ကိုထိန်လင်းမှ မိခင် ဖြစ်သူ လွတ်မြောက်ရေး အတွက် ရှီကျင့်ပင်ထံ အကူအညီ တောင်းပြီ

by Hla Soewai - Oct 06 2025

အသက် ၄၈ နှစ်ရှိ ကင် အဲရစ် ခေါ် ကိုထိန်လင်းသည် ဘဝတလျောက်လုံး ထင်ထင်ပေါ်ပေါ် နေထိုင်ခဲ့ခြင်း မရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် ပင် နေထိုင်လာခဲ့သူ ဖြစ်သည်။

 

မီဒီယာ များက ဆက်သွယ် ချဉ်းကပ်လာမှု များကိုလည်း ရှောင်ရှားခဲ့ပြီး မိခင် ဖြစ်သူထံ အလည်ပြန်ခွင့် ရခဲ့သည့် ရှားရှားပါးပါး အချိန်ကလေး အတွင်း တွင်သာ ၎င်းအား ဓါတ်ပုံ တဖြတ်ဖြတ် ရိုက်ခွင့် ရခဲ့ကြသည်။

 

၂၀၂၁ အာဏာသိမ်းပြီး မိခင် ဖြစ်သူအားလည်း မတရား ဖမ်းဆီးအကျဉ်းချ ခဲ့ပြီးနောက်တွင်မူ လူမြင်ကွင်း သို့ ထွက်လာပြီး မိခင်ဖြစ်သူ၏ ဆိုးဝါးလာနေသော နှလုံးရောဂါ အခြေအနေနှင့် အကျဉ်းထောင် အတွင်း ပင်ပန်းဆင်းရဲလှစွာ နေထိုင်နေရသည့် အကြောင်းများကို ကမ္ဘာကို အသိပေး အကြောင်းကြားလာခဲ့သည်။

 

ကိုထိန်လင်းသည် ယခုအခါ မိခင်ဖြစ်သူအား ပြန်လွတ်ပေးဖို့ စစ်အုပ်စု အား တိုက်တွန်းပေးရန် တရုတ် သမ္မတ ရှီကျင့်ပင် အား တောင်းဆိုလိုက်သည်။ တရုတ်သည် ကာလကြာမြင့်စွာ ရှိခဲ့သော ဆက်ဆံရေး နှင့် အမြောက်အမြား ရင်းနှီး မြုပ်နှံထားမှု များကြောင့် မြန်မာ အပေါ် ဩဇာ အလွှမ်းမိုး နိုင်ဆုံး နိုင်ငံ ဖြစ်နေသော ကြောင့်ဟု ပြောခဲ့သည်ဟု ဟောင်ကောင် ရှိ South China Morning Post သတင်းစာ မှ ရေးသားလာခဲ့သည်။

 

"ကျွန်တော် အနေဖြင့် မိခင် ဖြစ်သူနှင့် အတူ လွှတ်သင့် လွှတ်ထိုက်သူများ အားလုံး လွှတ်ပေး ဖို့ စစ်အုပ်စု အား ပို၍ ဖိအားပေးပါရန် သမ္မတ ရှီကျင့်ပင်အား မေတ္တာရပ်ခံပါသည်" ဟု ပြောခဲ့သည်။

 

"ကျွန်တော် တွင် ရှိ သတင်းအရင်း အမြစ်များ၏ အဆိုအရ မေ‌မေ ကို လွှတ်ပေးဖို တောင်းဆိုနေတာကို သိထားပါတယ်၊ တရုတ် အရာရှိများ လည်း အခြား သူတွေ လိုပဲ သူ့ကို တွေ့ချင်နေကြပြီး တွေ့ခွင့် ရဖို့ တောင်းဆိုနေကြတယ် လို့ ယုံကြည်ထားပါတယ်"

 

"ကျွန်တော် သိရသလောက် အခြားသူတွေ လိုပဲတရုတ် အရာရှိတွေကိုလည်း တွေ့ခွင့် မပေးသေးပါဘူး"

 

ကိုထိန်လင်း က တဖန် "အကျဉ်းထောင် ပြင်ပက တယောက်ယောက် အမေနဲ့ ‌တွေ့ပြီး အနည်းဆုံး အသက် ရှင်နေသေးတယ် ဆိုတာ သိရရင် တော်ပါပြီ" ဟုလည်း ပြောသွားခဲ့သည်။

 

"အကျဉ်း ထောင်ထဲက အခြေအနေ တွေက အလွန့်အလွန် ဆိုးဝါးနေတာမို့ မေမေ ထောင်ထဲမှာ တင် ဆုံးသွားမှာကို ကျွန်တော် တချိန်လုံး စိုးရိမ်နေတယ်၊ မေမေကိုလည်း နောက်တကြိမ်လောက် လူ ကိုယ်တိုင် ပြန်တွေ့ချင်မိတယ်"

 

မိခင်သည် စစ်အုပ်စု ထက် တရုတ် နှင့် ဆက်ဆံရေးပိုကောင်း အောင် လုပ်နိုင်ခဲ့သည်ဟု ယုံကြည်သည်ဟု ဆိုသည်။

 

"ကျွန်တော် အမေနဲ့ NLD တို့က တရုတ်နဲ့ အကျိုး ဖြစ်ထွန်းစေတဲ့ အလုပ်သဘော ဆက်ဆံရေး ကောင်းများ ရှိခဲ့တယ်၊ ဒါကလည်း သူ့ အနေနဲ့ တိုင်းပြည် အတွက် အရေးကြီးတယ်လို့ ယူဆလို့ ကြိုးစားခဲ့ တာ ဖြစ်တယ်။

 

"မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်ပြောင်းလဲလာနေတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ မြန်မာနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်မယ်၊ ပြီးတော့ အဲဒီ့စီးပွားရေးအကျိုးစီးပွားတွေဟာ တစ်နည်းမဟုတ်တစ်နည်း အောင်မြင်အကျိုးဖြစ်ထွန်းလာမှာဖြစ်ပြီး တခြားသူတွေရဲ့ လောဘကြောင့် ပျက်စီးသွားမှာ မဟုတ်ဘူးလို့ ယုံကြည်စိတ်ချနိုင်စရာ ဖြစ်လာတယ်"

 

မြန်မာ ၏ ပဋိပက္ခသည် တရုတ်နိုင်ငံ အတွက် အခက်အခဲများ ဖြစ် လာရသည်ကို စစ်အုပ်စု အားပေး အားမြှောက်ပြုမှု ကြောင့် ပေါ်ပေါက်လာသော ကျားဖြန့် ‌ငွေလိမ်များ ကို ရည်ညွန်း ပြောဆိုသွားခဲ့သည်။

 

ထိုဂိုဏ်းများက တရုတ် နိုင်ငံသားများကို လည်း ပစ်မှတ်ထားပြိး လိမ်လည် ခဲ့ကြသည့် အတွက် ဒေါ်လာ ဘီလီယံ နဲ့ ချီ ဆုံးရှူံးခဲ့သည်ဟုလည်း ဆိုသည်။

 

ကိုထိန်လင်းက စစ်အုပ်စု လုပ်မည့် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ယခုလို ပြောခဲ့ပြန်သည်။

 

တရုတ်သည် မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်သူ့ ဆန္ဒကို အခြေခံသည့် အစိုးရ ပေါ်ထွက်ရေး၊ ငလျင်ဒဏ် အပြီး ပြန်လည် တည်ဆောက်ရေး နှင့် စီးပွားရေး ဖွံ့ဖြိုးလာစေမည့် နည်းလမ်း များကို ရှာဖွေနေကြောင်း၊ ယင်းသည် မြန်မာပြည် အတွက်သာမက တရုတ် အတွက်လည်း မှန်ကန်သင့်မြတ်သည့် ရည်မှန်းချက်များ ဖြစ်ကြောင်း၊ သို့သော် ထို ရည်မှန်းချက်များသည် ပြည်သူ သန်းပေါင်းများစွာ အား ဘေးဖယ်ထုတ်ထားသည့် ‌အတုအယောင် ရွေးကောက်ပွဲ နှင့်တော့ ဖြစ်လာစရာ အကြောင်းမရှိ။

 

၎င်းတို့ စီစဉ်ထားသော ရွေးကောက်ပွဲ ကြောင့် မြန်မာ သည် ပို၍ပင် ကသောင်းကနင်း ဖြစ်ကာ ဒုက္ခ ရောက်တော့မည် ဖြစ်ပြီး၊ မည်သူကမျှ လည်း ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြမှာ မဟုတ်သည့်အတွက် တိုက်ပွဲများ ပိုမို ပြင်းထန်လာဖို့သာ ရှိတယ်။

 

"ကျွန်တော် အမေ လွှတ်ပေးခြင်းသည်သာ မြန်မာ ပြဿနာကို ဖြေရှင်းဖို့ ကြိုတင် လိုအပ်ချက် တရပ် ဖြစ်တယ်လို့ ယူဆပါတယ်" ဟု ထပ်မံ ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရကလည်း အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲ ဆုံးပါးသွားခဲ့လျင် လက်ရှိ အကျပ်အတည်းသည် ပို၍ နက်ရှိုင်းလာလိမ့်မည်ဟုလည်း သတိပေးလာခဲ့သည်။

 

"အကွဲအပြဲများ ပိုမို နက်ရှိုင်းလာပြီး ပဋိပက္ခသည် ရှည်ကြာလာမည် ဖြစ်သည့် အပြင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးသည်လည်း ပို၍ပင် ခက်ခဲလာမည်" ဟု NUG ၏ နိုင်ငံတကာ ပူးပေါင်း ဆောင် ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာ က ဆိုသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သို့ ၂၀၁၅ နှင့် ၂၀၁၆ တွင် နှစ်ကြိမ်တိုင် သွားရောက်ခဲ့သည်၊ တရုတ်သမ္မတ ရှီကျင့်ပင်သည်လည်း မြန်မာသို့ ၂၀၂၀ တွင် ရောက်ရှိခဲ့ပြီး ဖြစ်သည်။

 

မိမိ အမြင် ပြောရလျင်တော့ မင်းအောင်လှိုင်၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် အငုံ့စိတ် နှင့် ကြောက်ရွှံနေမှု ကို ဖယ်ရှား နိုင်ပြီး သူ့ကိုယ်သူ ယုံကြည်မှု ရှိလာမှသာ ပြန်လွှတ်ပေးရဲမည် ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် သို့မဟုတ် ဆေးကုသခွင့်ပေးရန်အတွက် တရုတ်မှ စစ်အုပ်စုသို့ လျှို့ဝှက်တောင်းဆိုမှုများ ပြုလုပ်နေကြောင်း အတည်မပြု နိုင်သေး‌ သော သတင်းများအရ သိရသည်။ ယင်းတောင်းဆိုမှုများကို စစ်အုပ်စုက လက်ခံခြင်း မရှိသေးပေ။

 

တရုတ် ဖက်မှ ထိုသို့ လွှတ်မပေးဟု ဆိုက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် ၎င်းတို့ အား ထောက်ခံနေမှု များ ရုတ်သိမ်းပစ်မည်ဟု အကျပ်ကိုင် နိုင်သည်၊ တရုတ်တို့ဖက်က အချိန်မရွေး ဖောက်လာနိုင်ပြီး မည်သည့် ကိစ္စ မဆို ထိုသို့သော နည်းမျိုး ဖြင့် အကျပ်ကိုင်လာနိုင်သည် ကို ရိပ်စားမိသော မင်းအောင်လှိုင်သည် ရုရှားအား ငါးသလောက် ပေါင်းများ၊ လ္ဘက်သုတ်များ ဖြင့် လူမြင် မကောင်းအောင် ခယ နေခြင်းလည်း ဖြစ်သည်။

 

ရွေးကောက်ပွဲ ပြီး၍ တရုတ်တို့ ထင်သလို ဖြစ်မလာက မည်သို့ လုပ်လာမည်ကို မင်းအောင်လှိုင် စိတ်တထင့်ထင့် ဖြစ်နေသည်၊ ရှီကျင့်ပင် တို့ ထင်ထားသလို ၎င်းက အာဏာ လက်မလွှတ်ဖို့လည်း ကြံစီ ထားပုံရ၍ မပြေးသော် ကန်ရာရှိ ရုရှားကို ကပ်ထားခြင်းလည်း ဖြစ်သည်။

 

လက်ရှိတွင်‌ တော့ ထိုပုဂ္ဂိုလ်သည် တိုင်းပြည်၏ ဖွံ့ဖြိုး တိုးတက်မှု ဆိုသော နာရီလက်တံ ကို ၎င်းတဦးတည်း ဆုံးဖြတ်ချက်များဖြင့် အောင်မြင်စွာ နောက်ပြန် လှည့်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!