နာဂစ် တစ္ဆေများ ၏ အော်ညည်းသံ

by Hla Soewai - Oct 06 2025

မုန်တိုင်း ရာသီဟု ပင် ပြောရမလား မသိ၊ ဖိလစ်ပိုင် ကို ဗဟိုပြု၍ ရာဂါဆာ မုန်တိုင်း သည် တိုင်ဝမ်၊ဟောင်ကောင် နှင့် တရုတ်ပြည် တောင်ပိုင်း ကမ်း‌ ခြေ ဒေသ များ ကို၎င်း ဘူအာလွိုင်း မုန်တိုင်းသည် အိမ်နီးချင်း နိုင်ငံ ဖြစ်သော ဗီယက်နမ် တောင်ပိုင်း၊ အလယ်ပိုင်း ဒေသ များ သို့၎င်း ပြင်းထန်စွာ ဝင်ရောက် မွှေနှောက်သွားခဲ့ပြီ ဖြစ်သည်။

 

ဆူပါ တိုင်ဖွန်း အဆင့် (၅) ဟု သတ်မှတ်ထားသော ရာဂါဆာ မုန်တိုင်းသည် လေတိုက်နှုန်း တနာရီလျင် ၁၇၄ မိုင် ရှိသည်။ တိုင်ဝမ် နှင့် ဖိလစ်ပိုင်တွင် လူပေါင်း ၂၈ ဦး သေဆုံး သွားခဲ့ပြီး ၉ ဦး ပျောက်ဆုံးနေသည်။

 

အလားတူ ဆူပါတိုင်ဖွန်း အဆင့် (၅) ဟု သတ်မှတ်ထားသော ဘူအာလွိုင်းသည်လည်း တနာရီလျင် မိုင် ၁၆၀ နှုန်း တိုက်ခတ် သွား၍ ဗီယက်နမ်တွင် ၁၂ ဦး သေဆုံး၊ ၁၇ ဦး ပျောက်ဆုံးကာ၊ ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၂၀ ခန့် သေဆုံးခဲ့သည်။

 

လူမှန်းသိသည့် အစိုးရ ကောင်းများ ရှိနေသော ထိုနိုင်ငံများသည် အသေအပျောက် ဆယ်ဂဏန်းမျှသာ ရှိခဲ့သည်။

 

သို့သော် ၂၀၀၈ ခုနှစ် ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ တိုက်ခတ်သွားသော မုန်တိုင်းသည် တနာရီလျင် ၁၃၅ မိုင် နှုန်း တိုက်ခတ်သွားခဲ့ရာ တရားဝင် စာရင်းဇယား များအရ လူပေါင်း ၁၃၈,၃၇၃ ဦး သေဆုံးပြီး ၅၃,၈၀၀ ဦး ပျောက်ဆုံးသွားခဲ့ရသည်။

 

မုန်တိုင်း ပြင်းအားသည် ရာဂါဆာ၊ ဘူအာလွိုင် တို့ နှင့် ယှဉ်လျင် အားပျော့နေသော်လည်း သေဆုံးမှု နှုန်းသည် မြင့်မိုရ်တောင် နှင့် ဇီးစေ့ ပမာ ကွာခြားချင် တိုင်း ကွာခြားနေသည်။

 

တမလွန်ဘဝ ရောက်သွားရရှာသော လူပေါင်း ၁၃၈,၃၇၃ ဦး မှ မိမိတို့ ကျ အဘယ်ကြောင့် ထိုသို့ ဖြစ်ကြရသနည်း ဟု ကျယ်လောင်စွာ မေးခွန်းထုတ်လာ ကြတော့မည် ဖြစ်သည်။

 

လူအသက်ကို ဖက်ရွက်လေး တရွက်မျှ ပင် တန်ဖိုး ထားရ‌ ကောင်းမှန်း မသိကြ‌ သော စစ်အာဏာရှင် အပေါင်း အ‌ပါများက တော့ ပုခုံးသာ တွန့်ပြကြမည် သာ ဖြစ်သည်။

 

မည်သို့မျှ ကြိုတင် ပြင်ဆင်ပေးမှုလည်းမရှိ၊ ရွက်ဖျင်တဲလို ကယ်ဆယ်‌ ရေး အထောက်အကူ ပစ္စည်း များ ဘာတခုမျှ အဆင်သင့် မရှိ၊ သဘာဝ ဘေးအန္တရာယ် အတွက် ကြိုတင် ရွှေ့ပြောင်း ပေးခြင်း မျိုးလည်း မရှိ၊ ဘာဆိုဘာမျှ လုပ်မပေးခဲ့ကြ။ စီမံခန့်ခွဲ နိုင်သည့် စွမ်း‌ ဆောင်ရည်လည်း မရှိ၊ ထိုသို့ လုပ်မပေးကြသည့် အပြင် နှစ်ရက်မျှ ကြာသည် အထိ ၎င်းတို့ဖက်က ခွေးတကောင် ကြောင် တမြီး မျှပင် ရောက်မလာခဲ့ကြ၊ ရဟတ်ယာဉ် နှင့် အောက်တွင် မုန့်လုံး‌ ရေပေါ် ကဲ့သို့ ပေါလော မျောနေသည်များကို ဝဲပျံ ကြည့်သွားကြသည် တော့ ရှိသည်။ ရောက်လာပြန်တော့လည်း လက်ချည်း သာသာ ဖြစ်ပြီး "ဘာများ လိုကြလဲ" ဟု မေးခဲ့ကြသူများ ဖြစ်သည်။

 

ထိုပြင် ယခုအခါ လူတိုင်း ရွံရှာနေကြပြီ ဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံကို လူ တသိန်းကျော် သေဆုံးခဲ့သည့် နာဂစ် မုန်တိုင်းဒဏ် ကြောင့် တနိုင်ငံလုံး ပူဆွေး ‌သောက နှင့် ဗျာများ နေချိန်တွင်ပင် ဆက်၍ လုပ်ဖို့ ကြံလာရာ ဖိအား ပေးမှု များ ကြောင့် နှစ်ပတ်ခန့် ရွှေ့ဆိုင်းပေးခဲ့သည်။ ပြည်ပ ကယ်ဆယ်ရေး ဝန်ထမ်း များ အား တပတ်ကြာသည် အထိ ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေး။

 

ရလာသည့် ပြည်ပ အကူအညီ များကို လည်း ဗိုလ်ချုပ် အသီးသီး ၏ နာမည်များ ကပ်ခဲ့ပြန်သည်။

 

ပြီးခဲ့သည့် ကိုဗစ် ဒုတိယ လှိုင်းတွင်လည်း မည်သိုမျှ ဝင်ရောက် စွက်ဖက်ခြင်း မလုပ်ဘဲ လွတ်လပ်စွာ ကူးစက်ခွင့် ပေးခဲ့ကြပြန်၍ နေ့စဉ်လို လူ နှစ်ထောင်ခန့် သေဆုံးခဲ့ကြရသည်။

 

မင်းအောင်လှိုင်က "သတင်းဌာနများ နှင့် ဆိုရှယ် မီဒီယာ များသည် အချက်အလက်များကို မှားယွင်းစွာ ဖေါ်ပြ ပြောဆိုနေကြပြီး တကယ်တမ်းတွင် ဖေဖေါ်ဝါရီ ၁ ရက် နောက်ပိုင်း လူစုလူဝေးကြီးများ နှင့် လမ်းပေါ်ထွက် လာကြ၍သာ ပျံ့နှံ့ခဲ့ရခြင်း ဖြစ်ပါတယ်" ဟု ပြောခဲ့ပြန်သည်။

 

ဘာမှ လုပ်မပေးဟု ဆိုက အဆိုးမြင်ရာ ကျသည်၊ ၎င်းတို့ လုပ်ပေးခဲ့သည်က အလောင်း ၃,၀၀၀ ခန့် ကိုင်တွယ် နိုင်စွမ်း ရှိသည့် မီးသင်္ဂြိုလ်စက် ၁၀ လုံးခန့် တည်ဆောက်ပေးလာပြီး ၅.၄ သန်း ရှိ ရန်ကုန် လူဦးရေ ၏ ၂၀% အတွက် တနှစ်စာ လုံလောက်သည်ဟု ကြေညာလာခဲ့သည်။

 

အောက်စီဂျင် ဖြန့်ဖြူးနေမှုကို မောင်ပိုင်စီးပြီးနောက်တွင် မရသလောက် နီးနီး ဖြစ်သွားခဲ့ရသည်၊ အချို့နေရာများတွင် သေအံ့မူးမူး ဖြစ်နေသော မိသားစု ဝင်များ အတွက် ကယ်၍ ရလိုရငြား အလုအယက် တန်းစီနေသော လူအုပ်ကြီးကို အင်အားသုံး ဖြိုခွဲမှုများပင် ရှိလာခဲ့သည်။

 

လက်ရှိ စစ်အုပ်စု ဆက်၍ အုပ်ချုပ်သွားမည် ဆိုက မည်မျှအန္တရာယ် များကြောင်း ၎င်းတို့၏ လက်စ လက်နများကို စစ်ကိုင်း မြေငလျင်ကြီးက မကြာခင်ကပင် သက်သေခံခဲ့ပြီ ဖြစ်သည်။

 

နိုင်ငံ အနှံ့ ရေလွှမ်းမိုး ခဲ့စဉ်ကလည်း အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သည် မိမိတို့ဖက်မှ ရေကြီးဖွယ် ရှိကြောင်း သတိ ပေးချက် ထုတ်ပြန်ခဲ့သော်လည်း ထိုမျှလောက်ထိ မိုးသည်းထန်စွာ ရွာသွန်း လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း၊ သို့ဖြစ်‌၍ ကြိုတင် ပြင်ဆင်မှု များ မရှိခဲ့ဟု ထုံးစံ အတိုင်း ဖြစ်ပြီးနောက် ခေါ်ယူသော သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီ အစည်း အဝေး တွင် ဝန်ခံသွားခဲ့သည်။

 

ဤအချက်ကို ကြည့်မည်ဆိုက အာဏာရှင်စနစ်ဆိုး၏ ကြောက်မက်ဖွယ် ကောင်းသည့် အချက်ကို အထင်အရှား တွေ့လာနေရပြီ ဖြစ်သည်။ တိုင်းပြည် နှင့် လူထု သည် တဦးတယောက်တည်း၏ အ‌တွေး အခေါ၊ အကြံအစည် တခုတည်း ပေါ် ၎င်းတို့၏ ကံကြမ္မာ ကို ပုံအပ်ထားကြရခြင်း ပင် ဖြစ်သည်။

 

အာဏာရှင် က ထိုမျှလောက် မိုးမကြီးနိုင်ဟု ယူဆလျင် မည်သည့် ပညာရှင်ကမျှ ကြီးနိုင်သည်ဟု ကြိမ်းသေ သိနေသည် ဆိုစေဦး စောဒက တက်ရဲကြမည် မဟုတ်ပေ။ 

 

တိုင်းပြည် ကို ခေါင်းဆောင်ရာ တွင် မရှိမဖြစ် လိုအပ်သည့် အမျှော်အမြင်ရှိမှု၊ အသိဉာဏ်ပညာ နှင့် ပြည့်စုံမှု၊ အကျပ်အတည်း နှင့် ကြုံလာလျင် စီမံ ခန့်ခွဲတတ်မှု ဆိုသည်များက ဗလာနတ္တိပင် ဖြစ်သည်။

 

ထိုသို့ လူ့အသက်ကို တန်ဖိုးထားရကောင်းမှန်း မသိဦး‌‌ နှောက် ဗလာ နှင့် လူ များ မဲပုံး ထောင်ပြီး ပုံစံ သစ် ဖြင့် တိုင်းပြည် အုပ်ချုပ်သွားမည့် အရေးကို ကရိုနီ ကရိုပြာ များကို မဆိုလို၊ ဆက်၍ ‌သဘောကျ ထောက်ခံ နေသူများ ကို မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်ခဲ့သည်။ တိုင်းပြည်နှင့် လူမျိုး အတွက် ကြောက်ခမန်းလိလိ အန္တရာယ်ကြီး ကျ ရောက်ပေတော့မည် ဟု မပြောက အခြား အဘယ်သို့များ ပြော၍ ရနိုင်ပေဦးမည်နည်း။

 

နာဂစ် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဧရာဝတီ တိုင်း (ပုံတွင်တွေ့ရစဉ်) တွင် စစ်အုပ်စုသည် ပန်းပန်လျက်ပင် ရှိနေဆဲ ဖြစ်သည်။ 

 

လူမှန်း မသိလောက်အောင် အာဏာမှ အာဏာ ယစ်မူးနေကြသူများ၏ ဦးနှောက်ထဲရှိ black hole ကြီးထဲမှ ယိုစိမ့်လာသော ကောက်ကျစ်သည့် အကြံဉာဏ် များ အတိုင်း တတိုင်းပြည်လုံး စေစားခြင်း ခံနေကြရပြီ မဟုတ်ပါလော။

 

သိပ္ပံပညာရှင်များက အာဏာရှင်များ ဦးနှောက်ရှိ တွင်းနက်ကြီးများ ကို လေ့လာရာတွင် dark triad ဟုခေါ်သော အစုအဝေးကြီး သုံးစု ရှိနေသည်ကို တွေ့ရသည်ဟု ဆိုသည်၊ ပထမ တစုသည် narcissism ခေါ် အတ္တမာန လွန်ကဲမှု၊ ဒုတိယ တစုသည် psychopathy ခေါ် ငယ်စဉ်က စိတ်ဒဏ်ရာ ရလာ၍ ကြမ်းတမ်းစွာ ရန်မူလိုမှု နှင့် Machiavellianism ခေါ် တရားသည် မတရားသည် ဖြစ်စေ မိမိရည်မှန်းချက် အောင်မြင်ရေးကိုသာ ဦးဝာည်လာမှု တို့ ဖြစ်သည်။

 

အာဏာရှင်တိုင်းတွင် ထိုအစုအဝေးကြီး သုံးခု ပါဝင်နေသောလည်း ပါဝင်သည့် အချိုးအစားခြင်း တော့ တူညီမှု မရှိကြဟု ဆိုသည်။

 

အချို့သော အာဏာရှင်များက ၎င်းတို့ မည်မျှ ကြီးမြတ်သည်၊ စွမ်းဆောင်နိုင်သည်ကို ပြလိုစိတ် ရှိသော်လည်း မင်းအောင်လှိုင်ကဲ့သို့ လူမျိုးက ထိုအရည် ‌အသွေးမျိုး ပါမလာ၍ မနာလို ဝန်တိုမှု၊ လက်စားချေလိုမှု များဖက် အားသန်သွားရခြင်းပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အားလုံးသည် စိတ်ကလင့် ကလျား‌ ဝေဒနာရှင်များခြည်းသာ ဖြစ်သည်။ ၎င်းတို့ စိတ်ထဲတွင် moral judgment ခေါ် ဓမ္မ နှင့် အဓမ္မ၊ သင့်တော်၏ မတော်၏ ဆိုသည်နှင့် တစုံတယောက်၏ စိတ်ခံစားမှု အဘယ်သို့ ရှိမည် ဆိုသည် ကို မည်သို့မျှ ပိုင်းခြား ဆန်းစစ်နိုင်စွမ်း မရှိကြပဲ ဖြစ်စေချင်သည် တခုတည်းကိုသာ မဖြစ်ဖြစ်အောင် လုပ်တတ်ကြသူများ ဖြစ်သည်။ ကြောက်ရလန့်ရ ကောင်းမှန်း သိသည့် စိတ်ခံစားမှုလည်း ပျောက်ဆုံးနေတတ်ကြသည်။

 

၎င်းတ‌ဦးတည်းချည်း မဟုတ်၊ ၎င်းနား ဝန်းရံနေသည့် inner circle ခေါ် အတွင်းလူများသည်လည်း ထိုနည်း နှင်နှင်ချည်း ပင် ဖြစ်သည်။ အာဏာရှင်သည် ၎င်းတို့ကဲ့သို့ လူမျိုးများကို သာ မျက်စိ ကြသည်၊ အလိုလိုနေရင်း အပါးတော်မြဲ ဖြစ်လာသည်၊ ချီးမြှင့်မြှောက်စား ခံကြရသည်မှာ ထူးဆန်းလှသည် တော့ မဟုတ်။

 

ထိုသို့သော် လူမျိုးများ နှင့် ငြိမ်းချမ်းရေး အတွက် ‌ဆွေးနွေးရမည် ဟု ရေရွတ်လာသူများသည် လက်ရှိ အနေအထားမှ ရုန်းထွက်လိုကြ၍ ကြံရာမရ ဖြစ်လာသူများ၊ မွန်းကျပ်လာသူများမှ ကောက်ရိုးမျဉ် တမျဉ်ကို ဆွဲမိဆွဲရာ ဆွဲလာခြင်း ပင် ဖြစ်သည်။ 

 

ပြည်သူများကို ၎င်းတို့ ရှေ့ ဒူးထောက်မလာမချင်း အကြမ်းဖက် သွားမည်ဟု စိတ်ပိုင်းဖြတ် ထားသူများ နားလည်သည့် ဘာသာစကား သည် အင်အား သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!