အဲ့တာပဲ၊ အခု ကြည့် ငါ အသက် လေးဆယ် ရှိပြီ၊ မင်း အသက်ရဲ့ နှစ်ဆလောက် ရှိနေတယ်၊ ဒီတော့ မင်း သိတာ မြင်တာထက် အဆ နှစ်ဆယ်လောက် မြင်ထား၊ တွေ့ထားပြီးပြီလို့ ပြောလို့ရတယ်၊ စစ်ထဲမှာ သုံး နှစ် လောက် ခြေထောက် အရိုးတွေ ကွဲမတတ် စစ်မှုထမ်းခဲ့ပြီးပြီ၊ အိမ်ထောင်လည်း နှစ်ဆက် ရှိနေပြီ၊ ကော့ကေးရှပ်စ် ဖက်လည်း ရောက်ခဲ့ပြီ ဆိုတော့ အော်သိုဒေ့ါခ်ျ ကနေ ခွဲထွက်လာတဲ့ ဝိညာဉ်တော် နဲ့ တိုက်ခိုက်သူများ လို့ အဓိပ္ပါယ်ရတဲ့ ဒူကိုဘာ ခရစ်ယာန် အဖွဲ့ အကြောင်းလည်း သိခဲ့ရတယ်၊ သူတို့ ထင်သလို ဘဝ ကို စေစားနိုင်တဲ့ အရှင်သခင် တွေ ဆိုတာလည်း မဟုတ်ဘူး"
အမေသည် ရိုင်ဘင်၏ ဟောဟောဒိုင်းဒိုင်း ပြောနေသည်များကို စိတ်ပါလက်ပါ နားစိုက် ထောင်နေမိသည်။ အခုလို အသက်ကြီး သူ တဦးက လာပြီး သားဖြစ်သူကို ဝန်ခံနေသည့် အလား ပြောဆိုနေပုံကို သဘောကျနေသည်။ ပါဗယ်ကတော့ ဧည့်သည်ကို ဝတ်ကျေတန်းကျေ သဘောမျိုးသာ ဆက်ဆံနေသည်။ အမေက အားနာလာ၍ ရိုင်ဘင်အား...
",တခုခု စားပါဦးလား" ဟု မေးလိုက်သည်။
"ကျေးဇူးပါ၊ ကျွန်တော် စားခဲ့ပြီးပါပြီ၊ ကဲ..ပါဗယ် ဘဝ ဆိုတာ ဖြစ်သင့်သလို မဖြစ်ဘူး လို့ မင်း တွေးခဲ့ဖူးလား"
ပါဗယ်က ထိုင်နေရာမှ ထရပ်လိုက်ပြီး ခေါက်တုံ့ ခေါက်ပြန် လျှောက်နေသည်။
"ဘဝက အဆင်ပြေပါတယ်၊ ဥပမာ အခုပဲ ခင်ဗျားက ပွင့်ပွင့်လင်းလင်း ပြောဖို့ ဆိုဖို့ ကျွန်တော့်ဆီ ရောက်လာတယ်၊ တသက်လုံး အလုပ်နဲ့ လက်နဲ့ မပြတ် လုပ်နေကြရတဲ့ ကျွန်တော်တို့ တတွေ တနေ့ထက် တနေ့ ပိုပြီး စည်းလုံးလာကြတယ်၊ ကျွန်တော်တို့ အားလုံး စည်းလုံးလာကြမယ့် တနေ့ ရောက်လာမှာ၊ ဘဝ က ကျွန်တော်တို့ အတွက် စီစဉ်ထားပုံက မတရားသလို ဖြစ်နေတော့ ဝန်ထုပ်ဝန်ပိုး ကြီး ရွက်ထားရသလို ဖြစ်နေတယ်၊ တချိန်တည်းမှာပဲ ဘဝက သူ့ရဲ့ ခါးသီးတဲ့ အဓိပ္ပါယ်တွေ ကို ကျွန်တော်တို့ မျက်စိထဲ ပျက်ပျက်ထင်ထင် မြင်လာအောင် ပြနေသလို၊ သူ့ရဲ့ ခြေလှမ်းတွေကိုလည်း အရှိန်မြှင့်ဖို့ နည်းလမ်းတွေကိုလည်း လူသားတွေကို ချပြလာတယ်၊ ကျွန်တော်တို့ အားလုံးကတော့ ကျွန်တော်တို့ နေထိုင်သလိုပဲ တွေးခေါ်ကြတာချည်းပဲ"
"မင်းပြောတာ မှန်တယ်၊ ခဏ နေဦး" ဟု ဆိုကာ ရိုင်ဘင်က ဝင် ဟန့်လိုက်သည်။ "လူဆိုတာက ကိုယ့်ကို ကိုယ် ပြန်ပြီး ပြင်ဆင် မွမ်းမံ သင့်တယ်ကွ၊ ဒါ ငါထင်တာ ပြောတာ၊ လူတယောက် ညစ်တီးညစ်ပတ် ဖြစ်လာပြီ ဆိုရင် သူ့ကို ရေချိုးပေးရမယ်၊ သန့်သန့် ရှင်းရှင်း ဖြစ်သွားအောင် အကျအန ဆေးကြော သန့်စင် ပေးရမယ်၊ လျှော်ဖွတ်ပြီးသား အဝတ် အစားတွေ ဝတ်ပေးရမယ်၊ အဲ့ဒီတော့မှ နေလို့ထိုင်လို့ ကောင်းသွားမှာကိုး၊ မဟုတ်ဘူးလား၊
တကယ်လို့ သူ့ နှလုံးသားက ညစ်ပတ် စုတ်ပဲ့လာရင် အရေခွံခွာ၊ သွေးထွက်နေရင်တောင် ဆေးကြောပေး၊ အသစ်လို လပ်လပ်ဆတ်ဆတ် ဖြစ်သွားအောင် လုပ်ပေးလိုက်၊ မဟုတ်ဘူးလား၊ အခြား ဘယ်လို နည်း နဲ့များ လူတယောက်ရဲ့ ကိုယ်တွင်း ကို သန့်ရှင်း ပေးလို့ ရမှာလည်း"
ပါဗယ်က ဘုရားသခင် အကြောင်း၊ ဇာဘုရင် အကြောင်း၊ အစိုးရ အာဏာပိုင် ဆိုသူများ အကြောင်း၊ စက်ရုံ အကြောင်း၊ နိုင်ငံ ရပ်ခြားရှိ ဘဝတူ အလုပ်သမားများ ၎င်းတို့ အခွင့်အရေး အတွက် ရပ်တည် တိုက်ပွဲဝင်လာကြပုံ အကြောင်း များကို နာနာကြည်းကြည်း နှင့် စပြီး ရင်ဖွင့်လာသည်။
ရိုင်ဘင်သည် ပါဗယ် ပြောသည်ကို နားထောင်နေရင်း တခါတခါ ပြုံးလိုက်သည်။ တခါတခါတွင် စားပွဲ ကို လက်နှင့်ထောက်ပြီး စာကြောင်း အဆုံး ပုဒ်မ ချ ပေးရသလိုမျိုး လုပ်ပြန်သည်။ တခါတခါလည်း "အဲ့လိုလား" ဟု စကားထောက်ပေးပြီး ရယ် မော နေပြန်သည်။ "မင်းက ငယ်သေးတယ်၊ လူတွေ အကြောင်း သိတော့သိတယ်၊ နည်းနည်းပဲ"
ပါဗယ်သည် လမ်းလျှောက်နေရာမှ ရိုင်ဘင် ရှေ့တွင် ရပ်လိုက်ပြီး လွန်စွာ လေးနက်သည့် လေသံ ဖြင့်...
"ဘယ်သူက ကြီးတယ်၊ ဘယ်သူက ငယ်တယ် ပြောမနေပါနဲ့တော့၊ ဘယ်သူ့ အတွေးက ပိုမှန်တယ် ဆိုတာပဲ ပြောရအောင်"
"မင်း အပြောအရ ဆိုရင် ဘုရားသခင် နဲ့ ပတ်သက်ပြီး ငါတို့က လိမ်ညာ လှည့်စားခံထားရတယ်၊ ငါလည်းဘဲ ငါတို့ ဘာသာက မှားနေတယ်၊ ငါတို့ကို ထိခိုက်လာတယ် လိုပဲ ထင်နေတယ်"
ထိုအခါတွင် တော့ အမေသည် မနေသာတော့ဘဲ ဝင်ပါလာခဲ့သည်။ သူ အမြတ်တနိုးထား ချစ်ရသည့်သားဖြစ်သူ သည် ဘုရားသခင် နှင့် သူ့ အပေါ် ယုံကြည်ထားခဲ့မှု များ နှင့် ဆက်စပ်နေသည် များကို ပြောလာသည့် အခါတွင် အမေသည် သူ့မျက်လုံးများကို စိုက်ကြည့်လိုက်သည်၊ စိတ်ထဲတွင်တော့ သူမ ယုံကြည်ထားမှု များကို ပြင်းထန်ခါးသီးစွာ မယုံမကြည် ပြောပြီး နှလုံးသားကို ဆုတ်ခြေ မပစ်ဖို့ အသံမထွက်ပဲ ပြောချင်နေသည်။
ရိုင်ဘင်သည်လည်း စိတ်ထဲက မကျေမနပ် ဖြစ်နေပုံ ရပြီး စော်ကား ခံနေရသလို ယူဆနေသည်ဟု လည်း သိလိုက်သည်။ သို့သော်လည်း ရိုင်ဘင်သည် အဘယ်ကြောင့် ထိုအကြောင်းကို အေးအေး သက်သာ ပင် စကားစလာရသနည်း၊ အမေသည် မြိုသိပ် မထားနိုင် တော့၊ အသံမာမာ နှင့် "င့ါ့သား ဘုရားသခင် အကြောင်း ပြောမယ် ဆိုရင်တော့ ပိုပြီး ဆင်ဆင်ခြင်ခြင် ပြောကွဲ့၊ သား ကြိုက်တာ သားလုပ်နိုင်တယ်၊ သား လုပ်ရပ်တွေအတွက် ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ အကျိုးရလဒ် ကို သား လုပ်တဲ့အတိုင်း သား ပြန်ရလိမ့်မယ်။"
အမေသည် အသက်တချက် ရှူလိုက်သည်၊ ပြောသည့် လေသံကလည်း ပိုပြီး ထန်လာသည်။ "အမေက အသက်ကြီးပြီ၊ သားက ဘုရားသခင်ကို အမေ့ဆီက ဆွဲထုတ်သွားရင် အမေ ခံစားနေရတဲ့ သောက တွေ အတွက် အမေမှာ အမှီ မရှိတော့ဘူး'
အမေသည် မျက်ရည်များ ဝိုင်းလာပြီး လက်ချောင်းများလည်း တုန်ရီလာသည်။
"အမေ ကျွန်တော်တို့ကို နားမလည် သေးပါဖူးဗျာ" ဟု ပါဗယ်က ကြင်ကြင်နာနာပင် ပြန်ပြောလိုက်သည်။
ရိုင်ဘင်ကလည်း သူ၏ အသံဩဩ ကြီးဖြင့် "ခင်ဗျားလည်း အသက်အရမ်း ရလာပြီ ဆိုတော့ အတွေးအခေါ် ဟောင်းတွေ ဖြတ်ထုတ် ဖို့ မလွယ်တော့ဘူး ဆိုတာ ကျွန်တော် မေ့သွားတယ်"
"ကျွန်တော် အမေ ယုံကြည်တဲ့ ကောင်းမြတ်ပြီး သနားကြင်နာတတ်တဲ့ ဘုရားသခင် အကြောင်း ပြောနေတာ မဟုတ်ဘူး၊ ဘုရားသခင်ကို အကြောင်းပြပြီး ကျွန်တော်တို့ကို တုတ်နဲ့ ခြိမ်းခြောက်သလို ခြိမ်းခြောက်နေတဲ့ ဘုန်းကြီး တွေ ကို ပြောနေတာ၊ ဒီလို လူနည်းစုက သူတို့မှာရှိတဲ့ အတ္တ ဒါမှမဟုတ် မတရား တဲ့ လိုအင် ဆန္ဒ ဆိုတဲ့ မကောင်းတဲ့ စိတ်တွေကို "ဘုရားသခင် ရဲ့ အလိုတော်" ဆိုပြီး လူတွေကို အတင်းအကျပ် လိုက်နာလာအောင် လုပ်နေကြတာ အမေ"
"ဒါပဲ၊ အဲ့တာ အမှန်ပဲ" ဆိုကာ ရိုင်ဘင်သည် စားပွဲကို လက်နှင့် ပုတ်လိုက်သည်။ "သူတို့က ဘုရားသခင်ကို တောင်မှ ပုံပျက်ပန်းပျက် ဖြစ်အောင် လုပ်ခဲ့ကြပြီးပြီ၊ သူတို့ လက်ထဲမှာ ရှိတဲ့ ဘာသာရေး ရဲ့ အနှစ်သာရ တွေ အားလုံးကို လူတွေကို ထိန်းချုပ်ဖို့၊ အပြစ်ရှိနေတယ်လို့ ခံစားလာရအောင် ပြောင်းပြန် လှန်ပစ်လိုက်ကြတယ်၊ ဘုရားသခင်က လူသား အားလုံးကို သူလို့ အရည်အချင်းရှိအောင် သူရဲ့ ရုပ်ပုံသဏ္ဍန် နဲ့ တူအောင် ဖန်ဆင်းပေးခဲ့တယ်၊ ဒီတော့ သူကလည်း လူလိုပဲ၊ လူကလည်း သူ့လိုပဲ။
ဒါပေမယ့် သူတို့ကြောင့် ဘုရားသခင် နဲ့ တူမလာပဲ တရိစ္ဆာန် အရိုင်းကောင် တွေ လို ဖြစ်လာတယ်၊ ဘုရားကျောင်းတွေ မှာ လူတွေကို ခြောက်ဖို့ စာခြောက်ရုပ် တွေ လွှတ်ထားသလိုပဲ၊ အခု ကျွန်တော်တို့ ဘုရားသခင်ကို ပြောင်းလဲပေးရမယ်၊ သန့်ရှင်း စင်ကြယ်အောင် ဆေးကြောပေးရမယ်၊
ရိုင်ဘင်၏တည်ငြိမ်အေးဆေးစွာ နှင့် နားလည်လွယ်အောင် ရှင်းရှင်းလင်းလင်း ပြောဆိုနေသည့် စကားလုံးများသည် အမေ့နားကို ထိုးနှက်နေသလို ခံစားနေရသည်။
နက်မှောင်သည့် မုတ်ဆိတ်မွှေး များ နှင့် ကျယ်ပြန့်သည့် မျက်နှာသွင်ပြင်သည် ဝမ်းနည်းပူဆွေးသည့် အရိပ်အယောင်များ ဖုံးလွှမ်းနေ၍ အမေ သည် အထိတ်တလန့် ဖြစ်သွားရသည်။ နက်မှောင်နေသော အလင်း ရောင်လို တွေ့နေရသော သူ၏ မျက်လုံးများ ကို ကြည့်ရင်း အမေသည် ပြင်းပြသည့် ဝေဒနာတမျိုး ခံစားရသလို ဖြစ်လာ၍ ဆက်၍ ရပ်နေနိုင်စွမ်း မရှိတော့၊ စိတ်ထဲတွင် လည်း ထိတ်လန့် တုန်လှုပ်မှု များ နှင့် ပြည့်နှက်လာနေသည်။
"ကျမ သွားမှ ဖြစ်မယ်၊ ဒါတွေကို ဆက်နားထောင်နိုင်တဲ့ အင်အား ကျမ မှာ မရှိတော့ဘူး" ဆိုကာ အမေသည် မီးဖိုချောင် ဖက်သို့ ခပ်မြန်မြန်ပဲ လှည့်ထွက်လာခဲ့သည်။