စစ်အုပ်စု ၏ အားကိုး အားထားရာ ဖြစ်တော်မူနေသော ခေါင်းဆောင်ကြီး မင်းအောင်လှိုင်သည် ပူတင် နှင့် တွေ့ဆုံခွင့် ရသွားပြန်သည်။
မင်းအောင်လှိုင်သည် စိတ်ထဲတွင် အားကိုးအားထားစရာ ဆွေမျိုးရင်းခြာ ကြီးဟု ယုံကြည်လာဟန် ရှိသည်။ ထို့အတွက်လည်း တောက လူများ မြို့ရှိ ဆွေမျိုး များထံ အလည်လာသည့် အခါ ငှက်ပျော၊ ငါးခြောက် စသည့် ဒေသထွက် သီးနှံများ ယူလာလေ့ ရှိသလိုပင် သူကလည်း ငါးသလောက်ပေါင်း နှင့် လ္ဘက်သုပ်များ ချိုင့်ကြီး ချိုင့်ငယ် ဖြင့် သယ်သွား သည့် တခါမျှ မကြားဘူးသည့် အဖြစ်မျိုး ကြားခဲ့ကြရ၍ လူတိုင်း ရယ်ရမလို၊ ငိုရမလိုပင် ဖြစ်နေပေသည်။
အကယ်၍များ ပူတင်သည် ငှက်ပျောသီး ကြိုက်သည် ဆိုက ငှက်ပျောခိုင်ကို သူကိုယ်တိုင် ထမ်းပိုး ယူသွားမည်သာ ဖြစ်သည်၊ မြင်ရသူ အပေါင်းကလည်း တအံ့တဩ ဖြစ်ကြမည် မထင်။ အသက် နှင့် အာဏာ အိုးစားမကွဲအောင် လုပ်နေရသည် ဖြစ်၍ သဘာဝ ကျသည်ဟု ယူဆကြမည်သာ ဖြစ်သည်။
၎င်းယူလာသော ဟင်းလျာ များကို အကြိုက်တွေ့သွားပါက စီးပွား ရေး အရလည်း နိုင်ငံခြားငွေ ရနိုင်သည့် အပြင် ရုရှား-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲစေရန် အတွက် မြန်မာ ထမင်းဆိုင်များ မော်စကို နေရာအနှံ့အပြား တွင် ဖွင့်လှစ်နိုင်ဦးမည် ဖြစ်သည်၊ ထိုသို့ ဖြစ်လာက အမျှော်အမြင် ကြီးလှသော ခေါင်းဆောင်ကြီး အဖြစ် ပို၍ပင် လေးစားလာကြပေဦးမည်။
မင်းအောင်လှိုင်မှ ဗလာဒီဗော့စတော့ တွင် နောက်ထပ် ကောင်စစ်ဝန်ရုံး ဖွင့်ရန်ပင် ပူတင်အား အဆိုပြုခဲ့သည် ဟု သိရသည်။
ပူတင် နှင့် ကာကွယ်ရေး အပြင် နျူကလီယား စွမ်းအင်၊ လျပ်စစ်ဓါတ်အား၊ ကျန်းမာရေး၊ ပညာရေး စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေးတို့ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။
နျူကလီယား စွမ်းအင် နှင့် ပတ်သက်၍ SMR ခေါ် Small Modular Reactor ဓါတ်ပေါင်းဖို အသေးစားလေး ထုတ်လုပ်ဖို့ ၂၀၂၃ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုထိ နေရာ တိတိကျကျ မသတ်မှတ်ရသေး။
ရေနံစိမ်း နှင့် သန့်စင်ပြီး လောင်စာဆီများကို ရုရှား မှ တင်သွင်းနေရသော်လည်း ရုရှား ၏ ရေနံချက် စက်ရုံကြီး အကောင်အထည် ပေါ်လာဖို့ အရေးက ပါးစပ်ပြောပင် ရှိသေးသည်။ အလားတူ ရေအား၊ လေအား၊ ကျောက်မီးသွေး သုံး ဓါတ်အားပေးစက်ရုံများကလည်း လေထဲတွင်ပင် ရှိနေသေးသည်။
နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏ သည် ဒေါ်လာ သန်း ရာဂဏန်း မျှသာ ရှိသေးသည်။ ရုရှားမှ ဓါတ်မြေဩဇာများ၊ ရေနံထွက်ကုန်များ၊ ဆေးဝါးများ တင်သွင်းနေရပြီး မြန်မာမှ ဆန်၊ သစ်သီးယိုစုံ၊ အထည်အလိပ် နှင့် ဖိနပ်များ တင်ပို့နေသည်။
ဤသည်ကို ကြည့်လျင် ရုရှားက ၎င်းတို့အား လက်နက်များ ရောင်းချပေးနေသည်ကလွဲ၍ ကျန်သည်များက ဘာတခုမျှ ဖြစ်မလာသေးပေ၊ ထီးဖြူ ဖိနပ်ပါး အဆင့်မျိုး နှင့် ပြန်လာခဲ့ရသည်ချည်း ဖြစ်သည်။
မော်စကို ၏ Beverly Hills ဟု တင်စားခံရသော ရူဘလီယောကာ ဇိမ်ခံ ရပ်ကွက်ကြီးတွင် ပုန်းလျိုးကွယ်လျိုးဖြင့် နေနေရသည့် ဆီရီယား အာဏာရှင်ဟောင်း ဘာရှာ အယ် အာဆတ်သည် ၎င်း နှင့် ပူတင်တို့ တွေ့ဆုံကြသည့် သတင်းကို ရုပ်မြင်သံကြား တွင် ကြည့်ပြီး ပြုံးနေမည်သာ ဖြစ်သည်။
သို့သော် ပြီးခဲ့သည့် ဇန်နဝါရီ လ အစောပိုင်းက ရုရှား တို့ မှ လုံခြုံရေး ကို တင်းကျပ်စွာ ချထားသည့် ကြားမှ ၎င်းအား အဆိပ်ခတ်သတ်ရန် ကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့ပြီး အသက်မသေဘဲ လွတ်မြောက်ခဲ့ကြောင်း နိုင်ငံတကာ သတင်း မီဒီယာများ တွင် သတင်းပျံ့နှံ့သွားခဲ့သည်။
ဆီရီယား အစိုးရသစ်ကလည်း အာဆတ်ကို လွှဲပြောင်းပေးရန် ရုရှား အစိုးရအား တောင်းဆိုထားမှု ကို အဖြေပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင် ဆိုစေ ပူတင်က ၎င်း၏ ယူကရိန်းစစ်ပွဲတွင် မိတ် ဆွေ ရင်းခြာကြီး ပမာ အားကိုးရသော ရှီကျင့်ပင် အပိုင်စား ရထားသည့် မြန်မာ နှင့် ပတ်သက်၍ မျက်နှာ အပျက်မခံလို၊ ပြောသမျှ နားထောင်ပေးပြီး မလွှဲသာ မရှောင်သာ ဖြစ်လာလျင် နားလည်မှု စာချွန်လွှာ ကလေး လက်မှတ်ထိုးပေး လိုက်သည့် အနေအထား နှင့် ချွေးသိပ်လွှတ်ခဲ့သည်ချည်းသာ ဖြစ်သည်။
၎င်းလုပ်မည့် ရွေးကောက်ပွဲ အားလည်း ပူတင်ကို ရှင်းပြခဲ့ပြီး လေ့လာစောင့်ကြည့်သူများ လွှတ်ပေးရန်လည်း ပြောခဲ့သည်ဟု ဆိုသည်။
တရုတ်သည် ရွေးကောက်ပွဲအား နိုင်ငံရေး အခြေအနေ သစ် တခု ထွက်ပေါ်လာရန် မျှော်လင့်တကြီး ဖြင့် တွန်းအားပေးခဲ့သော်လည်း ထို ရွေးကောက်ပွဲသည် မင်းအောင်လှိုင် တဦးတည်း အတွက် ဖြစ်လာနေသည်ကို ရိပ်စားမိလာကြပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် USDP ကို ခုတုံးလုပ်၍ နိုင်ငံရေး ကို ချုပ်ကိုင်နိုင်ရန် တပ်မှ အဆင့်မြင့် အရာရှိ ကြီး ၂၀ ကျော် အပါအဝင် ရာနှင့်ချီ၍ ထည့်သွင်းလာသည်၊ အလားတူ တဆည ပါတီသို့လည်း စေလွှတ်ထားပြန်သည်ဟု သတင်းများက ဆိုသည်။
မင်းအောင်လှိုင်သည် ထီးဖြူဖိနပ်ပါး အဆင့်ဖြင့် ရုရှားသို့ သွားချည် ပြန်ချည် ဖြင့် မျက်နှာချို သွေးနေရချိန်တွင် အိမ်ဖြူတော်မှနေ၍ ဒေါ်နယ် ထရမ့်သည် နိုင်ငံခြား အကူအညီများကို ဒေါ်လာ ၁.၈ ဘီလီယံ အထိ ပေးသွားရန် စီမံလာပြီ ဖြစ်သည်။
ထိုသို့ပေးရခြင်းမှာ တရုတ်၏ ဩဇာ လွှမ်းမိုးမှု ကို တန့်ပြန်ရန်၊ မက်စ်ဝါဒ နှင့် အမေရိကန် ဆန့်ကျင်ရေး အစိုးရများကို ရင်ဆိုင်ရန်၊ အရေးပါသော သတ္ထု တွင်းထွက် ပစ္စည်းများ၏ ထောက်ပံ့ရေး ကွင်းဆက်များကို လမ်းကြောင်း လွဲနိုင်ရန် အစရှိသည် တို့ အတွက် သုံးစွဲသွားမည်ဟု ထုတ်ဖေါ်ပြောဆိုလာပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် အရေမရ အဖတ်မရ သူရူးတယောက်ပမာ နျူကလီယား ဟု ဟစ်ကြွေးလာနေမှုကပင် အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေမှန်း သတိမူမိပုံ မရပေ။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!