ပူတင် အနောက်အုပ်စုကို သွေးတိုးစမ်းလာပြီ

by Hla Soewai - Oct 06 2025

ပိုလန် ပေါ်ကို ဖြတ်ပျံလာသော ဒရုန်းများ၊ အက်စတိုနီယား လေကြောင်းပိုင်နက်ကို ကျူးကျော်လာသော MIG ဂျက်တိုက်လေယာဉ်များ၊ ဖျက်စီး ခံလိုက်ရ‌ သော ဘော်လ်တစ် ပင်လယ်ကြမ်းပြင် ရှိ ကေဘယ်များ၊ ဆိုက်ဘာ ဖြင့် တိုက်ခိုက်ခံရ၍ ရပ်ဆိုင်းသွားသော ဥရောပလေဆိပ်များ၊ Quadcopter ဟု ခေါ်သည် ပန်ကာ လေးခုပါ မောင်းသူမဲ့ ဒရုန်းများ၊ ထူးထူးဆန်းဆန်း ပေါက်ကွဲမှုများ၊ လုပ်ကြံ သတ်ဖြတ်မှု များ၊ ရွေးကောက်ပွဲ များ အား ဖျက်လို ဖျက်ဆီးလုပ်ရန် လူသား အပြုအမူ ကို တုပထားသော bot များဖြင့် ဝါဒ ဖြန့်ချီလာခြင်း တို့ကို ကြည့်မည် ဆိုက တခုချင်းစီ အ‌ နေဖြင့် စစ်ပွဲ ဖြစ်လာဖို့ အကြောင်း ရှာလာခြင်း ဟု ပြော၍ မရပေ။

 

သို့သော် ဖြစ်ရပ်တခုချင်းစီကို ဆက်စပ်ကြည့်မည် ဆိုက ဗလာဒီမာ ပူတင်သည် နေတိုး အဖွဲ့ကြီး အပေါ် grey-zone ကမ်ပိန်း ဆင်နွှဲလာခြင်းဟု ပြော၍ ရပေသည်။ grey-zone ကမ်ပိန်း ဆိုသည်က ပဋိပက္ခ အသွင် ကူးပြောင်းသွားသည်အထိ မဖြစ်စေဘဲ အကုန်အကျ သက်သာ၊ ငြင်းဆိုနိုင်အောင် အသေအချာ ချိန်ဆပြီး ဥရောပ ကို နေမထိ ထိုင်မသာ ဖြစ်လာအောင် ကြံရွယ်သည့် လုပ်ရပ် ဖြစ်သည်။ ဂျာမဏီ အဓိပတိ ဖရက်ဒရစ်ခ်ျ မားဇ် မှ "မိမိတို့သည် စစ်ပွဲ ဖြစ်နေသည့် အခြေအနေ မျိုး မဟုတ်သော်လည်း စိတ်အေးချမ်းသာစွာ နေလို့ မရသည့် အနေအထား ရောက်နေပြီ" ဟု ပြောခဲ့သည်။

 

ပူတင်သည် နေတိုးကို ဒဲ့ရင်ဆိုင်၍ မရမှန်း သိထားသည်၊ သို့သော် အနှောက်အယှက် ပေးယုံသက်သက် ထက် ပိုစေရန်တော့ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်ကို ၎င်း၏ စကားအသွားအလာ၊ ကြေညာချက်များ မှ တဆင့် သိနိုင်သည်။ ပူတင်သည် အကြောင်းအရာ သုံးခု ကို အထမြောက်အောင် ကြိုးစားနေခြင်း ဖြစ်သည်။

 

ပထမ အကြောင်းမှာ နေတိုး၏ ညီညွတ်နေမှု ကို ဖြိုခွဲရန် ဖြစ်သည်။ အဖွဲ့ဝင် တနိုင်ငံ နှင့် တနိုင်ငံ အကြား သံသယ ပွားလာပြီး အဖွဲ့ စတင်တည်ထောင်ခဲ့သည့် ၁၉၄၉ ခုနှစ်မှစပြီး အမေရိကန် တို့ တောက်လျှောက် ပေးလာခဲ့သည့် ကတိကဝတ်များ အပေါ် မေးခွန်း ထုတ်လာကြဖို့ ဖြစ်သည်။ အဓိကအားဖြင့် အဖွဲ့ကြီး၏ ပဋိညာဉ် အပိုဒ် (၅) ဖြစ်သည့် တနိုင်ငံကို တိုက်ခိုက်လာပါက အားလုံး တိုက်ခိုက်ခံရသည်ဟု သဘောထားသည် ဆိုသည်ကို သံသယ ပွားလာအောင် မျိုးစေ့ ချပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သို့မှသာ အမေရိကန် ကို ဥရောပ နှင့် ခွဲထုတ်ပစ်နိုင်မည် ဖြစ်သည်။

 

နေတိုးသည် ရုရှားကို အပိုင်းပိုင်း ပြတ်သွားအောင် လုပ်နေ၍ ၎င်းတို့အားလည်း အတွင်းမှ ဖျက်ဆီးပစ်ရမည်ဟု ပူတင်သည် မကြာခဏ ဆိုသလို ပြောလေ့ရှိသည်။

 

နှစ်ဆယ့်တစ်ရာစု ထဲ ဝင်လာချိန်တွင် အမေရိကန်သည် ၎င်းတို့၏ ရန်သူများကော၊ မိတ်‌ ဆွေ များ ပေါင်းထားသည့် အင်အားထက်ပင် အဆမတန် သာလွန်လာခဲ့သည်။ သို့သော် အိုစမာ ဘင်လေဒင် ကြောင့် ဝါးအစည်းပြေသလို ဖြစ်လာခဲ့သည်၊ 9/11 အရေး အစပြု၍ အမေရိကန် သည် အာဖဂန်နစ္စတန် နှင့် အီရတ် တို့ တွင် ခြေတံလက်တံ ဆန့်ထုတ်လာ၍ ပြည်ပတွင် ကတိကဝတ်ပြုထားခဲ့မှု များ အပေါ် ပြည်တွင်း တွင် တုန့်ပြန် ဂယက်ရိုက်ခတ်ခြင်း ခံလာခဲ့ရသည်။

 

တရုတ် ခေါင်းဆောင်များကလည်း အရှေ့အာရှ မှ အမေရိကန် တို့ ထွက်သွားကြတော့မည်လော ဆိုသည့် အတွေး ဝင်လာကြသည်။ ထို့အတွက်ကြောင့်လည်း ရှီကျင့်ပင်သည် grey-zone နည်း သုံး၍ တိုင်ဝမ်ကို စိတ်ချလက်ချ မနေရဲအောင် ဖန်တီးလာခဲ့ခြင်းပင် ဖြစ်သည်။ အာရှ မဟာမိတ်များက အမေရိကန်ကို စိတ်မချရဟု မြင်လာ အောင် သံသယ မျိုးစေ့ ချပေးလာခဲ့သည်။ ထရမ့်၏ ပေါ့တီးပေါ့ဆ အပြောများကြောင့် ရှီကျင့်ပင် အတွက် လုပ်ရကိုင်ရ လွယ်ကူသွားခဲ့သည်။

 

ဥရောပ တွင်လည်း အလားတူပင် ဖြစ်သည်။ ပိုလန် နိုင်ငံ အတွင်းသို့ ဒရုန်းများ ကျုးကျော် ဝင်ရောက်လာခဲ့သည်ကို ထရမ့်က အမှားမှား အယွင်းယွင်း ဖြစ်သွား၍ ဟု ပြောခဲ့သည်။ စည်းလုံး ညီညွတ်ကြောင်း ပြရမည့် အစား ထိုသို့သော အပြောများ ကြောင့် နောက် ဆယ်ရက်အကြာတွင် အက်စတိုနီယား လေကြောင်း ပိုင်နက်ထဲသို့ MiG-31 သုံးစင်း ကျုးကျော် ဝင်ရောက်လာခဲ့သည်။

 

ပူတင်၏ ဒုတိယ အကြောင်း တခုက ယူကရိန်းပင် ဖြစ်သည်။ ၎င်း၏ နွေရာသီ ထိုးစစ်က ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။ ယူကရိန်း စစ်တပ်ကို ထောက်ပံ့ပေးနေသော ဥရောပ နိုင်ငံများကို ယခုထက်မက ပို၍ အကုန်အကျ များလာအောင် လုပ်ချင်နေသည်။ ထို့အတွက် ကြောင့်လည်း grey-zone ဖြင့် တိုက်ခိုက်ခံရသည့် နိုင်ငံတိုင်းလိုလိုသည် ယူကရိန်းအား အမာခံ ထောက်ခံနေကြသူများ ဖြစ်နေသည်။ ပိုလန်၊ အက်စတိုနီယား၊ ဒိန်းမတ် နိုင်ငံများ အားလုံး ဒရုန်းများ ဖြင့် ကျုးကျော်ခြင်း၊ GPS အချက်ပြလှိုင်းများအား နှောက်ယှက်ခြင်း၊ ဖေါက်ခွဲဖျက်ဆီးခြင်းများ ခံခဲ့ရသည်။

 

ဂျာမဏီ၏ ကာကွယ်ရေး နှင့် ထောက်ပို့ ကုမ္ပဏီများလည်း ဆိုက်ဘာဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ မောလ်ဒိုဗာ နှင့် ရိုမေးနီယား နိုင်ငံများ၏ ရွေးကောက်ပွဲအားလည်း အနှောက်အယှက် ပေးခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ ပူတင်က ထိုနိုင်ငံများ ရှိ မဲဆန္ဒရှင်များအား ယူကရိန်းသို့ လက်နက်ထောက်ပံ့ပေးနေမည့် အစိုးရအစား ရုရှား အလိုကျ လုပ်မည့် အစိုးရမျိုး ရွေးချယ်ရန် သို့မဟုတ် ကိုယ့်ကိုကိုယ် ကာကွယ်ကြဖို့ ဖြစ်လာမည်ဟု မက်ဆေ့ခ်ျ ပေးလို၍ ဖြစ်သည်။

 

တတိယ အကြောင်းက ပို၍ နက်ရှိုင်းပြီး နည်ဟောင်းကြီးလည်း ဖြစ်သည်။ ပူတင်သည် အစဉ်အလာ လစ်ဘရယ် ဒီမိုကရေစီ ကို မုန်းတီးသည်။ ထိုစနစ် ဖြင့် ချမ်းသာကြွယ်ဝလာလေလေ ပြည်တွင်းတွင် ၎င်း၏ မအောင်မြင်မှုများ၊ ဖိနှိပ်မှု များ မြင်လာလေလေ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထိုနိုင်ငံများက စီးပွားရေး အရ ရုရှားထက် အများကြီး သာလွန်နေသည်။ ရုရှားသည် အီတလီထက် လူဦးရေ အားဖြင့် နှစ်ဆ ရှိသော်လည်း GDP တွင် နိမ့်ကျလျက် ရှိသည်။

 

ထို့အတွက် အနောက်နိုင်ငံများ မညီမညွတ် သဘောကွဲလွဲလာလေလေ၊ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာလေ ၎င်း၏ အာဏာ တောင့်တင်းလာလေလေ ပင် ဖြစ်သည်။ အလယ်ဝါဒ ကျင့်သုံးနေသော အစိုးရများအား လူထုက အယုံအကြည်မဲ့အောင် လုပ်နိုင်မည် ဆိုက ပေါ်ပြူလစ် အမျိုးသားရေး ဝါဒီများ ထွက်ပေါ်လာမည် ဖြစ်သည်။

 

အနောက်အုပ်စု အနေဖြင့် ရုရှား၏ လုပ်ရပ်များကို အသေးအမွှားဟု လျစ်လျု ရှုထား၍ မရတော့၊ လူထု အားလည်း ၎င်းတို့အား ရုရှားတို့ ပစ်မှတ်ထား၍ ဝါဒ ဖြန့်နေသည်ကို သိအောင် ပညာပေးရဖို့သာ ရှိသည်။

 

ရုရှားတို့၏ ဖျက်လိုဖျက်ဆီး လုပ်သမျှ ကို အလျင်အမြန် ပြန်လည် ပြင်ဆင်နိုင်အောင် အဆင်သင့် လုပ်ထားရပေမည်။ ရုရှားတို့ ထောင် နှင့် သောင်းနှင့်ချီ ထုတ်လုပ်နေသော ဒရုန်းများကို ပစ်ချ နိုင်ရန် မိမိဖက်မှလည်း အကုန်အကျ သက်သာမည့် ကြားဖြတ် တိုက်လေယာဉ် များ ထုတ်လုပ်ရမည်။

 

ထရမ့်သည် နေတိုး အဖွဲ့တွင် မရေရာသော အဖွဲ့ဝင် ဖြစ်လာသည်၊ ယခု နှစ်တွင် နေတိုးအား ထောက်ခံသွားမည်ဟု ပြောခဲ့သော်လည်း ယမန်နှစ်ကမူ ကိုယ့် နိုင်ငံ ကိုယ် ကာကွယ်ရန် လုံလောက်အောင် မသုံးသည့် နိုင်ငံများကို ရုရှားအား လုပ်ချင်တာ လုပ်ဟု တိုက်တွန်းသွားမည်ဟု ပြောခဲ့ဖူးသည်။ ထိုစကားများက ရုရှားအား သွေးတိုးစမ်းလာအောင် ဖိတ်ခေါ် နေသလို ဖြစ်လာသည်။

 

ပူတင်သည် ထရမ့်စကားများကို နားစွင့်နေသူ ဖြစ်သည်။

 

(၂၀၂၅ အောက်တိုဘာ ၂ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်း တွင် ပါရှိလာသော "Vladimir Putin is testing the West—and its unity" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)