မာဒါဂါစကား တွင် ဂျင်ဇီး တော်လှန်ရေး လော၊ စစ်အာဏာသိမ်း မှု လော

by Hla Soewai - Oct 20 2025

အောက်တိုဘာ ၁၂ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သည့် ဗိုလ်မှုးကြီး မိုက်ကယ် ရန်ဒရီယာနီရီ ကတော့ အာဏာသိမ်းခြင်း မဟုတ်ဟု ပြောဆိုခဲ့သည်။ ၎င်းသည် CAPSAT ခေါ် အထူး တပ်ဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။ အောက်တိုဘာ ၁၄ ရက်နေ့တွင် တော့ ရန်ဒရီယာနီရီသည် "မာလာဂါစီ ပြည်သူ များ အဆက်မပြတ် တောင်းဆိုလာမှု များကို ဖြေရှင်းရန်" ဆိုကာ ၎င်းကိုယ်၎င်း ကြားကာလ သမ္မတ အဖြစ် ခန့်အပ်လိုက်သည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်းက မြိုတော် အန်တာနာနာရီဗူ ရှိ လမ်းများပေါ် တွင် ဆန္ဒပြသူများ နှင့် ပြည့်နှက်လာပြီး ထိုစဉ်က သမ္မတ ဖြစ်သူ အန်ဒရီ ရာဂျိူလီနာ ၏ အုပ်ချုပ်မှု ကို ကန့်ကွက်လာကြသည်၊ ရာဂျိုလီနာ သည်လည်း ပြင်သစ် ပိုင် စစ်လေယာဉ် ဖြင့် ထွက်ပြေးသွားခဲ့ရသည်။ ယခု အခါ ဒူဘိုင်း တွင် ရောက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး အာဏာ ပြန်ရအောင် လုပ်မည်ဟု ကတိပေးနေသော်လည်း အောင်မြင်ဖို့ အခွင့်အလန်းက မရှိသလောက်ပင် ဖြစ်သည်။

 

မာဒါဂါစကား တွင် ဖြစ်ပျက်ခဲ့မှု များက ခေတ်ရေစီးကြောင်း နှစ်ခု၏ သာဓက အဖြစ် ထွက်ပေါ်လာခဲ့သည်။ တခုသည်ကား ယခုအခါ တကမ္ဘာလုံး တွင် ဂျင်ဇီးဟု အမည်ပေးထားသည့် ဆန္ဒထုတ်ဖေါ်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။ 

 

ပြီးခဲ့သည့် လအတွင်း နီပေါတွင် ဆန္ဒပြသူများ အသုံးပြုခဲ့သည့် အထိမ်းအမှတ် ပုံများကို မာလာဂါစီ နှင့် အင်ဒိုနီရှား ဆန္ဒပြသူများ က ပုံတူ ကူးယူခဲ့ကြပြီး ၎င်းတို့၏ ဝန်ကြီးချုပ်များအား ရာထူးမှ နှုတ်ထွက်ရန် ဖိအား ပေးနိုင်ခဲ့ကြသည်။ ပြီးခဲ့သည့် နှစ် နှစ် အတွင်း တွင်လည်း ကင်ညာ၊ ပီရူး နှင့် ဘင်္ဂလားဒေ့ရှ်ရှိ လူငယ်များ လမ်းပေါ်ထွက်လာခဲ့ကြသည်။

 

နောက်ထပ် သာဓက တခု ထွက်လာရသည်ကား အာဖရိက တွင် အာဏာသိမ်းမှု များ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ကြခြင်း ဖြစ်သည်။ ၂၀၂၀ ကျော်လွန်ပြီး ချိန်မှစ၍ ရေတွက်မည်ဆိုလျင် မာဒါဂါစကား အာဏာသိမ်းမှု အား အာဖရိက၏ ဆယ်ကြိမ်မြောက် အောင်မြင်စွာ အာဏာသိမ်းမှု အဖြစ် ဆိုရမည် ဖြစ်သည်။ ထိုအရည်အတွက်သည် အာဖရိက တွင် မကြုံဖူးအောင် များပြားလာခြင်းလည်း ဖြစ်သည်။

 

ရာဂျိုလီနာ အစိုးရ၏ အားနည်းချက်များကို ကြွေးကြော်သံများ ဟစ်ကြွေး၍ ထုတ်ဖေါ်ခဲ့ကြသည် မှာ လူငယ်များ ဖြစ်သော်လည်း တကယ်တမ်း ပြိုလဲအောင် လုပ်နိုင်ခဲ့သူများက လက်ထဲတွင် သေနတ် ကိုင်ထားကြသူ များပင် ဖြစ်သည်။ ထိုအတွက် မေးစရာ ရှိလာသည်က အခြား အာဏာသိမ်းမှု များလို မဟုတ်ဘဲ စစ်တပ်သည် အာဏာ ကို စွန့်လွှတ်မည်လား ဆိုသည်ပင် ဖြစ်သည်။

 

ယခုအချိန် အထိတော့ မာလာဂါစီ ပြည်သူများက ရန်ဒရီယာနီရီ အား သံသယ အကျိုး ခံစားခွင့် ပေးထားသည်။ နှစ်ဆယ့်တစ်ရာစု နှစ် အတွင်း ဖြစ်ပွားနေသော အခြား နိုင်ငံရေး အကျပ်အတည်း များကို ထောက်ပြပြီး စစ်တပ်သည် အုပ်ချုပ်ရေး ကို အရပ်သားများ လက် ပြန်လည် လွှဲပြောင်းပေးမည်သာ ဖြစ်သည်ဟု ပြောနေကြသည်။ ၂၀၀၂ အတွင်း ရွေးကောက်ပွဲ တွင် မသမာမှု များ ဖြစ်ပွားလာရာ စစ်တပ်သည် အမှန်တကယ် အနိုင်ရသူဖက်မှ ရပ်တည်ပေးခဲ့ဖူးသည်။ ၂၀၀၉ တွင်လည်း ယခုလိုပင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ CAPSAT မှ ပင် အာဏာသိမ်းယူခဲ့ပြီး ရာဂျိုလီနာ ကို လွှဲပြောင်းပေးခဲ့သည်၊ ထိုအချိန်မှစ၍ ရာဂျိုလီနာသည် နိုင်ငံ ကို အချိန် အတော်များ အုပ်ချုပ်လာခဲ့သည်။

 

သို့သော်လည်း ယခင် DJ ဖြစ်သူ ရာဂျိုလီနာ နှင့် ၎င်း၏ ကက်ဘိနက်အား လူထုက ရွံရှာ မုန်းတီးလာခဲ့သည်။ ကျွန်းနေ နိုင်ငံသားများ၏ ၇၀ ရာနှုန်းသည် တနေ့လျင် ၃ ‌ဒေါ်လာမျှသော ဝင်ငွေ ဖြင့် ရပ်တည်နေကြရသည်။ သို့သော်လည်း လက်တဆုပ်စာအခွင့်ထူးခံ လူတန်းစား များက အံ့ဩဖွယ်ကောင်းလောက် အောင် ချမ်းသာကြွယ်ဝနေကြသည်။ 

 

အစိုးရ အဆက်ဆက်သည် နိုင်ငံ နှင့် နိုင်ငံပိုင် သဘာဝ သယံဇာတ များကို ၎င်းတို့ပိုင်ပစ္စည်းများ အဖြစ် ယူဆနေကြသည် ဟု အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ တဦးက ‌ဆိုသည်။

 

ယခုအခါတွင်တော့ အခြေအနေများသည် ရန်ဒရီယာနီရီ အပေါ် မူတည်လာနေပြီ ဖြစ်သည်။ ၎င်းသည် အသက် အားဖြင့် ၅၁ နှစ်သာ ရှိပြီး နိုင်ငံအတွင်း လူသိ နည်းသူ တဦးလည်း ဖြစ်သည်။ ၂၀၀၉ အာဏာသိမ်းမှု တွင် အဓိက နေရာမှ ပါဝင်ခဲ့သူ တဦး မဟုတ်ပေ။ ၂၀၂၃ တွင် ၎င်းအား တပ်တွင်း ပုန်ကန်မှု တွင် ပါဝင်ပတ်သက်သည် ဆိုကာ ဆိုင်းငံ့ အပြစ်ဒဏ် တနှစ် ပေးခဲ့သည်။

 

ရန်ဒရီယာနီရီသည် မိုးခေါင် ရေရှားလွန်း၍ ဆင်းရဲသော တောင်ပိုင်းသား တဦး ဖြစ်သည်။ နိုင်ငံရေး လူမလိုင် အများစုကမူ အလယ်ပိုင်းသားများ ဖြစ်သည်။ ထိုအတွက်ကြောင့် ၎င်းသည် လူ့အောက်သူ့အောက် ကျစွာ နေထိုင်နေရသူများ အား ကိုယ်စားပြုမည့် အပြင်လူ တယောက် အဖြစ် ပုံဖေါ်လာနိုင်သည်။

 

သမ္မတ သစ် အဖြစ် ရာထူး ရယူ ပြီးနောက်တွင် "အာဏာကို ကျွန်တော် မပိုင်၊ ပြည်သူများသာ ပိုင်စိုးသည်" ဟု ပြောလာခဲ့သည်။ ရွေးကောက်ပွဲ ကို လည်း လာမည့် နှစ် နှစ် အတွင်း ပြုလုပ်ပေးမည်ဟု ကတိပေးလာခဲ့သည်။

 

သို့သော်လည်း အာဖရိက တိုက် တကြောတွင် တော့ စစ်တပ်မှ လူများသည် ထိုသို့သော ကတိမျိုး ပေးနေကျ ဖြစ်ပြီး ဖောက်ဖျက်ခဲ့ကြသည်ချည်းသာ ဖြစ်သည်။

 

(၂၀၂၅ အောက်တိုဘာ ၁၅ အီကောနော်မစ် မဂ္ဂဇင်းပါ Gen Z revolution or military coup in Madagascar? ဆောင်းပါးကို ပြန်လည် တင်ပြသည်။)