စစ်အုပ်စု သည် ဘီဂျင်းမှ ညွှန်ကြားချက် အတိုင်း ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်ပေးရန် နှင့် ဝင်ငွေရရာ ရကြောင်းလည်း ဖြစ်နေသည်က တကြောင်း ယခုအခါ လက်နက်ကိုင်များ၊ ဒရုန်းများ၊ စစ်သင်္ဘောများ၊ စက်တပ် ပါရာ ဂလိုက်ဒါများ နှင့် ကြေးနီစီမံကိန်းများ ရှိရာ လက်ပန်တောင် နှင့် ကြေးစင်တောင် သတ္တုတွင်း များ ရှိရာ စုပြုံရောက်ရှိလာကြပြီ ဖြစ်သည်။
မြန်မာ စစ်တပ်သည် တရုတ်၏ မျက်နှာသာ အပေးခံရဖို့ အတွက် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်းရမ်းဖို့ ဝန်မလေးကြတော့၊ လက်နက်ကိုင် စစ်သားများကလည်း ရွာများကို မီးရှိ့၊ လုယက်၊ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခြင်းဖြင့် နယ်မြေ များကို ရှင်းပေးနေကြသည်။
Myanmar Witness ၏ အစီရင်ခံစာအရ ၂၀၂၂ နှင့် ၂၀၂၃ တွင် ကျေးရွာပေါင်း ၂၁ ရွာကို မီးတင်ရှို့ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ ထို့အတွက် တရုတ် ကုမ္ပဏီ ဝမ် ပေါင် သည် မြေနေရာကို ၃၄.၈ စတုရန်း ကီလိုမီတာ အထိ ချဲ့ထွင်လာနိုင်ခဲ့သည်။
စစ်ကိုင်း တိုင်း အတွင်းရှိ တတိယမြောက် တကောင်းတောင် နီကယ် သတ္တုတွင်း အား အမျိုးသား ညီညွတ်ရေး အစိုးရ တပ်များက ထိန်းချုပ်ထားနိုင်ခဲ့သည်။
တရုတ်သည် အာဏာ သိမ်းပြီးချိန်ကစ၍ ယခုထိ ရင်းနှီးမြုပ်နှံလာခဲ့သည်မှာ ဒေါ်လာ သန်း ၅၃၀ အထိ ရှိလာပြီ ဖြစ်သည်။
ဒေသခံ များကလည်း ဘေးလွတ်ရာ တရုတ် ပိုက်လိုင်းကြီးများ အနီးတွင် ခိုလှုံနေကြပြီ ဖြစ်သည်။ ပတ်ပတ်လည် တွင် မိုင်းများချထား၍ ထိခိုက်သေကြေမှု များ ရှိလာနေသည်။
ထို ပိုက်လိုင်းကြီး များသည် ရမ်းဗြဲ ကျွန်း နှင့် မဒေး ကျွန်း တို့မှ သွယ်တန်းလာခြင်း ဖြစ်ပြီး ပထမ တခုသည် အဒမ်မန် ပင်လယ် ရှိ သဘာဝ ဓါတ်ငွေ့များ သယ်ဆောင် ပေးပြီး၊ ဒုတိယ ပိုက်လိုင်းသည် အရှေ့အလယ်ပိုင်း နှင့် အာဖရိက မှ ရေနံစိမ်းများ ပို့ဆောင်ပေးနေသည်။
တရုတ်ဖက်က ခရီးရှည် ,မိုင်ပေါင်း ၁,၂၀၀ ခန့် သက်သာ သွားသော်လည်း စစ်အုပ်စု အဖို့က နိုင်ငံ တွင်း ရှိ လျပ်စစ် ဓါတ်အား လုံလုံလောက်လောက် မရရှာသည့် လူထု ၏ ရှုတ်ချ လှောင်ပြောင်စရာ ဖြစ်နေခဲ့သည်။ တရုတ်တို့ က ဓါတ်ငွေ့ ပိုက်လိုင်း တလျောက် စခန်း လေးခု ဖွင့်ပြီး ၂၀ ရာနှုန်းကို မြန်မာ အား ထုတ်ပေးနေသည်ဟု သိရသည်။
အဆိုပါ ပိုက်လိုင်းများသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမ စီမံကိန်း၏ တစိတ်တပိုင်း ဖြစ်ပြီး ရှီကျင့်ပင်ကပင် ၎င်း၏ ရပ်ဝန်း နှင့် လမ်း စီမံကိန်း အတွက် ဦးစားပေးများစွာ ထဲက ထိတ်တန်း ဦးစားပေး ဟု ပင် ပြောဆိုထားပြီး ဖြစ်သည်။
ဤသည်ကပင် ၎င်း၏ မြန်မာ တနိုင်ငံလုံးကို မည်သို့ ကိုင်တွယ် ရမည် အပေါ် သဘောထား လမ်းညွှန်ချက် တရပ် ဖြစ်လာသည်။ သို့သော် တရုတ်မှအပေါ်ထပ် အဆောက်အအုံများကို အသားထဲက လောက်ထွက်သည့် စစ်အုပ်စု ကို အားပြုပြီး မြန်မာ မြေပေါ်တွင် တိုးချဲ့နေမှုသည် ၎င်းတို့ အတွက် အနာဂတ်တွင် ရင်မအေးစရာ ဖြစ်လာသည်။
အကယ်၍ တိုင်ဝမ် အရေး နှင့် ပတ်သက်ပြီး အမေရိကန် နှင့် စစ်ဖြစ်လာပြီဆိုက ထိုပိုက်လိုင်းများသည် အမေရိကန် လေတပ်၏ ပထမဆုံး တိုက်ခိုက် ချေမှုန်းခြင်းကို မလွဲမသွေ ခံရတော့မည် ဖြစ်သည်။
လောလောဆယ်တွင် တရုတ်တို့က မထိရက် မကိုင်ရက်စရာ ပစ္စည်းတခု သဖွယ် သဘောထားနေသော်လည်း ထိုပိုက်လိုင်းများ ဖြတ်သန်းရာ သည် ပြည်တွင်းစစ်မီးကြီး အရှိန်တညီးညီး တောက်လောင်ရာ ဒေသ ဖြစ်နေသည်။
တရုတ်သည် စစ်အုပ်စု အား ဒေါ်လာ သန်း ၂၅၀ ဖိုးခန့် စစ်လက်နက် များ ရောင်းချပေးခဲ့ပြီး ဖြစ်သော်လည်း ၎င်းတို့ ဖြစ်စေချင်သလို ထိရောက်မှု မရှိ ဖြစ်နေ၍ ၎င်းတို့ အကျိုးစီးပွား ကာကွယ်ရန် လုံခြုံရေး အကြောင်းပြကာ တပ်သားများ စေလွှတ်ပေးရသည် အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်လာနေသည်။
တရုတ် တို့ မြန်မာ့ မြေပေါ်သို့ ထိုသို့ ကျူးကျော်လာနေမှု အတွက် လူထုမှ ပိုက်လိုင်းများကို ဖေါက်ခွဲပစ်ရန် အထိ ဒေါသတကြီး တောင်းဆိုလာနေသည့် အတွက် တော်လှန်ရေး အုပ်စုများက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် နေရသည်။ ဤသည်ကို ရိပ်စားမိသော ဘီဂျင်းသည်လည်း စစ်အုပ်စု အား အကာအကွယ် ပေးရန် ပြောလာပြီး ယူနန် ရှိ လက်ခွဲများမှ တဆင့် ဒရုန်း နှင့် ထောက်လှန်းရေး နည်းပညာများ လိုသလောက် ပံ့ပိုးပေးလာနေသည်။
ရခိုင်ပြည်နယ်တွင်တော့ ပိုက်လိုင်းအား တနေရာမှ လွဲ၍ ကျန် အပိုင်းများကို အာရက္ခ တပ်တော်မှ ထိန်းချုပ်ထားပြီး ဖြစ်နေသည်။ ပိုက်လိုင်းများမှ ဓါတ် ငွေ့ ခွဲတမ်း ပေးနေသည့် Off-take စခန်းများအားလည်း တော်လှန်ရေး တပ်များ က သိမ်းယူထားပြီး ဖြစ်သည်။
တရုတ် ခေါင်းဆောင်များ အဖို့ အိပ်မပျော် စားမဝင်ရတက်မအေးစရာ ဖြစ်နေသည်၊ ၎င်းတို့၏ အနာဂတ် စစ်ရေး ရည်မှန်းချက်များ အတွက် ထောက်ပံ့ရေး လမ်းကြောင်းများသည် မည်သို့မျှ ခန့်မှန်း၍ မရသော တော်လှန်ရေး တပ်များ၏ လက်ဝယ်တွင် ရှိနေပါလား ဆိုသည့် အတွေးများကြောင့်ပင် ဖြစ်သည်။
တရုတ် ကွန်မြူနစ် ပါတီသည် မြန်မာနိုင်ငံ အတွင်း မတည်ငြိမ် မှု များကို စစ်အုပ်စု မှ ကိုင်တွယ် နိုင်လိမ့်မည် ဟု လျော့တွက်ခဲ့ရာမှ ထင်သလို ဖြစ်မလာဘဲ မခန့်မှန်း နိုင်သည့် အရှုပ်အထွေး များ ကြား ရောက်လာနေပြီ ဖြစ်သည်။
ကိုးကန် ဒေသတွင်လည်း ကိုယ်မွေးသည့် မျောက် ကိုယ့် ပြန်ချောက်ခံရပြီး အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ဝင်းကြီး ဝင်းငယ် နှင့် လောက်ကိုင်တွင် ထွက်ပေါ်လာခဲ့သည် နမူနာ များလည်း ရှိနေသည်၊ ယနေ့တွင်ပင် ၎င်းတို့ နယ်စပ် လုံခြုံရေး အတွက် စစ်အုပ်စု ကဲ့သို့ပင် လက်သပ်မွေးထားရသည့် မင်း မိသားစုဝင် အားလုံးကို သေဒဏ် ပေးလိုက်ပြီ ဖြစ်သည်။
ထိုအရေးကို ဖြေရှင်းရန် နှင့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၏ ကြံရာပါ ဖြစ်နေသော စစ်အုပ်စု အား သင်ခန်းစာပေးရန် MNDAA ကို မီးစိမ်းပြလာသည်။ MNDAA သည်လည်း အခွင့် ကောင်းယူကာညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့ နှင့် အတူ လားရှိုး အထိ တက်သိမ်းပစ်ခဲ့သည်၊ စစ်အုပ်စု ပြိုလဲတော့မည့် အ ရေး ကြောင့် တရုတ်တို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာကာ MNDAA ခေါင်းဆောင်ကို ပြန်ပေးဆွဲ၊ ဖြတ်လေး ဖြတ် စနစ်ဖြင့် အကုန်ပိတ်ဆို့ကာ လားရှိုးကို ပြန်ပေးရသည် အထိ အကျပ်ကိုင်ခဲ့ရသည်။
တရုတ် အစိုးရသည် မင်းအောင်လှိုင်အား နိုင်ငံ အကြီးအကဲ အဖြစ် အသိအမှတ်လည်း မပြု၊ တန်းတူ ရည်တူလည်း မဆက်ဆံချင်၊ သို့သော် အခြေမလှ ဖြစ်လာနေသည်ကို မြင်တွေ့လာရ၍ ၂၀၂၄ နိုဝင်ဘာလ တွင် မဲခေါင် အစည်း အဝေး လာတက်ဆိုကာ ပြည်ဝင်ခွင့်ပေးလာခဲ့သည်။
စစ်အုပ်စုအား အရည်အချင်း မရှိမှန်း သိသော်လည်း အာဏာရှင်များ ဖြစ်၍ လည်း တော်လှန်ရေး အုပ်စုများထက် ပို၍ အသုံးဝင်မှန်း ကျုံနန်ဟိုင်း အိမ်တော်ရှိ အာဏာရှင်များကသဘောပေါက်လာကြ၍လည်း ဖြစ်သည်။
ကချင် လွတ်လပ်ရေး တပ်တော်ကိုလည်း ရှားပါး မြေသား သတ္တုနှင့် ပတ်သက်ပြီး ထိုနည်း အတိုင်း ပိတ်ဆို့ အကျပ်ကိုင်လာကြသည်၊ သို့သော် ကချင်တို့က အလျော့မပေး၍ ဆွေးနွေးရဖို့ အထိ ဖြစ်လာခဲ့သည်။
တရုတ်သည် ထိုသို့ အခြေအနေများ ကြားမှ မြန်မာ နိုင်ငံ တွင်း ရေအားလျပ်စစ် စီမံကိန်း ၇ ခု အတွက် ဒေါ်လာ ဘီလီယံ ၂၀၊ ၎င်းတို့ ၇၀ ရာနှုန်း ပိုင်ထားသည့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း အတွက် ဒေါ်လာ ၇.၃ ဘီလိယံ ထည့်ဝင်ထားပြန်သည်။ မီးရထား လမ်း ဖေါက်လုပ်ရေး စီမံကိန်း အတွက် ဒေါ်လာ ၈.၉ ဘီလီယံ မြုပ်နှံဖို့ ရှိနေသည်။
လက်ရှိတွင် မြန်မာသည် အချုပ်အခြာ အာဏာပိုင်သေးလား ဟု မေးစရာ ဖြစ်လာသည်။ တရုတ် အစိုးရ ထံသို့ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ကြွေးတင်နေသည်။ မြန်မာ ရှိ နိုင်ငံရေး သမား များလည်း အသုတ်လိုက်ခွဲ၍ ကွန်မြူနစ် ပါတီ ဗဟို သင်တန်း ကျောင်းတွင် သဘောတရားရေး သင်တန်း တက်နေရသည်။ ကမ်းရိုးတန်း ရေတပ်စခန်း သည်လည်း တရုတ် ရေတပ် စစ်သင်္ဘောများ ချစ်ကြည်ရေး ဆိုကာ ဝင်ချင်တိုင်း ဝင် ထွက်ချင်တိုင်း ထွက် နေကြပြီ ဖြစ်သည်။
လက်ရှိတွင် အပစ်အခတ် ရပ်စဲရေး အားမကိုးတော့ဘဲ တရုတ်သည် ရွေးကောက်ပွဲ လုပ်ခိုင်းလာသည်။ စစ်အုပ်စု လုပ်ပေးမည့် ရွေးကောက်ပွဲ ဆိုသည်ကလည်း တရုတ်တို့ နားလည်လွယ်သည့် အတိုက်အခံ မရှိသော ရွေးကောက်ပွဲ မျိုး ဖြစ်သည်။ တရုတ်တို့ စီမံနေသည်က တရားဝင် အစိုးရ ပုံစံ အရောင်ခြယ်ပေးပြီး ကံမကောင်း အကြောင်းမလှ ဖြစ်နေရှာသည့် မင်းအောင်လှိုင်ကို ဖယ်ရှားနိုင်ရန် ကြံစည်နေခြင်း ဖြစ်သည်။
၎င်းတို့၏ ဝင်ရောက် စွက်ဖက်မှု ကြောင့် ဖြေရှင်းရန် ခက်ခဲလှသော ပြဿနာကို ပိုမို ရှုပ်ထွေး လာတော့မည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!