ချေ ၏ ပြောက်ကျားစစ် လက်စွဲ(8)

by Hla Soewai - Oct 06 2025

ခေတ်သစ် ကမ္ဘာတွင် လေကြောင်းသည် သမာရိုးကျ စစ်တပ်များ၏ အကြိုက်ဆုံး လက်နက် ဖြစ်လာသည်။ စစ်ပွဲကို ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးနိုင်သည်ဟု ယူဆကြ၍လည်း ဖြစ်သည်။

 

သို့သော်ငြားလည်း ပြောက်ကျားစစ်ဆင်ရေး၏ ကနဉီး အဆင့် တွင် မည်သို့မျှ အသုံးမဝင်ပေ။ ခက်ခဲကြမ်းတမ်းသော ဒေသများတွင် ပြောက်ကျား အရည် အတွက် အနည်းငယ်မျှသာ စုဝေး နေကြသော ကြောင့် ဖြစ်သည်။ လေကြောင်း၏ ထိထိရောက်ရောက် အသုံးတည့်မှုသည် မျက်စိဖြင့် မြင်တွေ့နေရသည့် စုစည်းထားသော ခံစစ်ကို စနစ်တကျ ချေမှုန်း ပစ်နိုင်မည့် အချိန်မျိုး တွင်သာ ဖြစ်သည်။

 

ထိုသို့ ချေမှုန်း ပစ်နိုင်ရန်ကား ခံစစ်ကို စနစ်တကျ အထိုင်ချ တည်ဆောက်ထားပြီး လူအင်အား များစွာ စုဝေးနေသည့် နေရာမျိုး ရှိရမည်၊ ပြောက်ကျားစစ်ပွဲ ၏ သဘောသဘာဝ အရ ထိုသို့ ရှိနေမည် မဟုတ်ပေ။

 

လေယာဉ် များသည် မြေပြင်တွင် စစ်ကြောင်းများ ဖွဲ့၍ ချီတက်လာခြင်း၊ အကာအကွယ် မရှိသည့် နေရာများတွင် ရှိနေခြင်းတို့ကို အန္တရာယ် ပေးလာနိုင်သည်။ သို့သော် ညအချိန်တွင် ချီတက်မည်ဆိုက ထိုသို့သော အန္တရာယ်မျိုးကို အလွယ်တကူ ရှောင်ရှား နိုင်မည် ဖြစ်သည်။

 

ရန်သူ၏ အားအနည်းဆုံး ပွိုင့်များသည် ကားလမ်း နှင့် မီးရထားလမ်းကို အသုံးပြု နေရခြင်းပင် ဖြစ်သည်။ မီးရထားလမ်း ဖြစ်‌ စေ၊ ကား လမ်းဖြစ်‌ စေ တမီတာ အကွာ အဝေး တိုင်းကို လုံခြုံရေး ယူဖို့က မည်သို့မျှ မဖြစ်နိုင်၊ ထို့အတွက် မည်သည့် နေရာ တွင် မဆို ဖေါက်ခွဲ တိုက်ခိုက်နိုင်ခြင်း ဖြင့် ဖြတ်သန်း၍ မရအောင် ဖန်တီးနိုင်သည်။ ရန်သူ ဖက်တွင် လည်း သိသာအောင် အကျအဆုံး နှင့် ထိခိုက်ပျက်စီးမှု လည်း ဖြစ်သွားနိုင်သည်။

 

ဖေါက်ခွဲရေး ပစ္စည်းများ အတွက် အမျိုးမျိုး ဖန်တီး နိုင်သည်။ အခြားဒေသများ မှလည်း သွင်းယူလာနိုင်သည်၊ ရန်သူ လေယာဉ် မှ ကြဲ ချထား‌ သော ဗုံးများထဲမှ မပေါက်ကွဲဘဲ ကျန်နေ‌သည်များထဲမှ ထုတ်သုံး နိုင်သည်၊ သို့သော် တခါတရံ အလုပ်မဖြစ်သည်များလည်း ရှိသည်။ မိမိတို့ နယ်မြေ အတွင်း လျို့ဝှက် တည်ဆောက်ထားသော စက်ရုံ၊ အလုပ်ရုံ များ မှ ထုတ်လုပ်နိုင်သည်။

 

ဖေါက်ခွဲရေး နည်းပညာများက အပြောင်းအလဲများ ရှိနိုင်သည်။ ထုတ်လုပ်မှုသည် လည်း ပြောက်ကျား တပ်ဖွဲ့ များ၏ အခြေအနေ ပေါ် မူတည်၍ အပြောင်းအလဲများ ရှိနိုင်ပေသည်။

 

ကျွနုပ်တို့၏ အလုပ်ရုံတွင် ယမ်းမှုန့်များကို စနက်တံ အဖြစ် အသုံးပြုကြသည်။ လိုအပ်သည့် အချိန်ရောက်လျှင် ဖေါက်ခွဲနိုင်ရန် ပစ္စည်းကိရိယာ မျိုးစုံကိုလည်း တီထွင်ခဲ့သည်။ အကောင်းဆုံး ကား လျပ်စစ် ပင် ဖြစ်သည်။ ပထမဆုံး ကျွနနုပ်တို့ ဖောက်ခွဲနိုင်ခဲ့သော မိုင်းသည် ဘာတစ်စတာ အာဏာရှင် ၏ စစ်လေယာဉ်မှ ကြဲချ ခဲ့သော ဗုံး နှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ရာတွင်လည်း ယမ်းခေါင်း အမျိုးမျိုး ကို ထည့်သွင်းပြီး ကြိုးနှင့် ဆွဲလို့ရအောင် ခလုတ်ပါသည့် သေနတ်နှင့် ပေါင်းစပ်နိုင်အောင် ပြုပြင်ပြောင်းလဲ အသုံးပြုခဲ့သည်။ ရန်သူ့ ထရပ်ကား ဖြတ်သွားချိန်တွင် သေနတ် မောင်းကို ဆွဲ ပြီး ဖောက်ခွဲ ပစ်ခဲ့သည်။

 

ထိုနည်းပညာများ ဖြင့် ပို၍ မြင့်မားသော အဆင့်တခု သို့ တက်လှမ်း နိုင်ပေသည်။ ဥပမာ အားဖြင့် အယ်ဂျီရီယား တို၏ ပြင်သစ် ကိုလိုနီ အစိုးရအား တွန်းလှန် တိုက်ခိုက်နေသည့် စစ်ပွဲတွင် ရေဒီယို လှိုင်း ဖြင့် အဝေးတနေရာမှ နေ၍ မိုင်းများ ဖေါက်ခွဲ နိုင်‌ နေကြသည် ‌ဆိုသည်ကို လေ့လာသိရှိခဲ့ရသည်။

 

ရန်သူထံမှ လက်နက်ခဲယမ်း များ ရနိုင်စရာ အရှိဆုံးက လမ်းခုလပ်မှ မိုင်းထောင်ပြီး ခြုံခို တိုက်ခိုက်ကာ တယောက် မကျန် ရှင်းပစ်နိုင်မည့် နည်းဗျုဟာ တရပ် ချမှတ်ခြင်းပင် ဖြစ်သည်။ အံ့အားတသင့် ဖြစ်သွားသော ရန်သူသည် လက်နက်ကိုပင် မသုံးနိုင်၊ ပြေးဖို့ပင် အချိန်မရတော့၊ မိမိတို့ဖက်က မဆိုသလောက် လက်နက်ခဲယမ်း လေး ထုတ်သုံးလိုက်ယုံဖြင့် သိသိသာသာ အောင်ပွဲ ခံနိုင်မည် ဖြစ်သည်။

 

ရန်သူဖက်ကလည်း ထိုသို့ တိုက်ခိုက်ခံလာရ၍ နောက်ပိုင်းတွင် ဗျူဟာများ ပြောင်းလာပေလိမ့်မည်။ ၎င်းတို့၏ ထရပ်ကားများ ကို ထီးထီးချည်း မဖြစ်အောင် ယာဉ်တန်း ရှည်ကြီး ဖြင့် စစ်ကြောင်းပုံစံ တစုတဝေးတည်း သွားလာကြတော့မည် ဖြစ်သည်။

 

မည်သို့ပင် တစုတဝေးတည်း ချီတက်လာစေကာမူ မြေ အနေအထားကို သေချာစွာ ရွေးချယ် နိုင်ပါက အောင်ပွဲ ခံနိုင်မည်သာ ဖြစ်သည်။ ပထမဦးစွာ ၎င်းတို့၏ ယာဉ်တန်းများ ကစဉ့်ကလျား ဖြစ်အောင် ဖြိုခွဲပြီး ယာဉ်တစီးတည်းကိုသာ အာရုံထား တိုက်ခိုက်ရမည်။ ထိုအခါတွင်လည်း ပြောက်ကျား နည်းဗျူဟာ၏ အခြေခံ ဝိသေသ များကို နှလုံးသွင်းထားရမည် ဖြစ်သည်။

 

ထိုအခြေခံ ဝိသေသ များသည်ကား နယ်‌ မြေ ဒေသတခုလုံး ကို ပိုင်ပိုင်နိုင်နိုင် သိထားခြင်း၊ ထောက်လှန်းထားခြင်း၊ ဆုတ်ခွာရမည့် လမ်းကြောင်းကို ကြိုတင် တွက်ဆထားခြင်း၊ တိုက်ခိုက်ခံရသည့် နေရာသို့ ရောက်လာနိုင်သည့် နောက်ထပ် လမ်းကြောင်းများကို သတိဝိရိယ ဖြင့် စောင့်ကြည့်ခြင်း တို့ ဖြစ်သည်။ထို့ပြင် နယ်မြေခံ လူထု နှင့် တရင်းတနှီးရှိထားဖို့လည်း လိုသည်။ သို့မှသာ ထောက်ပို့ နှင့် သယ်ယူ ပို့ဆောင်ရေး အတွက် စိတ်ချရမည်၊ အကယ်၍ လိုအပ်လာလျင် ဒဏ်ရာရသွား၍ ချန်ထားခဲ့ရမည့် ရဲဘော်များအတွက် ယာယီ သို့မဟုတ် အမြဲတမ်း ပုန်းအောင်းရမည့် နေရာ ဖန်တီးပေးနိုင်သည်။

 

တိုက်ခိုက်မည့် နေရာတွင် အင်အား အရာတွင် အသာစီး ရှိနေရမည်။ အလွယ်တကူ ရွှေ့ပြောင်း လှုပ်ရှား နိုင်မှု ရှိရမည်၊ ဖြစ်နိုင်လျင် အရံ အင်အားများ အဆင်သင့် ရှိနေရမည်။

 

အထက်တွင် ဖေါ်ပြခဲ့သည့် အခြေခံ ပြောက်ကျား နည်းဗျူဟာ များ ကို အသုံးချခဲ့မည် ဆိုလျင် ရန်သူ၏ ဆက်သွယ်ရေး လမ်းကြောင်းတလျောက် အလစ်အငိုက် တိုက်ခိုက်နိုင်လာပြီး လွန်စွာ အရေးကြီးသော အကျိုးအမြတ် ရရှိလာမည်သာ ဖြစ်သည်။