အဆင့်သစ် တခုသို့ ရောက်လာနေသော တော်လှန်ရေး

by Hla Soewai - Oct 06 2025

နွေရာသီ ကုန်ဆုံး ခါနီး လာပြီ ဖြစ်သော်လည်း အရှေ့တောင် အာရှ ရှိ သတင်း ခေါင်းစီးများက‌ တော့ ထိုင်း-ကမ္ဘောဒီယား နယ်ခြား ပဋိပက္ခ၊ ဒေါ်နယ် ထရမ့်၏ ကုန်သွယ်မှု တိုးမြှင့် ကောက်ခံလာသည့် အရေး များ တွင်သာ တဝဲဝဲ တလည်လည် ဖြစ်နေဆဲပင်။ သို့သော် မြန်မာ တို့၏ ပြည်တွင်းစစ်ကား အာရုံစိုက်ခံရမှု လျော့ပါးနေဆဲပင် ဖြစ်သည်ဟု နစ်ကီ အေးရှား ရီဗြူး တွင် ဆောင်းပါး ပါရှိလာခဲ့သည်။

 

အစပိုင်း တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အောင်မြင်မှု များ နှင့် စစ်တပ်မှ တဆုတ်တည်း ဆုတ်နေရသည့် အဖြစ်များကြောင့် အံ့အားတသင့် ဖြစ်ခဲ့ကြသည်။ သို့သော် စစ်တပ်၏ ဗျူဟာ အသစ်များ နှင့် တရုတ်ဖက်မှ ထိထိရောက်ရောက် ဩဇာ သက်ရောက်လာနိုင်ခဲ့မှု များကြောင့် ပြည်တွင်းစစ်သည် နောက်ထပ် အဆင့်သစ် တခု တက်လှမ်းလာနေပြီ ဖြစ်သည်။

 

ပထမဆုံး အပြောင်းအလဲသည်က ဇူလိုင် ၃၁ တွင် အရေးပေါ် အခြေအနေ ကို ရုပ်သိမ်းပြီး စစ်ကောင်စီ ကို ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် ရာထူး နှစ်နေရာ ကို စွန့်လွှတ်လိုက်ရသော်လည်း ယာယီ သမ္မတ အဖြစ် ဒီဇင်ဘာ ၂၈ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ပထမအဆင့် အထိ သမ္မတ အဖြစ် ဆက်ရှိနေမည် ဖြစ်သည်။

 

စစ်အုပ်စုသည် ရွေးကောက်ပွဲ ဖြင့် ပြည်တွင်း ပြည်ပမှာပါ တရားဝင်မှု ရရှိလာလိမ့်မည်ဟူသော ခံယူချက် ဖြင့် လုံးပမ်းလာခြင်းလည်း ဖြစ်သည်။ သို့သော် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များ အားလုံး က ၎င်းတို့ အုပ်ချုပ်ရေး သက်ဆိုး ရှည်ရန် "ဒီမိုကရေစီ" ခေါင်းစဉ်တပ်လာသည့် အယောင်ဆောင်မှုသာ ဖြစ်သည်ဟု ပယ်ချခဲ့ကြသည်။

 

စစ်အုပ်စုသည် နိုင်ငံ၏ ၂၁ ရာနှုန်းသာ ထိန်းချုပ် နိုင်နေ၍ အမှန်တကယ် တရားမျှတပြီး လူထု ဆန္ဒ ကိုယ်စားပြုသည့် ရွေးကောက်ပွဲ မျိုး ဖြစ်လာဖို့က ရွှေပြည်တော် မျှော်တိုင်းဝေးဟု ဆိုရမည်သာပင် ဖြစ်သည်။

 

စစ်တပ်၏ ဗျုရိုကရေစီ လှည့်ကွက်များ အပြင် ၎င်းတို့၏ အဓိက အားပြုနေရသည့် တရုတ်ကလည်း နိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ရပ်သွားအောင် တိုး၍ ကြိုးပမ်းပေးလာခဲ့သည်။ တရုတ်သည် မြန်မာ တွင် ကာလကြာမြင့်စွာ ကတည်းက နှစ်ဖက်ခွ ၍ ကစားနေသူ ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ကို မသိမသာ ခွင့် ပြုပေးခဲ့ပြီး တဖက်တွင်လည်း စစ်အုပ်စု ကို ၂၀၂၁-၂၃ အတွင်း ဒေါ်လာ ၂၆၇ သန်း ဖိုး အထိ လက်နက်များ ရောင်းချပေးခဲ့သည်။

 

၎င်းတို့ မျက်စိမှိတ်ပြခဲ့သော ၁၀၂၇ စစ်ဆင်ရေး ဖြင့် EAO များ အောင်ပွဲ အလီလီ ရခဲ့ချိန် တွင်‌ တော့ တရုတ်တို့ လမ်းကြောင်း ပြောင်းလာခဲ့ရသည်။ စစ်အုပ်စု အား သံတမန်ရေး ဖက်တွင် ပို၍ ဖက်လှဲတကင်း လုပ်လာသည်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ် တည်ထောင်ခဲ့သည့် ၉၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား တရုတ်သံရုံး မှ လူပေါင်း ၅၃၀ ခန့် အထိ ဖိတ်ကြားခဲ့သည်။

 

EAO များ အားလည်း ထိုးစစ် အားလုံး ရပ်တန့်ပေးဖို့ ကျယ်ကျယ်လောင်လောင် ပြောဆိုလာခဲ့သည်။ MNDAA အား လားရှိုးကို မြန်မာ စစ်တပ်အား ပြန်ပေးလိုက်ရသည်အထိ အကျပ်ကိုင် နိုင်ခဲ့သည်။

 

တရုတ်တို့၏ အနိုင်ကျင့် ခြိမ်းခြောက်လာမှု ကို အာခံပြီး တအာင်း တိုင်းရင်းသားတို့၏ TNLA မှ "တရုတ်သည် ၎င်းတို့ အကျိုးစီးပွားကိုသာ ကြည့်သူများ" ဟု လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခဲ့ပြီး စစ်အုပ်စု ကိုဆက်၍ တိုက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

 

မကြာမီက စစ်အုပ်စု နှင့် သုံးကြိမ်မြောက် ‌ဆွေးနွေးခဲ့သော်လည်း ၎င်းတို့ဖက်က သေနတ်တချက် မဖေါက်ရပဲ TNLA တို့ သိမ်းပိုက်ထားသော မြို့များ ပြန်ပေးရန် အတင်းအကျပ် တောင်းဆိုလာ၍ ပျက်ပြားသွားခဲ့ရသည်။

 

ဒုတိယ အပြောင်းအလဲသည် ဘီဂျင်းသည် အင်အား အတောင့်တင်းဆုံး ဖြစ်သော ဝ တပ်များအပေါ် စေလိုရာစေ လုပ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဝ များသည် ၎င်းတို့ ကိုယ်နှိုက်က ပဋိပက္ခ တွင် မပါဝင်ခဲ့သော်လည်း MNDAA, TNLA နှင့် SSPP တပ်များကို စစ်ရေး နှင့် ဘဏ္ဍာရေး အကူအညီများ ပံ့ပိုးပေးခဲ့သည်။ တရုတ်က ဝ အရာရှိများအား ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှု များ ထိန်းချုပ် ပစ်ခြင်း နှင့် နယ်ခြားဂိတ်များ ပိတ်ပစ်လာ၍ ဝ နိုင်ငံရေး ဦးဆောင် အဖွဲ့မှ မည်သည့် အဖွဲ့အစည်းကိုမျှ အကူအညီ မပေးတော့ဟု ကြေညာလာခဲ့ရသည်။ ထို အတွက် EAO တို့ ထိုးစစ်ဆင်နိုင်မှုကို ထိခိုက်သွားခဲ့ရသည်။

 

တတိယ ကား စစ်အုပ်စုဖက်မှ အောင်ပွဲများ ရုတ်ခြည်းဆိုသလို ရရှိလာခြင်း ဖြစ်သည်။ ဇူလိုင်လ တွင် တနှစ်ကျော်မျှ တိုက်ခိုက်ခဲ့ရပြီး နောက် နောင်ချိုကို ပြန်ရသွားခဲ့သည်။ ဒီမောဆိုးအားလည်း ကရင်နီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များထံမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ဇွန်လ ၃၀ ရက်နေ့တွင် မိုးဗြဲကို ပြန်ရသွားပြန်သည်။ ဒီပဲယင်းအားလည်း ပြန်သိမ်းနိုင်ခဲ့သည်။

 

၎င်းတို့ အတွက် အရေးပါဆုံးဟု ပြော၍ ရသည်က ထိုင်းနယ်ခြား နှင့် နိုင်ငံ အလယ်ပိုင်းကို ဆက်ထားသည့် အမှတ် (၁) အာရှ အဝေးပြေးလမ်းမကြီးကို သိမ်းယူနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ 

 

ယခုအခါ အားလုံးက ဗန်းမော်ကို စောင့်ကြည့်လာနေကြသည်။ ကေအိုင်အေသည် မကြာမီက သိမ်းယူထားသော စခန်း နှစ်ခုကို လက်လွှတ်ပေးခဲ့ရသည်။ စစ်အုပ်စု ၏ အောင်မြင်ခဲ့မှု များကြောင့် EAO တို့၏ ဝင်ငွေ ထိခိုက်သွားခဲ့ရသည်။ ၎င်းတို့ စစ်ကြောင်း ထိုးလာမှု ကြောင့် ဖားကန့်ရှိ ကျောက်စိမ်းတွင်းများ၊ ကသာခရိုင် ဒိုးပင် ရှိ ငွေ နှင့် သွပ် သတ္တုတွင်းများ၊ မန္တလေး တိုင်း အတွင်းရှိ ဖယားတောင် ရွှေတွင်းများ ပါ ထိခိုက်သွားခဲ့ရသည်။

 

ထိုသို့ အောင်မြင်ခဲ့မှု၏ အဓိက အကြောင်းရင်းသည်ကား ဝေဟင်ကို ထိန်းချုပ်ထားနိုင်မှုပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသများ ၏ အချက်အလက်များ ပြုစုနေသော ACLED အဖွဲ့ကြီး မှ ထုတ်ပြန်သော အချက်အလက် များ အရ ဇန်နဝါရီ နှင့် မေလ အတွင်း လေကြောင်းတိုက်ခိုက်မှု ၁,၁၃၄ ကြိမ် ထိ ဖြစ်လာခဲ့သည်၊ သို့သော် ၂၀၂၃ အလားတူ ကာလ အပိုင်းအခြား အတွင်း ၁၉၇ ကြိမ်၊ ၂၀၂၄ တွင် ၆၄၀ သာ ရှိခဲ့သည်။ တရုတ် အစိုးရ ပိုင် ကုမ္ပဏီများကလည်း ဗုံးများ ထုတ်လုပ်နေသော ကပစ ၂၁ အတွက် လိုအပ်သော ပစ္စည်းများ၊ လေ့ကျင့်မှု များ နှင့် ပုံစံ များ ပံ့ပိုး ပေးခဲ့သည်။ ဤသို့ဖြင့် မြေပြင် ထိုးစစ်များကို လေကြောင်း၊ လက်နက်ကြီး ပစ်ကူ များ၊ ဒရုန်းများ ဖြင့် ဟန်ချက်ညီညီ တိုက်ခိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ စစ်မြေပြင် အနေအထား ရွေ့လျားလာမှု နှင့် တရုတ်တို့ ဝင်ရောက် ထိုးဖောက်လာမှု များကြောင့် ယခု အချိန်သည် အရေးကြီးဆုံး အပိုင်းသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ငြားလည်း မြန်မာ စစ်တပ် အနေဖြင့် ယခင်ကလို ပြန်လည် ရပ်တည်နိုင်ဖို့က အလှမ်းဝေးနေဆဲပင် ဖြစ်သည်။ နိုင်ငံ၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ ဆက်လက်ထိန်းချုပ်ထားပြီး နယ်စပ်ပြည်နယ်အများစုနှင့်လည်း အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်။

 

အထူးသဖြင့် အာရက္ခ တပ်တော်သည် သိသိသာသာ အောင်မြင်မှု များ ရရှိလာပြီး ဧရာဝတီ၊ မကွေး နှင့် ပဲခူး ဒေသကြီးများအထိ ထိုးဖောက်လာနိုင်ခဲ့သည်။ချင်းညီနောင်များ အဖွဲ့သို့လည်း လက်နက်များ ပံ့ပိုး ပေးလာနိုင်ခဲ့သည်။

 

မြောက်ပိုင်း EAO အဖွဲ့များ အခြေမလှ ဖြစ်လာချိန်တွင် အာရက္ခ တပ်တော်ဖက်မှ ဆက်လက်အောင်မြင်မှု များ ရရန် ဆက်လက် ထိုးစစ် များ ဆင်နွှဲရမည် ဖြစ်သည့် အပြင် အခြား EAO အဖွဲ့များကိုလည်း ပံ့ပိုးပေးသွားရမည် ဖြစ်သည်။

 

လက်ရှိ ကာလ သည် တော်လှန်ရေး၏ အနာဂတ်ကို အဆုံးအဖြတ် ပေးမည့် အချိန် ရောက်လာနေပြီ ဖြစ်သည်။

 

စစ်တပ်သည် အောင်မြင်မှု များ တိုး၍ ရလာပြီး လုပ်နေကျ နည်းလမ်းများ အတိုင်း EAO များ နှင့် သ‌ဘောတူညီချက်များ ရရှိသွားမည်ဆိုက နိုင်ငံ အနှံ့အပြားကို ပြန်လည် ထိန်းချုပ်သွားနိုင်တော့မည် ဖြစ်သည်ကို သတိမူ ကြရ မည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!