တပ်မတော်သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍ ပြည်သူကို အပြီးအပိုင် ကျောခိုင်းသွားကြလေပြီဟု ပြောစမှတ် တွင်နေသော်လည်း တကယ်တမ်းတွင် ၁၉၉၀ ကတည်းက တပ်မတော်၏ ဂုဏ်သိက္ခာသည် ရစရာ မရှိအောင် ဖျက်ဆီးသွားခဲ့ပြီး ဖြစ်သည်။
အနိုင်ရသည့် ပါတီကို အာဏာလွှဲပေးမည် ဆိုကာ ကမ္ဘာသိ၊ တိုင်းသိပြည်သိ ကျေညာက ဦးစီး ပြုလုပ်ပေးခဲ့သော ရွေးကောက်ပွဲကြီး တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အခါတွင်တော့ စစ်ဗိုလ်ချုပ်ကြီးများ၏ ကတိသစ္စာ ဆိုသည်က ကုန်းကောက်၍ ပင် မရတော့အောင် ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ဤသည်ကလည်း အားလုံးအသိပင် ဖြစ်၍ အကျယ်ချဲ့ မပြောလိုတော့။
အကယ်၍သာ တပ်မတော်သည် အနိုင်ရပါတီ လက်ထဲ တိုင်းပြည် အာဏာကို ထိုစဉ်ကတည်းက လွှဲပြောင်းပေးကာ ဗိုလ်ချုပ်ကြီး စောမောင် ပြောသလို စစ်တန်းလျားကို ပြန်သွားမည်ဆိုလျှင် မြန်မာပြည်သည် ယခုလောက်ဆို အာရှ၏ ကျားတကောင် အဆင့် အတန်း ရောက်ရှိနေလောက်ပေပြီ၊ အနည်းဆုံး လက်ရှိ ဗီယက်နမ် အနေအထားကို ကောင်းစွာ သာလွန်နေပြီ ဖြစ်သည်။
စစ် ခေါင်း ဆောင် အဆက်ဆက် အမျိုးသမီး တယောက် အပေါ် မနာလို စိတ် ကြီးစွာဖြင့် နစ်မွန်းအောင် လုပ်ခဲ့ကြသည့် အမှားကို နှစ်ပေါင်း သုံးဆယ်ကြာလည်း ဆက်လက် ကျုးလွန်ခဲ့ကြပြန်သည်။
လက်ရှိ စစ်ခေါင်းဆောင်ပိုင်း ၏ အရည်အသွေး ညံ့ဖျင်းနေမှု၊ နိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရား အသီးသီးတွင် စစ်ဗိုလ်စစ်သားများက ဝင်ရောက် ကိုလိုနီ ပြု အုပ်ချုပ်နေမှုများသည် ၎င်းတို့အတွက် ပျက်စီးရာ ပျက်စီးကြောင်း လမ်း ကို လျှောက်လှမ်းနေကြခြင်း သာ ဖြစ်သည်။
ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့သည် ဆိုက ရန်သူနှင့် စေ့စပ်လိုသော ရွှေပြည်အေး ဝါဒီများ၊ ရန်သူ ပေးမည့် မသဒ္ဓါရေစာ အခွင့် အရေးများ နှင့် တင်းတိမ်ကြမည့် အချောင်သမားဝါဒီများ၊ ငါသိငါတတ် နေရာယူလိုသူများ အလျှိုလျှို ထွက်ပေါ်လာကြမည် မှာလည်း ဓမ္မတာပင် ဖြစ်သည်။
ယခုအခါတွင်တော့ ပြည်သူများသည် မီးမလာ၊ ခြင်တွေကိုက်၊ အမှောင်ထဲတွင် ငုတ်တုတ်ထိုင်ကာ မီးလာလျှင် ရေတင်၊ ထမင်းချက်ရန် စောင့်ဆိုင်းနေကြရသည့် ဘဝကို ဖြတ်သန်းနေရပြီ ဖြစ်သည်။
မိမိတို့ တိုင်းပြည်သည် စစ်အာဏာရှင်များ လက်အောက်တွင် ဇကောထဲ ထည့်လှိမ့်ခံရသည့် ဇီးသီးလုံးများပမာ ဆယ်စုနှစ်ပေါင်းများစွာ ဗြောင်းဆန်အောင် ခံခဲ့ကြရည်မှာ ရင်နာဖို့ ကောင်းသည့် အပြင် လွန်စွာမှ နှမြောကြေကွဲဖွယ် ကောင်းလှပေသည်။
ဒီတကြိမ်တွင်တော့ enough is enough ဆိုကာ လူထု သည် ဆက်လက် သည်းငြည်း မခံနိုင်ကြတော့ပဲ တူမီးနှင့် ပင် ခုခံ တိုက်ခိုက်လာကြပြီ ဖြစ်သည်။
စနစ်ဟောင်းကို ဖြိုဖျက်နိုင်ခြင်း မရှိသရွေ့မိမိတို့သည် ပုခုံးနှစ်ဖက် အကြား ခေါင်းပေါက်နေသူ ချင်း တူပါလျက် စားရမဲ့ သောက်ရမဲ့ ဘဝဖြင့် ရုန်းကန် နေကြရတော့မည် ဖြစ်သည်ဟု သဘောပေါက် နားလည် လာကြ၍ စနစ်သစ် ကို တည်ဆောက်မည့် တိုက်ပွဲသည် အလွန်တရာ ပြင်းထန်ပေလိမ့်မည်သာ ဖြစ်သည်။ အာဏာရှင်များကလည်း ရက်ရက်စက်စက် နည်းမျိုးစုံသုံး၍ ဖိနှိပ် ချေမှုန်းကြမည်သာ ဖြစ်သည်။
ထိုသို့ ပြင်းထန်လှသော တိုက်ပွဲတွင် လက်ရုံးရည်သာမက နှလုံးရည်နှင့် ပြည့်ဝဖို့ လည်း အထူး လိုအပ်သည်။
ဤသည်က အားလုံးသိကြသည့် အမှန်တရား များသာ ဖြစ်သည်။
ထိုကဲ့သို့သော အကြောင်းအရာများကို တစုံတဦး နှင့် အခြေအတင် ပြောမည် ဆိုက အရင်ဦးဆုံး ကိုယ့်ကိုကိုယ် ပြန်မေးရမည်က တဖက်လူသည် ၎င်းနှင့် ကွဲပြားသောအမြင် ဖြင့် တင်ပြလာမည့် အယူအဆများကို နားလည် လက်ခံနိုင်စွမ်း ရှိအောင် စိတ်ပိုင်း ဆိုင်ရာ ရင့်ကျက်မှု ရှိနေမနေ ဆိုသည်ပင် ဖြစ်သည်ဟု ဗြိတိသျှ အမျိုးသမီး သရုပ်ဆောင် ဟယ်လင်း မီရင်းက ပြောခဲ့ဖူးပေသည်။
ထိုသို့ ရင့်ကျက်သူ မဟုတ်က မည်သို့မျှ ဆက်ပြော၍ အဓိပ္ပါယ် ရှိမည် မဟုတ်ပေ။ အခြေအတင် ပြောရဖို့ ရှိလာတိုင်း မိမိ၏ အင်နာဂျီ သုံး၍ အကျိုး ထူးလာနိုင်မည်လား ဆိုသည်ကို အရင် သုံးသပ်ရပေမည်။
တခါတရံ တွင် မိမိက မည်မျှ ပင် အကျိုးသင့် အကြောင်းသင့် ရှင်းပြနေစေကာမူ တဖက်လူသည် မိမိ ပြောသည်ကို နားထောင်နေချင်း မဟုတ်၊ မိမိစကား အဆုံးတွင် ပြန်လည် ချေပရန် စောင့်ဆိုင်း နေခြင်း မျိုးသာ ဖြစ်သည်။
ထိုသို့သော လူမျိုးများက ၎င်းတို့၏ အယူအဆများ ကြား တွင် နစ်မွန်းနေကြသူများ ဖြစ်သည်။ အခြားလူ တဦး၏ အမြင်ကို နားထောင်လိုစိတ် မရှိကြ၊ ထိုသို့သော လူမျိုး များ နှင့် ပြောဆိုဆက်ဆံခြင်းဖြင့် မိမိ၏ အင်နာဂျီ ကုန်ခန်းဖို့သာ ရှိသည်။
မိမိ၏ အတွေးအမြင် ကြွယ်ဝဖို့ တန်ဖိုးထားသူ တဦး နှင့် စကားစမြည် ပြောဆိုရခြင်းသည် ကိုယ့်ဖက်က သူ ပြောသည်ကို သဘောတူ စရာ မရှိလျင်ပင် လွန်စွာ စိတ်ချမ်းမြေ့ဖွယ်ရာပင် ဖြစ်သည်။ သို့သော် ၎င်းတို့ ယုံကြည်လက်ခံထားမှု မှ ကျော်လွန်၍ မည်သို့သော အကျိုးသင့် အကြောင်းသင့် ပြောသည်ကို နားလည်ဖို့ မကြိုးစား သူများ အား ပြောဆိုခြင်းသည် နံရံ ကို ပြောနေခြင်းမျိုး နှင့် အလားသဏ္ဍန်တူပေလိမ့်မည်။
မည်မျှပင် ယုတ္ထိ ကျကျ နှင့် အမှန်တရား များကို အချက်အလက်များ နှင့် တင်ပြနေစေကာမူ ၎င်းတို့က အထအန ကောက်၊ လမ်းလွှဲ၊ ငြင်းခုန် ကြလိမ့်မည်သာ ဖြစ်သည်။ ထိုသို့ လုပ်လာကြသည် မှာလည်း ကိုယ့်ဖက်က မှားနေ၍ မဟုတ်၊ အခြား တဖက် ကို မြင်အောင် ကြည့်လိုစိတ် မရှိကြသော ကြောင့်သာ ဖြစ်ပေသည်။
ရင့်ကျက်မှု ဆိုသည်က ငြင်းခုံ မှု တွင် အနိုင်ရအောင် ပြောနိုင်ခြင်း မဟုတ်၊ ဘယ်အချိန်တွင် ငြင်းခုံ နေ၍ မတန် တော့ ဟု သိရှိခြင်းမျိုးသာ ဖြစ်သည်။
ကိုယ့်ကိုကိုယ် စိတ်နှလုံး အေးချမ်းစွာ ထားနိုင်ရေးသည် မိမိပြောလိုက်၍ စိတ်ပြောင်းသွားမည် မဟုတ်သော လူမျိုးကို သက်သေပြ ပြောဆိုနေရခြင်းထက် ပို၍ တန်ဖိုး ရှိသည် ဆိုသည်ကို သဘောပေါက် ထားရမည် ဖြစ်သည်။
တိုက်ပွဲ တိုင်း တိုက်စရာ မလိုသလို လူတိုင်းကိုလည်း ရှင်းလင်း ပြောပြဖို့ မထိုက်တန်ပေ။
တခါတရံ တွင် ရှောင်ထွက်သွားနိုင်ရမည်၊ ဤသည်ကလည်း ပြောစရာ မရှိ၍ မဟုတ်၊ အချို့ လူများသည် နားထောင်ဖို့ အဆင်သင့် မဖြစ်သေးသည်ကို သိသွားခြင်းကြောင့် ဖြစ်သည်။ ထိုသို့သော လူမျိုး များကို ရှင်းပြရမည် ဆိုသော တာဝန် ကိုယ့်မှာ မရှိတော့။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!