သို့သော် ဂါဇာ မှ အစ္စရေး တို့ အချို့တဝက် ရုပ်သိမ်းသွားမည့် အရေးကို လက်ခံ မခံကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အီဂျစ် အစိုးရသည် ရှာမ် အယ်လ် ရှိတ်ခ် မြို့အား "ငြိမ်းချမ်းရေး မြို့တော်" အဖြစ် တင်စား ခေါ်ဝေါ်ရခြင်းကို နှစ်သက်ကြသည်။ မကြာခဏ ဆိုသလို အဆိုပါ အပန်းဖြေ မြို့တွင် သံတမန် ဆိုင်ရာ အစည်းအဝေး များ ပြုလုပ်လေ့ ရှိသည့် အတွက်ကြောင့် ဖြစ်သည်။
၎င်းတို့ ခေါ်လိုသည့် အမည်နှင့် ယခု အချိန်အထိတော့ ထိုက်တန်ခြင်း မရှိသေးပေ။ ၁၉၉၉ တွင် အစ္စရေး နှင့် ပါလက်စတိုင်းတို့ အဆိုပါ မြို့တွင် သဘောတူ လက်မှတ်ရေးထိုး ခဲ့မှု သည် မည်သည့် အခါမျှ အကောင်အထည် ဖေါ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ နောက် တနှစ် တွင် ခေါ်ယူခဲ့သော အရေးပေါ် ထိပ်သီး အစည်း အဝေးသည်လည်း အင်တီဖာဒါ ခေါ် ဒုတိယ အကြိမ် ပါလက်စတိုင်း တို့ အုံကြွမှု ကို အဆုံးသတ် မပေးနိုင်ခဲ့။
ယခု အချိန်တွင်တော့ တမျိုး ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ အစ္စရေး နှင့် ဟားမားစ် ဖက်မှ အောက်တိုဘာ ၆ စေ့ဆပ်ဆွေးနွေးသူများသည် ဂါဇာ စစ်ပွဲ အဆုံးသတ်ရေး ဒေါ်နယ် ထရမ့်၏ အစီအမံကို ဆွေးနွေးရန် ရှာမ် အယ်လ် ရှိတ်ခ် မြို့သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
နှစ်နှစ်ခန့် ဂါဇာ လူထု ၆၇,၀၀၀ ခန့် သေဆုံးသည် အထိ မြို့ ပျက်လု နီးနီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပြီး အစာရေစာ ငတ်မွတ် ခေါင်းပါးလုမတတ် ဖြစ်လာပြီး နောက်တွင်မူ အားလုံးက ဆွေးနွေးပွဲ အောင်မြင်သည်ကို မြင်လို နေကြသည်။
ထရမ့်သည် ၎င်း၏ အရှေ့အလယ်ပိုင်း အထူး သံတမန် စတိဖ် ဝစ်ကော့ နှင့် သားမက် ဖြစ်သူ ဂျဲရစ် ကွတ်ရှနာ အား အစ္စရေး အား ဖိအားပေးရန် ထပ်မံစေလွှတ်ခဲ့ပြန်သည်။ အီဂျစ်၊ ကာတာ နှင့် တူရကီ တို့မှ ထောက်လှန်းရေး အကြီးအကဲများလည်း ဟားမားစ် ကို ဖိအားပေးရန် ရောက်ရှိလာကြသည်။ ထရမ့်က အကောင်းဖက်က ရှုမြင်နေသည်ဟု ပြောခဲ့သည်။ အာရပ် အဖွဲ့ချုပ် ဒုတိယ အကြီးအကဲ ဟိုဆန် ဇာကီက သဘောတူညီချက် ရဖို့ အခွင့်အလန်းသည် ငါးဆယ် ရာနှုန်း အထက်တွင် ရှိနေသည်ဟု ပြောခဲ့သည်။
ယခုအချိန်ထိတော့ သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ ၎င်းတို့ နှစ်ရက်ကြာ ဆွေးနွေးခဲ့မှု များကို "လုပ်ငန်းသဘော ဆွေးနွေးပွဲ" အဖြစ် အမည်တပ်ခဲ့ကြသည်။ အဓိက သဘောကွဲလွဲစရာ ဖြစ်လာနေသည်က အစ္စရေး တို့ မည်မျှ အတိုင်းအတာ အထိ ဂါဇာမှ ရုပ်သိမ်းသွားမည် ဆိုသည်ပင် ဖြစ်သည်။
သံတမန် များက အောက်တိုဘာ ၈ ရက်တွင် ဝစ်ကော့ နှင့် ကာတာ ဝန်ကြီးချုပ် တို့ ရောက်လာကြသည့် အတွက် နှစ်ဖက်စလုံးကို ဖိအားပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ သဘောတူညီချက် တစုံတရာ ထွက်မလာပါက ထရမ့်မှ လာမည့် ရက်များ အတွင်း နောက်ဆုံး ကမ်းလှမ်းချက် တင်ပြလာဖွယ် ရှိနေသည်။ ထိုကမ်းလှမ်းချက် အပေါ် နောက်ထပ် ဆွေးနွေးကြဖို့ မရှိဘဲ အစ္စရေး နှင့် ဟားမားစ် တို့ လက်ခံမည်၊ လက်မခံဆိုသည်ကို အဖြေ ပေးရဖို့သာ ရှိတော့သည်။
ယခု ရက်ပိုင်း အတွင်း ရှေ့မတိုး နောက်မဆုတ် ဖြစ်နေမှု သည် စိတ်ဓါတ်ကျစရာ ကောင်းသော်လည်း ထိုသို့ ဖြစ်နိုင်သည်ဟု ခန့်မှန်းထားမှုများလည်း ရှိနေသည်။ ထရမ့်၏ အစီအစဉ် တွင် နှစ်ပိုင်း ရှိနေသည်။ ပထမ အပိုင်း သဘောတူညီချက် ရပြီး ရက်ပိုင်း အတွင်း အကောင်အထည် ဖေါ်ရမည် ဖြစ်သည်၊ တိုက်ခိုက်နေမှု များ ရပ်ဆိုင်းရမည်။
ဟားမားစ် သည် ဖမ်းဆီးထားဆဲ ဖြစ် သော အစ္စရေး ဓါးစားခံ ၄၈ ဦးကို ပြန်လွှတ်ပေးရမည်၊ ထိုအထဲမှ အယောက် နှစ်ဆယ်ခန့် အသက်ရှင်နေဦးမည်ဟု ယူဆရသည်၊ အပြန်အလှန် အနေဖြင့် အစ္စရေးဖက်မှ ၎င်းတို့ ထောင်များထဲရှိ ပါလက်စတိုင်း အကျဉ်းသား ၁,၉၅၀ ဦး ကို ပြန်လွှတ်ပေးရမည်။ အစ္စရေး တို့မှ တဟုန်ထိုး ဝင်ရောက်လာမည့် နိုင်ငံတကာ အကူအညီ များ ကို ခွင့်ပြုရမည်။ အောက်တိုဘာ ၄ ရက် နေ့က ထရမ့် ချပြသော မြေပုံ ရှိ ဂါဇာ မြိုများမှ တပ်များ ရုပ်သိမ်းပေးရမည်၊ သို့သော် နယ်မြေ တဝက်ခန့် တွင် ဆက်လက် တပ်စွဲထားမည် ဖြစ်သည်။
ဒုတိယ ပိုင်းက အနာဂတ်နှင့် ဆိုင်နေသည်။ ဟားမားစ်မှ လက်နက် စွန့်လွှတ်ရန်၊ ဂါဇာ အုပ်ချုပ်ရန် ကြားကာလ အာဏာပိုင် ဖွဲ့စည်းရန်၊ လုံခြုံရေး အတွက် နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့မှ တာဝန်ယူရန် တို့ဖြစ်သည်၊ အစ္စရေးသည်လည်း တဖြေးဖြေး နှင့် ဂါဇာ အဖျားအနားတွင် ရှိနေမည့် ကြားခံဇုံသို့ ဆုတ်ပေးရန် တို့ဖြစ်သည်။ အဆိုပါ အချက်များ အဆင်ပြေ ချော မွေ့သွားမည် ဆိုက နှစ်ဖက် မှ ပါလက်စတိုင်း နှင့် အစ္စရေး နှစ်နိုင်ငံ ပေါ်ထွက်လာရေး အတွက် ဆွေးနွေးပွဲများ ပြန်လည် စတင်ရန်တို့ ဖြစ်သည်။
စေ့စပ်ဆွေးနွေးသူများက ပထမပိုင်းကိုသာ အဓိက ထား ဆွေးနွေးနေကြပြီး မရှင်းမလင်း ဖြစ်နေသော ဒုတိယ ပိုင်းကို ချန်လှပ်ထားခဲ့ကြသည်။ သို့သော် အလွယ် တကူ နှစ်ပိုင်းဟု သတ်မှတ်၍တော့ ရမည် မဟုတ်၊ ဟားမားစ် တာဝန် ရှိသူ အချို့က နောက်ဆုံးဓါးစာခံ လွှတ်ပေးလိုက်ချိန်တွင် အစ္စရေး တို့ ဂါဇာ မှ အပြီး ဆုတ်ခွာပြီး ဖြစ်ရမည်ဟု လူသိရှင်ကြား ပြောဆိုနေကြသည်။ ထိုအပြောများက ထရမ့်၏ အစီအမံကို မှောက်လှန်ပစ်လိုက်ခြင်းလည်း ဖြစ်သည်။ အစ္စရေး အတွက်လည်း ဘယ်ကစရမှန်း မသိ ဖြစ်သွား နိုင်သည်။
သို့သော် ဆွေးနွေးပွဲတွင် ပါဝင်သူ အချို့၏ အတွင်းစကား များ အရမူ ဟားမားစ်ဖက်က ထို အတိုင်း အပြည့်အဝမဟုတ်သည့်တိုင် လျှော့ချ ပေး သည် ကို လက်ခံကောင်း လက်ခံလိမ့်မည်ဟု သိရသည်။ ၎င်းတို့ဖက်က အစ္စရေး တပ်များ ဂါဇာ မှ နောက်ဆုံးတွင် ရုတ်သိမ်းသွားသည်ကို အခိုင်အမာ အာမခံ ပေးရေး ကို လိုလားနေသည်။
အာရပ် နိုင်ငံများက ဟားမားစ်တို့အား လက်ခံရန်မှ အပ အခြား ရွေးစရာ လမ်းမရှိဟု ပြောလာကြသည်။ သို့မဟုတ်က ကာတာ မှ ၎င်းတို့အား ဆက်၍ လက်မခံတော့ဟု ဆိုသည်၊ အခြား လက်ခံမည့် နိုင်ငံလည်း ယခုထိ ထွက်မလာသေးပေ။ ဂါဇာ ကို ပြန်လည် တည်ဆောက်ရေး အတွက် ဒေါ်လာ ၅၃ ဘီယံ ကုန်ကျမည်ဟု ကမ္ဘာဘဏ်က ခန့်မှန်းထားသည့် အတွက် ချမ်းသာသော ပင်လယ်ကွေ့ နိုင်ငံများက ၎င်းတို့ အား လာပတ်သက်တော့မည့် အရေးကို တွေးပြီး ပူပန်နေကြဟန် ရှိသည်။ ၎င်းတို့ အကုန်အကျခံ တည်ဆောက်ပေးပြီးမှ စစ်ပွဲထပ်ဖြစ်လာနိုင်သည်ဟု တွေးပြီး စိတ်ပါလက်ပါ ရှိကြပုံမရ ဖြစ်နေသည်။
ဟားမားစ် က ၎င်းတို့ လက်နက်များကို အနာဂတ် ပါလက်စတိုင်း နိုင်ငံ ပေါ်ပေါက်လာမှ စွန့်လွှတ်မည်ဟု ပြောနေကြသလို အစ္စရေး ဝန်ကြီးချုပ် နာသန်ယာအူး နှင့် ၎င်းကို ဆက်ခံဖို့ အလားအလာ ရှိနေသည့် လူများက ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ဟု ပြောနေကြသည်။
စေ့ဆပ်ဆွေးနွေးနေသူများက နှစ်နှစ် စစ်ပွဲပြီး ရက်အနည်းငယ်ကိုသာ အာရုံစိုက်နေကြသော်လည်း နှစ်ပေါင်း ၈၀ ကြာ ဖြစ်ပွားနေသော ပါလက်စတိုင်း ပဋိပက္ခ တွင် အရာအားလုံးသည် ဆက်စပ်လျက် ရှိနေပေသည်။
(၂၀၂၅ အောက်တိုဘာ ၈ ရက် နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "Hamas says there is “a spirit of optimism” over peace talks" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)