နိုင်ငံတဝှမ်း တော်လှန်ရေး ကြီး ဆင်နွှဲနေစဉ်တွင် အေးအေးသက်သာ နေခဲ့ရသော ပြည်သူများဟူ၍ ကမ္ဘာ့ သမိုင်းတလျှောက် ရှိခဲ့ဖူးပါ၏ လော၊ မြန်မာ ပြည်သူများ အဖို့က ၎င်းတို့ လက်အောက်တွင် ယခုလို သေနတ် သံ၊ ဗုံးသံများ မကြားခဲ့ရသည်က လွဲ၍ ထိုသို့သော ဒုက္ခများ နှင့် တချိန်လုံး နပမ်းလုံးလာခဲ့ရပြီး ဖြစ်၍ သန်းကောင်ထက် ညဉ့်မနက်တော့၊ ထိုသို့ အနေအထားမျိုး နှင့် တခါဖူးမျှ မကြုံခဲ့ရသော စစ်တပ်သည်သာ မည်မျှကြာကြာ တောင့်ခံနိုင်ပေမည်နည်း။ တော်လှန်ရေးကြီးကြောင့် ၎င်းတို့ ဝင်ငွေရရာ ရကြောင်းသည် တစထက်တစ လုံးပါး ပါးလာနေရပြီ ဖြစ်သည်။
မင်းအောင်လှိုင် အတွက် ကံကောင်းနေသည်က လက်အောက်ခံ စစ်ဗိုလ်ချုပ်များသည် အကျင့်ပျက် ကိုယ်ကျိုး ရှာနိုင်ရန် သာ လုံးပမ်းနေကြသူများ ဖြစ်ပြီး ငွေ နှင့် အာဏာ က လွဲ၍ တိုင်းပြည်မျက်နှာ၊ လူထု မျက်နှာကို လားလားမျှ ကြည့်ရကောင်းမှန်း မသိသူများ စုဝေးနေကြခြင်း ကြောင့် သာ ဖြစ်သည်။ ၎င်းတို့အား ငွေရပေါက် ရလမ်း ဖန်တီးပေးနိုင်သူသည်သာ အခရာ ဖြစ်သည်။ တိုင်းပြည် ငြိမ်းချမ်း၍ ၎င်းတို့ အတွက် ရပေါက် ရလမ်း မရှိလျှင် နည်းမျိုးစုံ ဖြင့် ခြေထိုးကာ ဒုက္ခပေးမည့်လူများ ခြည်းသာ ဖြစ်သည်။
ယခု ကြားလာနေရသော သေနတ်သံများကလည်း အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ပြည်သူတရပ်လုံး ရင်ဆိုင်နေရသော ဒုက္ခ သုက္ခ အဝဝ ကို အပြီး အပြတ် ဖြေရှင်း နိုင်ရန် နိုင်ငံရေး တွင် စစ်တပ် ပါဝင် ပတ်သက်နေမှု အဆုံးသတ်ရေး၊ လက်နက်ကိုင် တပ်များ အားလုံး ပြည်သူ့ အစိုးရ လက်အောက်တွင် ထားရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီ အနှစ်သာရ များ ပါရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် ရေးဆွဲရေး၊ အမျိူးသား ပြန်လည် ရင်ကြား စေ့နိုင်ရေး ရည်ရွယ်ပြီး နစ်နာသူ များ အတွက် တရားဥပဒေ ဘောင် အတွင်း မှ ကြားနာ ဖြေရှင်းခွင့် ဆိုသည့် transitional justice ရရှိရေး စသည့် တို့အတွက် လုံးပမ်းနေကြခြင်းသာ ဖြစ်သည်။
ပြည်သူ လူတု ၏ ထောက်ခံမှု မရတော့၍ ပြည်တွင်းအားသည် ပြည်တွင်းမှာ မရှိ၊ မော်စကို နှင့် ဘီဂျင်းတွင်သာ ရှိသည်ဆိုက ထိုနိုင်ငံများ၏ နို့သက်ခံ စို့နေရ ရှာသော ရင်ခွင်ပိုက် စစ်တပ် အဖြစ် အရှက်ကင်းမဲ့စွာ အသက်ဆက်နေရရှာပြီ ဖြစ်သည်၊ မင်းအောင်လှိုင် ကို အသာထားဘိဦး စစ်တပ်ထဲမှ တယောက်မှ ရှက်ရ ကောင်းမှန်း မသိ ဖြစ်နေကြသည်က အံ့ဖွယ်လိလိ ပင် ဖြစ်သည်။ စောစောက ပြောခဲ့သလိုပင် ၎င်းတို့ အတွက် အာဏာ နှင့် ငွေရ ပေါက် ရလမ်း ဖန်တီးပေးနိုင်သူသည်သာ အခရာ ဟု ယူဆထားကြသူ များ သာ ဖြစ်နေသည်။ စစ်ဗိုလ်ချုပ်များသာ မက စစ်တပ်နှင့် ပူးပေါင်းနေသူများအားလည်း ပြည်သူ တရပ်လုံးက ထိုသို့ ရှူမြင်ထားကြပြီး ဖြစ်သည်။
တခု သိထားသင့်သည်က နူရင်ဘတ်ခ် စစ်ခုံရုံးသည် နာဇီ စစ်ရာဇဝတ်ကောင်များသာမက နောက်ပိုင်းတွင် ၎င်းတို့ စစ်ယန္တရားကြီး အသက်ဆက်နိုင်ရေး အတွက် အဖက်ဖက် မှ ကူညီ ပံ့ပိုးပေးခဲ့သော စက်မှု လုပ်ငန်းရှင်များ၊ ကရိုနီ များ မှအစ စာအုပ် ပုံ နှိပ် ထုတ်ဝေရေးသမား များ ပါ မကျန် ရုံးတင် စစ်ဆေး အပြစ်ပေးခဲ့ကြသည် ဆိုသည်ပင် ဖြစ်သည်။
ရွေးကောက်ပွဲ ဆိုသည်ကလည်း မင်းအောင်လှိုင် သမ္မတ ဖြစ်ရေး အတွက် လုပ်ပေးရသည့် ပွဲ လို ဖြစ်လာသည်။ ရွေးကောက်ပွဲ တွင် ၎င်းတို့ ထောင်ထားသည့် ပါတီများက ကြိမ်းသေ နိုင်ဖို့ ရှိသော်လည်း မင်းအောင်လှိုင်သည် ခင်ရီ ကို စိတ်မချတော့၊ ပါတီ ခေါင်းဆောင်ပိုင်အား ဝင်ရောက် အုပ်စီး နိုင်ရန် အောင်လင်းဒွေး ကဲ့သို့ ၎င်း၏ သစ္စာခံများအား လွှတ်လိုက်ပြီ ဖြစ်သည်၊ ထို့အပြင် ကြံ့ဖွတ် တဦး တည်း အစိုးရ မဖြစ်စေပဲ ညွှန်ပေါင်း ပုံစံ ဖြစ်စေရန် မဆလ တဖြစ်လဲ တစညသို့ပါ စစ်တပ် ကိုယ်စားလှယ် များ ထည့်သွင်းလာသည်။
ဤသည်ကား ၎င်းတယောက်တည်း သမ္မတ ဖြစ်လာစေရန်၊ ၎င်း ဖြစ်စေချင်သည်များကို ဥပဒေ အဖြစ် ပြဋ္ဌာန်းပေးရန် ရည်ရွယ်ထားခြင်းကြောင့် ဖြစ်သည်ဆိုသည်ကား လယ်ပြင်တွင် ဆင်သွားသလို ထင်ရှား နေသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေး အဖြေရှာရန် ဆိုသည့်စကား အား အကြောင်းကြောင်း ကြောင့် လက်ခံ၍ ရသေးသော်လည်း ရွေးကောက်ပွဲ လမ်းကြောင်းဖြင့် နိုင်ငံရေး အရ အဖြေရှာကြပါ ဆိုသည့် စကားကိုတော့ စစ်ဗိုလ်ချုပ်များ ပါးစပ်က ပြောခွင့် မရှိတော့။
ထို့အတွက်ကြောင့်လည်း ၎င်းတို့ ထောင်ထားသည့် ပါတီ မဲရှုံးတိုင်း အာဏာ လွှဲ ပြောင်းပေးရန် ယောကျ်ား ကောင်း ယောက်ျား မြတ်များသာ မွေးထုတ်ပေးသည် ဆိုသော မြန်မာ့ တပ်မတော် မှ စစ်ဗိုလ်ချုပ် များ အရှက်ကင်းမဲ့စွာ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ကြသည်မှာလည်း အဆန်းတကြယ် မဟုတ်တော့၊ ယခုအခါ ထိုသို့သော လူများ ပါးစပ်က ၎င်းတို့နှင့် မည်သို့မျှ မတန် သော ရွေးကောက်ပွဲ ဆိုသည့် စကားအား တွင်တွင် ပြောလာနေကြပြီ ဖြစ်သည်။
တရုတ်၊ ရုရှား တို့၏ နို့သက်ခံ စို့နေရရှာသောရင်ခွင်ပိုက် စစ်တပ်မှ မဲပုံး ထောင်ပြီး လူထု မှ တလုံးတပါဒမျှပင် ဝေဖန်ခွင့် မရှိသော ရွေးကောက်ပွဲမျိုးဖြင့် အာဏာ ကို ပြည်သူ များထံ လွှဲ ပြောင်း ပေးမည် ဆိုခြင်း အား ၎င်းတို့ကဲ့သို့ ရူးသွပ်နေ သူများသာ လက်ခံကြဖို့ ရှိနေပေသည်။
နောက်ထပ် ရူးသွပ်မှု တခုက စစ်ကောင်စီသည် ၎င်းတို့၏ ဘဏ္ဍာတိုက်ထဲမှ ငွေများ အလျင်အမြန် ကုန်ခမ်းစေသည့် ပြည်တွင်းစစ်၊ ဆိုးရွားလိုက်လာနေသော စီးပွားရေး၊ အုပ်ချုပ်ရေး ယန္တရား ပြိုလဲလာနေမှု၊ နိုင်ငံအနှံ လူထု ကျပ်တည်းသည်ထက် ကျပ်တည်းလာနေပြီး တိုင်းပြည် ဖွတ်ဖွတ်ညက်ညက် ကျေ နေ ချိန်တွင် တန်ဖိုးကြီးလှသော နျုကလီယား ဓါတ်ပေါင်းဖို ကြီး အား အဘယ်အတွက် တည်ဆောက်ခြင်နေရသနည်း၊ ငါးသလောက်ပေါင်း နှင့် လဲ၍ ရနိုင်သည်ဟု ထင်နေခြင်းလော၊ ရုရှား နှင့် ဆက်ဆံရေး ခိုင်မြဲ နေရန် အကြောင်းရှာနေခြင်းလော၊ ထိုအတွက်ကြောင့် နှင့်လည်း ထိုမျှအထိ လုပ်စရာ မလို။ သို့သော် မြောက်ကိုရီယား ကဲ့သို့ ၎င်းတို့ အား မည်သူကမျှ ဝင်ရောက်တိုက်ခိုက်နိုင်ခြင်း မရှိပဲ၊ ခြိမ်းခြောက်နိုင်ယုံ သက်သက် ဖြင့် သေတပန် သက်တဆုံး အာဏာကို ဆုပ်ကိုင်သွားခြင်၍ လော ဟူ၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထို့သို့ မဟုတ်ကလည်း ရူးသွပ်ခြင်း သက်သက်သာ ဖြစ်ပေသည်။
တရုတ်၊ ရုရှား တို့ကလည်း ၎င်းတို့၏ အရူးအနှမ်း စိတ်ကူး ပေါက်ရာ လုပ်လာနေသည်များကို အင်အားကြီး နိုင်ငံ များ အကြား အားပြိုင်နေကြသည့် ဘူမိ နိုင်ငံရေး အခင်းအကျင်း အတွက် ၎င်းတို့၏ အသိပညာ မဲ့မှု ကို အမွန်းတင်ပေးကာ ကျွန်ယုံ ကျွန်ကောင်းများ သဖွယ် အသုံးချ နေခြင်းသာ ဖြစ်သည်။
၎င်းအား လက်ခံ တွေ့ဆုံ ပေးနေသော ပူတင် နှင့် ရှီကျင့်ပင်တို့ ကလည်း ၎င်းဘယ်အခြေ ဆိုက်နေသည်ကို ထောက်လှန်းရေး အစီရင်ခံစာများ အရ ကောင်းစွာ သိရှိနေပြီး ဖြစ်သည်။ ဥပမာ ပေးရမည် ဆိုက ခြူးတပြားမှ မရှိသူ တဦးက ဝတ်ကောင်းစားလှများ ငှားရမ်း ဝတ်ဆင်၍ မင်္ဂလာဆောင် သွားသကဲ့သို့ပင်၊ မြင်ရသူ အပေါင်းက ယဉ်ကျေးသမှု နှင့် ထုတ်မပြောယုံသာ ရှိမည်၊ စိတ်ထဲက သိထားကြပြီး ဖြစ်သည်
ရွေးကောက်ပွဲ ဆိုကာ ဖြတ်ညှပ်ကပ်ထားသော ဓါတ်ပုံတပုံကို ချပြလာခြင်းသာ ဖြစ်ပြီး crop လုပ်ခံလိုက်ရသည့် အပိုင်းက တနိုင်ငံလုံး ရှိ ပြည်သူများ၏ ဆန္ဒ သာ ဖြစ်သည်ဟု DVB တွင် ဆောင်းပါးရှင် ဂျိမ်းရွှေ က ရေးသားခဲ့သည်။ သို့သော် ဖြတ်ညှပ်ကပ်ခံထားရသူများက ဒီတိုင်းမနေ၊ နိုင်ငံတကာ တွင် ၎င်းတို့၏ အသံကို ကိုယ်စားပြု နိုင်မည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလ တွင် ဆက်လက်ခန့်ထားရေး၊ စစ်အာဏာရှင်များ အား အပြီးအပိုင် ဖယ်ရှားရေး အစရှိသည် တောင်းဆိုမှုများကို ကမ္ဘာမြို့ကြီး အနှံ့အပြား တွင် ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြပြီ ဖြစ်သည်။
ပြည်ပရောက် မြန်မာ များ က မိမိတို့ ချွေးနဲစာ ဖြင့် တော်လှန်ရေး အတွက် ဒေါ်လာ ၁၅၆ သန်း စုဆောင်း နိုင်ခဲ့ကြသည်ဟု ဆိုသည်။
တော်လှန်ရေး သည် ရေထဲ တွင် နေရာအနှံ့ အုပ်စုလိုက် ကူးခတ်နေကြသည့် ငါး များကဲ့သို့ ဖြစ်နေ၍ တချက်တည်း နှင့် မည်သို့များ ချေမှုန်း နိုင်၍ ရနိုင်မည်နည်းဟု ဂျိမ်းရွှေက မေးခွန်းထုတ်ထားသည်။
တော်လှန်ရေးသည် အောင်မြင်မည်လား ဆိုသည်က မေးစရာ မလိုတော့၊ အဘယ်ကြောင့်ဆိုသော တကြိမ်က ဗမာ များသာ လွှမ်းမိုးချုပ်ကိုင် စေစားနေသည့် အုပ်ချုပ်ရေး စနစ်သည် သေအံ့မူးမူး ဖြစ်နေပြီး တော်လှန်ရေး ၏ မီးတောက်များ ကြားတွင် တိုင်းရင်းသား အားလုံး ပါဝင်နိုင်မည့် ဖက်ဒရယ် ပြည်ထောင်စုသစ် ကြီး ပေါ်ထွက်လာနေခြင်းကြောင့်ပင် ဖြစ်သည်ဟု ရေးသားထားသည်။
စစ်အုပ်စုသည် ပြည်သူ လူထု အား တော်လှန်ရေးကို စိတ်ကုန်လာအောင် စစ်ရေး နည်းဗျူဟာ တရပ် အဖြစ် ကျပ်တည်းသည်ထက် ကျပ်တည်းအောင် ဖန်တီးလာနေကြသည်။
ထိုအချက် အား အခြေခံကျကျ နှင့် မြင်အောင် ကြည့်တတ်ရမည် ဖြစ်သည်။ ထိုအနေအထားသည် စစ်တပ်ဖက်က အားသာလာနေခြင်း၊ မင်းအောင်လှိုင် အာဏာတွင် ဆက်၍ တည်မြဲနေခြင်း ရှိနေသရွေ့ မည်သို့မျှ ပြောင်းလဲ တိုးတက်လာမည် မဟုတ်သည့် အပြင် ပို၍ ပင် ဆိုးလာမည် ဖြစ်သည်။ ၎င်းအတွက် အောင်ပွဲရပြီး အာဏာတည်မြဲရေး သာ အဓိက ဖြစ်နေသည်။
လက်ရှိ တွင် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည်ဟူသော အပြောများသည် လုံးဝမှားယွင်းသော သုံးသပ်မှုမျိုး သာ ဖြစ်သည်ဟု အီဂေါ ဘလာစီဗစ် က ထောက်ပြခဲ့သည်။ ရှေ့မတိုး နောက်မဆုတ် ဖြစ်လာနေ၍ လူထု အဖို့ ပို၍ ဆင်းရဲဒုက္ခ ရောက်လာမည်၊ ထို့အတွက် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် အပစ်အခတ် ရပ်စဲဖို့ ပင် ပြောဆိုလာကြသည်။
စစ်တပ်သည် ထိုသို့သော အပြောမျိုးကို ကြိတ်၍ သဘောကျနေမည် သာ ဖြစ်သည်၊ ၎င်းတို့ဖက်က တော့ အားပျော့သွားပြီ ထင်မည်စိုး၍ စပြီး ကမ်းလှမ်းမည်တော့ မဟုတ်၊ အပစ်အခတ် ရပ်စဲလိုက်မည် ဆိုက စစ်တပ်သည် တော်လှန်ရေး အင်အားစုများ အကြား သွေးကွဲအောင် အနုနည်း ဖြင့် ကြံစည်ကြတော့မည်သာ ဖြစ်သည်၊ လက်ရှိ အနေအထား တွင် မည်သို့မျှ ထိုသို့ အဖြစ်ခံ၍ မရ။
စစ်တပ်သည် ပြည်သူတို့၏ ခုခံတွန်းလှန်စစ်ကို မည်သို့မျှ နှိမ်နှင်း နိုင်စွမ်း မရှိတော့သော်လည်း လူထုကို ရက်စက်ကြမ်းကြုတ်သည့် နည်းမျိုးစုံဖြင့် ဆက်၍ ဒုက္ခပေးနေမည်သာ ဖြစ်သည်ဟု ထောက်ပြသွားသည်။
စစ်အုပ်စုက ဖိနှိပ်လေလေ ၎င်းတို့ လက်အောက်မှ လွတ်လပ်လိုသော စိတ်ဆန္ဒများက ပြင်းပြလာလေလေ ပင် ဖြစ်သည်၊ ထိုသို့ ပြည်သူတို့ရင်ထဲ မီးတောက်မီးလျံ ကြီး များ အရှိန် တညီးညီး ဖြင့် တောက်လောက်လာနေမှု ကို ရုရှား၊ တရုတ် အကူအညီ ဖြင့် ငြိမ်းသပ်၍ ရနိုင်ဦးမည်လော။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!