မြန်မာ လူငယ် မျိုးဆက်သစ်များ အထူးသဖြင့် အမျိုးသမီးငယ် များ သည် ပျက်ပြားသွားရသော ပညာရေး၊ အလုပ်အကိုင် အခွင့်အလန်း များ ရှားပါးလာမှု၊ မရေရာ မသေချာသော အသက်မွေး မှု အလုပ်များ ကြောင့် ဘေးသို့ ရောက်နေကြရပြီဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP မှ "Generation on Hold" ခေါင်းစဉ် ဖြင့် ၂၀၂၄ ရှာဖွေ တွေ့ရှိချက်များ အပေါ် အခြေခံပြီး အစီရင်ခံစာ ထုတ်ပြန်လာခဲ့သည်။
အရှိန်နှင့် ပြေးနေသော မြင်းအား ဇက်ကြိုး ဆောင့်ဆွဲ ခံလိုက်ရ၍ တုန့်ကနဲ ဖြစ်သွားမှု မျိုး ခေါင်းစဉ် ပေးထားခြင်းလည်း ဖြစ်သည်။
နိုင်ငံ လူဦးရေ၏ သုံးပုံတပုံခန့်ရှိသော လူငယ်များသည် မရေမရာ နိုင်လှသော ပညာရေး မျိုး ဖြင့် ခရီး ဆက်နေကြရသည်။ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျုံ့ဝင်လာနေမှု၊ လူမှုရေး အနေအထားများ ပျက်ပြားလာမှု များကြောင့် ပညာသင်ကြားမှု နှင့် ဝင်ငွေရရာ ရကြောင်း လမ်းများ တိုက်စားခံနေရသည်။ မြန်မာ လူငယ်များ အဖို့ တုန့်ဆိုင်း ခံနေရပြီး ၎င်းတို့ ရှိ အရည်အချင်းများကို အသုံးချခွင့် မရ ဖြစ်လာသည်။
ဘွဲ့ရ ပညာတတ် လူငယ်များပင် အလုပ်တခု ရဖို့ ခက်ခက်ခဲခဲ ရှာဖွေနေကြရသည်၊ အမျိုးသမီးငယ်များ အဖို့က ၎င်းတို့ ၏ ပညာအရည်အချင်း နှင့် ရနိုင်သည့် အလုပ်အကိုင်များ အကြား ကွာဟမှု က ကြီးထွားလာနေသည်။
ကျေးလက်နေ လူငယ်များ အဖို့ မြိုနေ လူငယ်များ နှင့် နှိုင်းစာလျင် အလုပ်အကိုင် ကောင်းများ ရရှိဖို့ အခွင့်အလန်း နည်းပါးနေသည်။
ပညာရေးမှသည် အလုပ်အကိုင် ရရှိရေး လမ်းကြောင်းများ ရပ်တန့်နေရခြင်းသည် စီးပွားရေး အခက်အခဲ သာ မဟုတ်တော့ဘဲ မျိုးဆက်တခုလုံး အတွက် သတိပေး ခေါင်းလောင်းသံ ကြီး ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်ဟု UNDP ၏ အာရှ-ပစိဖိတ် ဆိုင်ရာ ဒါရိုက်တာ ကန်နီ ဝစ်ခ်နာရာဂျာ က ဆိုသည်။
ပျက်ပြားနေသော ပညာရေး၊ အလုပ်အကိုင် ကောင်းများ ကွယ်ပျောက်နေမှု၊ နေထိုင်ရသည့် ဘဝ မလုံမခြုံ မှုများ တိုး၍ တွေ့ကြုံလာနေရမှုများကြောင့် သန်းပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးငယ်များ၏ ရည်မှန်းချက် နှင့် တိုးတက်ရာ လမ်းကြောင်းများ ပြိုလဲသွားခဲ့ရသည်ဟုလည်း ပြောခဲ့သည်။
UNDP ၏ စစ်တမ်းများအရ လူငယ် လေးဦးလျင် တဦးနှုန်း စုစုပေါင်း လေးသန်းခန့်သည် အလုပ်လက်မဲ့ ဖြစ်နေကြသည်။ အလုပ်ရှိနေသူများသည် လယ်ယာလုပ်ငန်း နှင့် ကျပန်း အလုပ်များ လုပ်ကိုင်နေကြရသူ များသည်။
အသက် ၁၈-၂၄ ကြား လူငယ် လေးဦး လျင် သုံးဦး စုစုပေါင်း ငါးသန်းခန့်သည် ပညာရေး နှင့် လေ့ကျင့်သင်ကြားမှု နယ်ပယ် ပြင်ပတွင် ရောက်နေကြသည်။
အမျိုးသမီး လေးဦး လျင် တဦးနှုန်းသည် အိမ်မှု ကိစ္စ၊ အိမ်ထောင်တာဝန် များကြောင့် ကျောင်းထွက်ခဲ့ကြရသည်။
လူငယ်လေးဦးလျင် တဦးသည် ပြီးခဲ့သည့် နှစ်နှစ် အတွင်း အလုပ်မှ လူလျော့ခံရခြင်း၊ လုံခြုံမှု မရှိခြင်း၊ မိသားစု တာဝန်များကြောင့် အခြား ဝင်ငွေရရာ ရကြောင်း ပြောင်းလုပ်ခဲ့ကြရသည်။
လူငယ် ငါးဦးလျင် တဦးခန့် စုစုပေါင်း သုံးသန်းခန့်သည် အလုပ်အကိုင်၊ ပညာရေး၊ လေ့ကျင့်သင်ကြားမှု မရှိသည့် အဖြစ် ရောက်နေသည်။
ထိုသို့ စိန်ခေါ်မှု များ ရှိနေသည့် ကြားမှပင် မြန်မာလူငယ်များ၏ ခံနိုင်ရည် ရှိမှု နှင့် ရည်မှန်းချက်များကို အစီရင်ခံစာက မီးမောင်းထိုးပြခဲ့သည်။
လူငယ် ထက်ဝက်နီးပါးသည် နည်းပညာ နှင့် သက်ဆိုင် သော ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်း (TVET) ကို အဓိက ဦးစားပေး အဖြစ် သတ်မှတ်ထားကြပြီး၊ အများစုမှာ လိုအပ်ချက်ကြောင့် အသေးစား စွန့်ဦးတီထွင်လုပ်ငန်းများ တွင် ပါဝင်လုပ်ကိုင်နေကြသည်ဟု ပါရှိသည်။
မြန်မာ လူငယ်များ အတွက် ရင်းနှီးမြုပ်နှံပေးခြင်းသည် နိုင်ငံ အနာဂတ် ပြန်လည် ရှင်သန်လာရေး အတွက် လွန်စွာ အရေးပါနေကြောင်းနှင့် မျိုးဆက်တခုလုံး၏ အနာဂတ် စွမ်းဆောင်ရည်များ နှင့် အိမ်မက်များ ဆုံးရှုံးသွားနိုင်မည့် အရေး သည် အလုပ်အကိုင် နှင့် ပညာရေး တို့ထက် ပို၍ အခရာ ကျနေပြီ ဖြစ်သည်ဟု ဝစ်ခ်နာရာဂျာက ပြောပြခဲ့သည်။
ယနေ့ မြန်မာနောင်း သတင်းအရ ဒေါ်နယ် ထရမ့် တိုး၍ စည်းကြပ်လိုက်သော ကုန်သွယ်ခွန် ၄၀ ရာနှုန်းကြောင့် လှိုင်သာယာ နှင့် ရွှေပြည်သာ စက်မှု ဇုံ တွင် အနည်းဆုံး အထည်အလိပ် လုပ်ငန်းစက်ရုံ လေးရုံခန့် ပိတ်လိုက်ရ၍ အမျိုးသမီးများ၏ အလုပ်အကိုင်များ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်ဟု အထွေထွေ အလုပ်သမား ဖက်ဒရေးရှင်းက သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။
အထည် အလိပ် စက်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမား ပေါင်း ခုနှစ်သိန်းခန့် ရှိပြီး ထိုအရည်အတွက်၏ လေးဆ သည် ၎င်းတို့အပေါ် မှီခိုနေကြရသူ များ ဖြစ်သည်။
အစစ အရာရာ ရှေ့ကို တိုးတက်နေ သော ခေတ်ကြီး တွင် သားမြေး တို့သည် ၎င်းတို့၏ ဘိုးဘွား မိဘများထက် တိုးတက်ဖို့သာ ရှိရစမြဲ ဟု ဆိုရိုး ရှိသော်လည်း ယခု ကြုံတွေ့နေကြရသည့် အဖြစ်က တိုးတက်ဖို့ အသာထားဘိဦး ဘိုးဘွားများ လက်ထက် က လောက်ပင် ဝဝ လင်လင် မစားသုံး ရရှာသည့် အဖြစ် အဘယ်ကြောင့် ရောက်နေကြရ ပေ သနည်း။ တော်လွန်း တတ်လွန်းလှသော စစ်ဗိုလ်ချုပ်များ၏ အစွမ်းကြောင့် နောက်ပြန်ရောက်နေကြရရှာပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!