုလိုင်" ဟု ငြင်ငြင်သာသာ ပြောလိုက်သည်။
"တော်လောက်ပြီ၊ ငါတို့ နောက်တကြိမ် ပြန်တွေ့ ကြတဲ့ အထိ လို့ ပြော" ဟု အရာရှိက သရော်တော်တော် ပြောလိုက်သည်။
ဗိုင်ဆော့ချီကော့ဗ်သည် သူ၏ လက်ချောင်းတို လေး များနှင့် ပါဗယ် ၏ လက်ဖဝါးကို ဖိထားရင်း အသက် ပြင်းပြင်း ရှုလိုက်သည်။ လည်ပင်းတဝိုက် သွေးကြောကြီးများ ထောင်တက်လာပြီး မျက်လုံးများကလည်း နိုင်တုန်း လုပ်ထားဦးပေါ့ ဟု ပြောနေသယောင် တွေ့နေရသည်။ ရုရှားလေးကတော့ ပြုံးနေသည်၊ ခေါင်းကို ငြိမ့်ပြီး အမေ့ဖက်လှည့်ကာ တခုခု ပြောလိုက်သည်၊ အမေသည် သူ့ ရင်ဘတ် ပေါ်တွင် လက်ဝါးကပ်တိုင် အမှတ်အသား လုပ်ရင်း "ဘုရားသခင်က ဓမ္မဖက်က ရပ်တည်ပေးပါစေ" ဟု တိုးတိုး ဆုတောင်းပေးလိုက်သည်။
နောက်ဆုံးတွင်တော့ မီးခိုးရောင် ကုတ်အင်္ကျီ ဝတ်ထားသူများ အိမ်ထဲမှ ထွက်သွားကြသည်။ သူတို့၏ မြင်းစီး ဖိနပ်များ တွင် တပ်ထားသော သံဆူးများမှ ထွက်လာ သော အသံများလည်း ပျောက်ကွယ်သွားတော့သည်။
ရိုင်ဘင်က နောက်ဆုံးမှ ထွက်လာပြီး ပါဗယ်အား အဓိပ္ပါယ် ပါပါ တချက် ကြည့်လိုက်ပြီး "ကဲ..နှုတ်ဆက်လိုက်ပါတယ်" ဟု လေးလေးပင်ပင် ပြောလိုက်သည်။ ထို့နောက်တွင်တော့ ချောင်းတဟွတ်ဟွတ် ဆိုးရင်း အေးဆေး တည်ငြိမ်စွာ ပင် လျှောက် သွားသည်။
ပါဗယ်သည် လက်ကို နောက်ပစ်ရင်း ကြမ်းပြင်ပေါ်တွင် ပွယ ကျန်ခဲ့သော စာအုပ်များ နှင့် အဝတ်အစား များ ကို ကျော်ခွကာ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေသည်။ နောက်ဆုံးတွင်တော့ ဝမ်းနည်းသံ ဖြင့်...
"ကဲ..အမေ ဘယ်လို လုပ်သွားကြတယ် ဆိုတာ မြင်ပြီလား၊ စော်ကား သွားပုံက ရွံစရာ ကောင်းလိုက်တာ၊ ကျွန်တော်ကိုလည်း ချန်ထားခဲ့တယ်"
အခန်းထဲတွင် ရှုပ်ပွ ကျန်ခဲ့သည်ကို စိတ်မသက်မသာ ကြည့်လိုက်ရင်း အမေက....
"သားကိုလည်း သူတို့ ခေါ်မှာ ကြိမ်းသေတယ်၊ ဘာလို့ နီကိုလိုင်က သူတို့ကို ဒီလိုမျိုး ပြောရတာလဲကွယ်"
"ကြောက်နေလို့ ဖြစ်မယ် ထင်တာပဲ၊ ဒီလိုလူ တွေကို နားလည် အောင် ပြောဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ရောက်လာပြီး လူတွေကို ဆွဲခေါ်၊ ပြီး ပြန်ထွက်သွားကြတယ်" ဟု အမေက ပြောသည်၊ စိတ်ထဲတွင်တော့ သားဖြစ်သူ ပါမသွား၍ အတန်ငယ် ပေါ့ပါးသွားခဲ့ရသည်။ သို့သော် သူမ စိတ်ထဲ မတင်မကျ ဖြစ်ကျန်ခဲ့သည် ကိုတော့ ဖျောက်မရ၍ "မျက်နှာ ဖျော့တော့တော့ နဲ့ လူရမ်းကားက ဘာလို့ အမေတို့ကို ပမာမခန့် ပြောရတာလဲ"
ပါဗယ်က ဆုံးဖြတ်ချက် တခု ချလိုက်ပုံရပြီး"ကဲ..အမေ ကျွန်တော်တို့ အောက်မှာ ကျနေတာတွေ ကောက်လိုက်ကြရအောင်"
အမေက ပါဗယ် နား ကပ်သွားပြီး "သူတို့ သားကို ကော စော်ကားသွားသေးလား" ဟု ငြင်ငြင်သာသာ မေးလိုက်သည်။
"ဟုတ်တယ် အမေ၊ အတော်လေး ဆိုးတယ်၊ ကျွန်တော် သူတို့ နဲ့ လိုက်သွားချင်နေတာ"
သားဖြစ်သူ သည် ပြောရင်း မျက်ရည်များ ဝိုင်းလာနေသည်ဟု ထင်မိ၍ သားဖြစ်သူ ရင်ထဲ အမျိုးအမည် မခွဲခြား နိုင် ဖြစ်နေသော နာကျင်စွာ ခံစားနေရမှု ကို နှစ်သိမ့် ပေးချင် နေမိသည်။ နောက်ဆုံး သက်ပြင်း တချက် ချလိုက်ရင်း ....
"ခဏ လောက် စောင့်လိုက်၊ သူတို့ သားကို လာခေါ်မှာပါ"
"ဟုတ်မယ် အမေ"
တအောင့် လောက် ဘာစကားမျှ မပြောဖြစ်ပဲ တိတ်ဆိတ်သွားသည်၊ အမေက ဝမ်းနည်းပက်လက် ဖြင့်....
"ငါ့သား စိတ် တွေ ဘယ် လောက်များ မာကျောနေလည်း မသိဘူး၊ အမေကို တခါလောက်များ စကားလေး နဲ့ နှစ်သိမ့်ပါတော့လား၊ အခုတော့ အမေ အထိတ်တလန့် ဖြစ်လို့ တခုခု ပြောလိုက်ရင် သား ပြန်ပြောတာက ပိုဆိုးနေတယ်"
ပါဗယ်သည် အမေ့ကို ကြည့်လိုက်ရင်း အနားသို့ တိုးကပ်လာပြီး.....
"အမေ ရယ် ကျွန်တော် လိမ် မပြောနိုင်လို့ပါ၊ ကျွန်တော် မလိမ်နိုင်ဘူး အမေ၊ အမေ နေသားကျ အောင်သာ နေပေးပါတော့"
**********************