ချေ ၏ ပြောက်ကျားစစ် လက်စွဲ(9)

by Hla Soewai - Oct 13 2025

ပြောက်ကျား ဗျုဟာ တွင် အခြေခံကျသော အစိတ်အပိုင်း တခုသည်ကား မိမိတို့ လှုပ်ရှားရာ ဒေသတွင်း ရှိ လူထု ကို ဆက်ဆံမှု ပင် ဖြစ်သည်။ ရန်သူ ကို ဆက်ဆံမှု သည်လည်း အလားတူပင် အရေးပါသည်။

 

တိုက်ခိုက်နေချိန်တွင် မည်သို့မျှ အလျော့မပေးဘဲ တင်းတင်းမာမာ ရပ်တည်ရမည်၊ သတင်းပေးသမား တွေ၊ လုပ်ကြံဖို့ ကြံစည်သူတွေကို လုံးဝ ခွင့်လွှတ်ပေး၍ မရ၊ သို့သော်လည်း စစ်မှုထမ်းတို့၏ ဝတ္တရားအရ စစ်တိုက်နေရသည့် ရန်သူ စစ်သားများ အပေါ်တော့ အတတ်နိုင်ဆုံး သနားကြင်နာရမည်။

 

သို့‌သော် မိမိတို့တွင် အရေးပါသော အခြေစိုက်စစ်စခန်း များ မရှိ၊ ရန်သူ တိုက်ခိုက်၍ မရနိုင်သည့် အနေအထားမျိုး မရှိလျင် မည်သူကိုမျှ စစ်သုံ့ပန်း အဖြစ် ခေါ်ယူ မသွားခြင်းသည်လည်း ပိုပြီး အကျိုးရှိမည် ဖြစ်သည်။ အသက်မသေပဲ ကျန်ရစ်သည့် ရန်သူ ကို လွှတ်ပေးရမည်။ ဒဏ်ရာရသူ များ ကို ရနိုင် သမျှ ဆေးဝါး များ နှင့် ကုသပေးရမည်။

 

ဒေသခံများ အားလည်း ၎င်းတို့၏ ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့များကို အလေးအနက် ထားပြီး လေးစားသမှု နှင့် ဆက်‌ဆံရမည်။ သို့မှသာ လူထု ကို နှိပ်စက် ကလူ ပြုကာ ဒုက္ခပေးနေသည့် ရန်သူ စစ်သားများထက် မိမိတို့က ကိုယ်ကျင့်တရား သာလွန်ကြောင်း ထိရောက်စွာ ပြသနိုင်မည် ဖြစ်သည်။

 

အခန်း (၄)

 

အခွင့်သာမည့် မြေ အနေအထား တွင် စစ်ခင်းခြင်း

 

ဖေါ်ပြခဲ့ပြီး ဖြစ်သည့် အတိုင်း ပြောက်ကျား နည်းဗျူဟာ များကို အသုံးချ ရာတွင် မြေအနေအထားသည် အမြဲလို ကိုယ့်ဖက် အလေးသာ နေမည် မဟုတ်၊ ထိုသို့ ဖြစ်လာသည့် အခါ ဥပမာ ပြောက်ကျားတပ်ဖွဲ့သည် ထူထပ်သော သစ်တောများ၊ မတ်စောက်သော တောင်များ၊ သွားလာမရနိုင်သော သဲကန္တာရများ သို့မဟုတ် ရွံ့နွံများကြောင့် ရောက်ရှိရန် ခက်ခဲသော နယ်မြေများ နှင့် ကြုံလာရသည့်အခါ၊ ပြောက်ကျားစစ်ပွဲ၏ အခြေခံမူများပေါ်တွင် အခြေခံထားသော အထွေထွေနည်းဗျူဟာသည် အမြဲတမ်း တစ်ထပ်တည်း ဖြစ်နေရမည်။

 

ထည့်သွင်းစဉ်းစားရမည့် အရေးပါသော အချက်သည်ကား ရန်သူ အား တိုက်ခိုက်ရမည့် နည်းလမ်း ဖြစ်သည်။ မိမိတို့ တည်ရှိနေသည့် ဒေသသည် တောတောင် ထူထပ်လွန်းပါက ရန်သူ တပ်များ ရောက်လာဖို့ ခက်ခဲ၍ ၎င်းတို့ အလွယ်တကူ ရောက်နိုင်သော နေရာမျိုး၊ ထိတွေ့ မှု ဖြစ်နိုင်သည့် နေရာမျိုးသို့ ချီတက်ရတော့မည် ဖြစ်သည်။

 

ပြောက်ကျား အဖွဲ့သည် အကျအဆုံး မရှိနိုင်ဟု သေချာသည်နှင့် ချက်ခြင်းလို စတင် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ တိုက်ခိုက် နိုင်ဖို့ ခိုအောင်းနေသည့် နေရာမှ ထွက်ခွာရမည်၊ သို့သော် မြေပြင် အနေအထားက မျက်နှာသာ မပေးသည့် အတွက် အလွန် အမင်း မြန်မြန်ဆန်ဆန် နှင့် ရွေ့ရှားနေဖို့ တော့ မလိုအပ်၊ 

 

ရန်သူ၏ အနေအထား နှင့် ကိုက်ညီအောင် ထိန်းညှိနိုင်ရမည်၊ ရန်သူ တပ်များ မိနစ် အနည်းငယ် အတွင်း အင်နှင့် အား နှင့် စုစည်း နိုင်မည့် ဒေသမျိုး တွင် အလျင်အမြန် ရွေ့လျားဖို့ မလိုသေး၊ 

 

ယခုလို ပြောက်ကျားစစ် တွင် ညအချိန်သည် အမြဲလို အရေးပါ မနေတတ်၊ နေ့အချိန်တွင်လည်း ရန်သူ၏ မြေပြင် နှင့် ဝေဟင်မှ ကင်းထောက်နိုင်မှု ရှိမရှိ အပေါ် မူတည်ပြီး နေ့ဖက်တွင် မိမိတပ်ကို စုစည်းပြီး စစ်ဆင်နိုင်သည်။

 

အထူးသဖြင့် တောင်တန်းဒေသများတွင် စစ်ရေးလှုပ်ရှားမှုများကို ပိုမိုကြာမြင့်စွာ ဆင်နွှဲနိုင်ရန်လည်း ဖြစ်နိုင်သည်။ မိမိဖက်က အင်အား အနည်းငယ် ဖြင့်ပင် တိုက်ပွဲများကို ကြာကြာ ဆင်နွှဲနိုင်ပြီး၊ ရန်သူ့ စစ်ကူ များ စစ်မြေပြင်သို့ ရောက်ရှိလာခြင်းကို တားဆီးနိုင်ခြေလည်း အလွန်မြင့်မားသည်။

 

အဝင်အထွက် လုပ်နိုင်သည့် နေရာများကို မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်ခြင်းသည်လည်း ပြောက်ကျား များ မမေ့မလျော့ လိုက်နာဖို့ လိုသည်မှာ အထူး ပြော‌နေစရာ မလိုပေ။ ရန်သူသည် စစ်ကူ ‌ရောက်လာဖို့ အခက်အခဲ များ နှင့် ရင်ဆိုင်လာရသည့် အခါ မရမက ဖေါက်ထွက်ရန် အပြင်းအထန် ကြိုးစားလာနိုင်သည်။ ထိုအခါ မိမိတို့ အနားသို့ ရောက်လာပြီး အနီးကပ် ထိတ်တိုက် ရင်ဆိုင်လာနိုင်သည်။ ရေရှည် တွင်မူ လက်နက်ခဲယမ်း အလုံအလောက် ရှိမရှိ အပါအဝင် အကြောင်းအမျိုးမျိုးက အဆုံးအဖြတ် ပေးလာမည်သာ ဖြစ်သည်။

 

မိမိတို့ အသာရ နိုင်သည့် တောင်များ ရှိရာ အပိုင်း တွင် တိုက်ခိုက်ခြင်းသည် အခွင့်အရေး များစွာ ရနိုင်သော်လည်း ရန်သူဖက်ကလည်း မြေအနေအထားကို ကြည့်၍ သတိကြီးစွာ ထား လှုပ်ရှားလာနိုင်သည် ဖြစ်၍ တချက်တည်း နှင့် ၎င်းတို့ထံမှ လက်နက်ခဲယမ်းများ အမြောက်အမြား ရရှိ နိုင်ဖို့ အရေး တွင် အခက်အခဲများ ရှိလာနိုင်သည်။ (ပြောက်ကျား စစ်သား တဦး အနေနှင့် မမေ့မလျော့ နှလုံးသွင်းထားရမည်က ရန်သူ သည် မိမိတို့အား လက်နက်ခဲယမ်း များ လှုဒန်းမည့် အရင်းအမြစ် ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်သည်။)

 

ပြောက်ကျား တပ်သည် မိမိတို့ အသာစီး မရနိုင်သည့် မြေပြင် အနေအထား တွင် ပို၍ လျှင်မြန်စွာ အထိုင် ချ နိုင်စွမ်း ရှိရပေမည်။ ဆိုလိုသည်က အခြေစိုက် စခန်း တခု ဖွဲ့စည်းရန် ဖြစ်သည်။ လေယာဉ် များ၊ လက်နက်ကြီးများ၏ ရန်မှ လုံလောက်စွာ အကာအကွယ် ပေးထားနိုင်မည့် နေရာ မျိုး လည်း ဖြစ်ရမည်။ ထိုစခန်းတွင် လိုအပ်သည့် ပစ္စည်းများ ထုတ်လုပ်နိုင်မည့် စက်မှု လုပ်ငန်းငယ်များ၊ ဆေးရုံ၊ ပညာရေး နှင့် လေ့ကျင့်ရေး စင်တာ များ၊ သိုလှောင်ရုံများ၊ ဝါဒ ဖြန့်ချီရေး အဖွဲ့များ ရှိနေရမည်။

 

ထိုသို့ တည်ဆောက်ပြီးသည်နှင့် ပြောက်ကျား အဖွဲ့သည် လက်နက်ကိုင် မဟုတ်သူများ အပါအဝင်လူအင်အားကို တိုးချဲ့ နိုင်ပြီ ဖြစ်သည်။ နောက်ဆုံး မိမိတို့ လက်ဝယ်သို့ မလွဲမသွေ ရောက်လာမည့် လက်နက်များ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြား ‌ပေးနိုင်မည့် စနစ် တခု ရှိနေရမည် ဖြစ်သည်။