စစ်အုပ်စု သည် သံတမန်ရေး အရ အောင်ပွဲ ခံနေပြီ ဆိုကာ ပြောဆိုရေးသားမှု များ ရှိနေသည်၊ ယင်းသည် မင်းအောင်လှိုင် တရုတ်ပြည် ရောက်ပြီး ရှီကျင့်ပင် နှင့် ၎င်း၊ မိုဒီ နှင့် ၎င်း မော်စကို တွင် ပူတင် နှင့် ၎င်း လက်ဆွဲ နှုတ်ဆက်ခွင့် ရသွားသည်ကို ရည်ညွှန်း ပြောဆိုနေကြခြင်း ဖြစ်သည်။
တရုတ်၊ ရုရှား နှင့် အိန္ဒိယ တို့က မင်းအောင်လှိုင် အာဏာ သိမ်းပြီးချိန် ကစ၍ ခိုးကြောင်ခိုးဝှက် ထောက်ခံနေကြပြီး ယခု မှ လူမြင်ကွင်း ထွက်၍ လက်ဆွဲ နှုတ်ဆက်နေကြခြင်း ဖြစ်သည်။
သို့သော် ၎င်းသွားခဲ့သည့် ခရီးစဉ်များသည် နိုင်ငံတကာ အစည်းအဝေး ဘောင် အတွင်း မှ ဖြစ်သည်။ ယခုထိ ဘီဂျင်း နှင့် နယူးဒေလီတို့ မှ နှစ်နိုင်ငံ ချစ်ကြည်ရေး အလည် အပတ် ခရီး အဖြစ် သီးခြား ဖိတ်ခေါ်ခြင်း မခံရသေးပေ၊ နကိုယ်ကတည်းက ထောက်ခံနေသူများ လူမြင်ကွင်း ထွက်လာပြီး နှုတ်ဆက်နေကြသည်ကို ကြည့်ပြီး စစ်အုပ်စု သံတမန်ရေး အရ အောင်ပွဲ ရနေပြီဟု ပြောဆိုနေခြင်းသည် အမှန်တရား နှင့် နီးစပ်မှု မရှိ ဖြစ်နေသည်။
တခုရှိသည်က အမျိုးသား ညီညွတ်ရေး အစိုးရ၏ မိတ်ဆွေ ရင်းခြာ ကြီး ဖြစ်သော တီမော အား လတ်တလော တွင် ဆုံးရှုံးသွားခဲ့ရသည်သာ ရှိသည်။
တီမော၏ စစ်အုပ်စု အား ရဲရဲတောက် ဆန့်ကျင်နေမှု ကို အာဆီယံ နိုင်ငံများက မကြိုဆိုသည့် အတွက် နောက်ဆုံးတွင် အသင်းဝင်ခွင့်ရဖို့ အလျော့ပေးလိုက်ရခြင်း ဖြစ်သည်။
ဒေါ်နယ် ထရမ့် အိမ်ဖြူတော် ပြန်ရောက်လာသည့် အချိန်ကစပြီး လစ်ဘရယ် ဒီမိုကရေစီ သည် ကမ္ဘာမျက်နှာစာ တွင် နေရာပေးခြင်း မခံရတော့ပဲ မှေးမှိန်စ ပြုနေသည်။ ပေါ်ပြူလစ်ဇင် ခေတ်ထလာ၍ နိုင်ငံ အများ အပြားသည်လည်း ထိုအကြောင်းကို ရှေ့တန်းမတင်ရဲကြတော့၊ အင်္ဂလန်တွင်ပင် Make England Great Again ဆိုသည့် ကြွေးကြော်သံ ခေတ်စားလာသည်။ ထိုသို့ ပြောင်းလဲလာနေသော ကမ္ဘာ နိုင်ငံရေး မျက်နှာစာတွင် ဒီမိုက ရေစီ အတွက် တိုက်ပွဲ ဝင် နေသောအမျိုးသား ညီညွတ်ရေး အစိုးရသည်လည်း သံတမန်ရေး အရ ထိုးစစ်ဆင်ဖို့ ယခင်ကထက် အဆပေါင်း များစွာ ပိုခက်လာနေရသည်။
ထို့အတွက် ရှေ့လျောက် ဂီယာ ချိန်း နိုင်ရန် စက်တင်ဘာ ၄ ရက်နေ့တွင် NUG ခေါင်းဆောင်ပိုင်းသည် ဘဲလ်ဂျီယံ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။
စစ်အုပ်စုက တော့ အာဏာရှင်များ နှင့် အတင်းကာရော ဖက်လှဲတကင်း လုပ်၍ ရနေဆဲ ဖြစ်သည်။ ၎င်းတို့ကိုလည်း one of us အဖြစ် လက်ခံနေကြခြင်းသာ ဖြစ်သည်။
၎င်းတို့ ထို့ထက်ပို၍ ခေါင်းထောင် မလာနိုင်သည်ကို ကုလသမဂ္ဂ စင်မြင့်တွင် ထပ်၍ တွေ့လာရပြန်သည်။ ကမ္ဘာနိုင်ငံ အသီးသီး မှ ခေါင်းဆောင်များ၊ နိုင်ငံခြားရေး ဝန်ကြီး များ အသီးသီး မိန့်ခွန်း ပြောနေကြချိန်တွင် မင်းအောင်လှိုင်အဖို့က အနားကပ်ခွင့် မရရှာ၍ ကာဇတ်စတန်တွင် မည်သို့မျှ ဖြစ်မလာနိုင်သော တရုတ်၏ ရပ်ဝန်း နှင့် လမ်းစီမံကိန်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုသည့် အရေမရ အဖတ်ရ အကြောင်းအရာ များ ပြောရင်း ဓါတ်ပုံ အရိုက်ခံရင်း လှည့်ပတ် အချိန်ဖြုန်းနေရပေသည်။
တိုင်းပြည် စီးပွား ဖွံ့ဖြိုးလာအောင်ပင် ဘာတခုမျှ မယ်မယ်ရရ လုပ်မပြနိုင်ဘဲ နိုင်ငံတကာ စီမံကိန်းများကို အကောင်အထည် ဖေါ်ဖို့ ပြောဆိုနေခြင်းသာ ဖြစ်သည်။
ကုလစင်မြင်တွင် ပြောခွင့်ရသူ များ က တော့ မြန်မာ အကြောင်းကို ပျစ်ပျစ်နှစ်နှစ် ပြောကုန်ကြပြီ ဖြစ်သည်။
ထိုအထဲတွင် အာဆီယံဥက္ကဌ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက အာဆီယံ ၏ အချက် ငါးချက် အပေါ် ယုံကြည်မှု ရရှိရန် ဆက်၍ ကြိုးပမ်းသွားမည်ဟု ပြောဆိုသွားခဲ့သည်။ မြန်မာတွင် သဘောတူထားပြီးသော အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်မှု များ အပေါ် လွန်စွာ စိတ်ပျက်မိကြောင်း ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။
စစ်အုပ်စု သိထားရမည်က မြန်မာသည် တသီးတခြားကြီး ရပ်တည်နေခြင်း မဟုတ်၊ ဒေသတွင်း တစိတ်တပိုင်း အဖြစ် ပါဝင်နေသည် ဆိုသည်ကို သတိမူ သင့်ကြောင်း ပြောသွားခဲ့သည်၊ မိမိတို့ကို ပစ်ပယ်ပြီး တရုတ် မျက်နှာပဲ ကြည့်၍ လုပ်၍ မရ ဟူ၍ ဆိုလိုခြင်း ဖြစ်သည်။
ယခုအခါ အင်အားကြီး နိုင်ငံ များ၏ ပြိုင်ဆိုင် မှုသည် တောင်တရုတ် ပင်လယ် အတွင်းသာ မြန်မာသို့ပါ ကူးစက်ပျံ့နှံ့ လာတော့မည့် အရေးကို စိုးရိမ် မကင်း ဖြစ်စ ပြုလာကြသည်။
တရုတ် နှင့် တံစောင်း ဆေး နှင့် မျက်ခြီ ဖြစ် နေသည့် ဖိလစ်ပိုင် သည် နောက်နှစ်တွင် အာဆီယံ ဥက္ကဌ အဖြစ် တာဝန်ယူရတော့မည် ဖြစ်၍ တရုတ် ခြယ်လှယ်မှု ကို ဆန့်ကျင်သွားမည့် တခုတည်းသော နိုင်ငံ လည်း ဖြစ်သည်။
စစ်အုပ်စုသည် အနောက်ဖက် ခြမ်း တွင်လည်း ၎င်းတို့ လူတော တိုး၍ မရ ဖြစ်နေသည့် ရိုဟင်ဂျာ ပြဿနာ နှင့် ရင်ဆိုင်နေရပြန်သည်။
ဘင်္ဂလားဒေ့ ရှ်သည် အိမ်နီးခြင်း နိုင်ငံ ကြောင့် ရိုဟင်ဂျာ များ ပြီးလျင် ဒုတိယ မြောက် ဒုက္ခရောက်နေသည့် နိုင်ငံ ဖြစ်သည်ဟု ခေါင်းဆောင် ဖြစ်သူ မိုဟာမက် ယူနွတ်စ် က ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။
မြန်မာသည် ဒေသသည် တည်ငြိမ်ရေး ကို ခြိမ်းခြောက်နေယုံမက ရိုဟင်ဂျာများ လုံခြုံ စိတ်ချစွာ နေရပ် ပြန်ရေး အလားအလာ များပါ ပျက်သုဉ်း နေပြီဟု ဆိုသည်။
ယခုအခါ အကူအညီများ ဖြတ်တောက်ခံနေရ၍ ရိုဟင်ဂျာ များ အား တလလျင် ၆ ဒေါ်လာ နှုန်းနှင့်သာ ကျွေး နိုင်တော့မည် ဖြစ်သဖြင့် အငတ်ဘေးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ နိုင်ငံတကာ အနေဖြင့် ပို၍ တာဝန်ယူပေးကြပါရန် နှင့် စစ်အုပ်စု နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုလည်း ဆထက်တံပိုး တိုး၍ ဖိအားပေးကြပါရန် တောင်းဆိုသွားခဲ့သည်။
ယူနွတ်စ်သည် စက်တင်ဘာ ၃၀ တွင် နယူးယောက်တွင် ရိုဟင်ဂျာ အရေး ရံပုံငွေများ ရရှိရန် နှင့် တည်တံ့ခိုင်မြဲမည့် ဖြေရှင်းချက် တရပ် ရရှိရန် အတွက် ထိပ်သီး ဆွေးနွေးပွဲ ခေါ်ယူထားပြီး ဖြစ်သည်။
ပြီးခဲ့သည့် နှစ် အတွင်း လူ တသိန်းခွဲခန့် ထပ်မံ ထွက်ပြေးလာခဲ့သည်ဟု ဆိုသည်။
ထိုသို့သော အခြေအနေများ ကြားတွင် စစ်အုပ်စု အား ၎င်းတို့ဘာလုပ်လုပ် ထောက်ခံနေသော ရုရှား နှင့် တရုတ်တို့မှ လွဲ၍ အခြားနိုင်ငံများက ထောက်ခံ ရဲကြပေမည်နည်း။
တရုတ်သည် လက်ရှိ ကမ္ဘာစနစ်ကြီးအား နိုင်ငံပေါင်းစုံ တက်ညီလက်ညီ ဦးဆောင်မည့် multilateralism ဖြင့် သွားမည်ဟု ပြောနေသော်လည်း ၎င်းတို့၏ မြန်မာ အရေး ကိုင်တွယ်မှု ကို ကြည့်၍ မည်သူက စိတ်ချ ယုံကြည်ပေမည်နည်း၊ ၎င်းတို့ လိုလားသော လူများကို အာဏာသိမ်းခိုင်းမည် ဆိုက မခက်ပေလောဟု တွေးတောနေကြမည်သာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!