အိန္ဒိယ သည် မြန်မာ နှင့် နယ်နမိတ် အားဖြင့် ကီလိုမီတာ ၁,၆၀၀ ထိစပ် နေသော်လည်း ယခု အပတ် အတွင်း မြန်မာ နှင့် ပတ်သက်၍ အိန္ဒိယ တွင် လူတိုင်း စိတ်ဝင်စားလာနေသည် က ကိုးကိုးကျွန်း အရေးနှင့် အီလွန် မတ်စ် ၏ စတားလင့် သည် နိုင်ငံတွင်း ရှိ အွန်လိုင်း ငွေလိမ် ဂိုဏ်း များကို ပံ့ပိုးပေးနေသလို ဖြစ်လာ၍ အမေရိကန် အောက်လွှတ်တော်မှ စုံစမ်းစစ်ဆေးနေပြီ ဆိုသော သတင်းများပင် ဖြစ်သည်။
သို့သော် ထိုအထဲတွင်တော့ ဘာသာရေး ပွဲတော်အား ပါရာဂလိုက်ဒါ ဖြင့် တိုက်ခိုက်ခဲ့၍ လူပေါင်း ၂၄ ဦး အထိ သေဆုံးသွားသည် ဆိုသည်က သတင်းဓါတ်ပုံ လောက်သာ ပါရှိလာခဲ့သည်။
ဤသည်ကို ကြည့်မည် ဆိုက လေးနှစ်ကျော် ကြာလာခဲ့ပြီ ဖြစ်သော မြန်မာ ပြည်တွင်းစစ်သည် ယူကရိန်း၊ ဂါဇာ တို့လောက် စိတ်ဝင်စားခြင်း မခံရ ဟု ပြော၍ ရပေသည်၊ ယူကရိန်း နှင့် အရှေ့အလယ်ပိုင်း အရေးသည် ရုတ်ခြည်းဆိုသလို ကမ္ဘာစစ်ကြီး အသွင် ပြောင်းလဲသွားနိုင်ဟု ယူဆထားကြ၍လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်၊ မြန်မာ ပြည်တွင်းစစ်ကတော့ အဓမ္မ နှင့် ဓမ္မ တို့အကြား တွန်းထိုး ရုန်းကန်နေသော အားပြိုင်မှု ဖြစ်၍ ယခုအခါ ကမ္ဘာ နိုင်ငံရေး ဇာတ်ခုံတွင် မည်သူများ အရေးထားပုံ မရှိသလောက် ဖြစ်နေသည့် ကိုယ်ကျင့်တရား နှင့် ဆိုင်နေ၍လည်း ဖြစ်သည်။
စစ်အုပ်စု သည် မည်မျှပင် အရှုံးများ နှင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့ အဖွဲ့အစည်းကိုမူ ကျစ်လစ်စွာ ထိန်းထားနိုင်သည်ဟု အိန္ဒိယရှိ လေ့လာသူ များက လက်ခံထားကြသည်။
စစ်အုပ်စု စီစဉ်ထားသော ရွေးကောက်ပွဲ သည် တိုင်းပြည် နှင့် လူထု အတွက် တစုံတရာ အကျိုး ရှိလာဖို့ မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် စည်းစိမ်ဥစ္စာ ရှာဖွေပြီး သက်တောင့် သက်သာ နေသွား နိုင်ဖို့ ကြံရွယ်မှု မျိုးသာ ဖြစ်သည်ကို အားလုံးလည်း သိထားပြီး ဖြစ်သည်။ မြို့နယ် ပေါင်း ၁၀၂ မြို့နယ် တွင်သာ ပြုလုပ်မည် လည်း ဖြစ်သည်။ ထိုရွေးကောက်ပွဲ သည် King's Party ဖြစ်သော ကြံဖွတ် ပါတီ အပြတ်အသတ် အောင်ပွဲခံရန် အသေအချာ တွက်ချက် စီစဉ်ထားပြီး ဖြစ်သည်။
သို့မှသာ လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့သည့် အာဏာသိမ်းမှု ကို ဖန်တီးခဲ့သည့် မင်းအောင်လှိုင်အဖို့ တာဝန်ခံစရာ မလိုဘဲ အေးချမ်းစွာ အနားယူ ထွက်ခွာ သွား နိုင်မည် ဖြစ်သည်ဟု ယူဆထားကြသည်။
၎င်းထက် ဗိုလ် သင်တန်း အပတ်စဉ် ၁၆ ခု ခန့် ကွာသည့် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း အား ကာချုပ် အဖြစ် လျာထား ထားသည် ဟု ဆိုသည်။ ကျော်စွာလင်းသည် တိုက်ခိုက်ရေး အတွေ့အကြုံ မရှိသော်လည်း ကာကွယ်ရေး ဦးစီးချုပ် ရုံးတွင် အုပ်ချုပ်ရေး တာဝန်ကို ယူထားသူ ဖြစ်သည်။
ဒုကာချုပ်ရာထူး အတွက် အလားအလာ ရှိသူ နှစ်ဦးက အထူးစစ်ဆင်ရေး တာဝန်ယူထားသော ကိုကိုဦး နှင့် လက်ရှိ စစ်ရေးချုပ် သန်းထိုက် တို့ ဖြစ်သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် စစ်ကိုင်း ဒေသကြီး အတွင်း ရက်စက်ယုတ်မာစွာ ပြုကျင့်နေမှု များ အတွက် နိုင်ငံ တကာ၏ စောင့်ကြည့် ခံထားရသူ ဖြစ်သည်။
အနည်းငယ်မျှသာ ကျန်တော့သော တတ်သိပညာရှင်များ ဖက်က အစိုးရသစ် နှင့် ပူးပေါင်းလာမည်လား ဆိုသည်ကို မသဲကွဲသေးပေ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများစုကမူ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဟု ပြောဆိုထားပြီး ဖြစ်သည်။
ထိုအထဲတွင် ရခိုင်ပြည်နယ် ၏ ၈၀ ရာနှုန်းကို ထိန်းချုပ်ထားသည့် အာရက္ခ တပ်တော်၊ ကချင်၊ ချင်း၊ တအာင်း တို့က ထိပ်ဆုံးမှ ပါဝင်နေသည်။ စစ်တပ် နှင့် မဟာမိတ် ပြုထားသော ကရင် လက်နက်ကိုင် အဖွဲ့ သုံးဖွဲ့ ကမူ လုံခြုံရေး ပေးမည်ဟု ဆိုသည်။
လက်ရှိတွင် အိန္ဒိယ အစိုးရက ရွေးကောက်ပွဲ ဖြင့် ပဋိပက္ခ ကို ဖြေရှင်း နိုင်မည့် တစုံတရာ ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။
အိန္ဓိယ ပိုင် အန္ဒမန် ကျွန်း နှင့် ၅၅ ကီလိုမီတာ ဝေးသော ကိုကိုးကျွန်း တွင် တရုတ် ဂျက် တိုက်လေယာဉ် များ အား ဆင်းခွင့်ပေးတော့မည် ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။ ထို့အပြင် အရှေ့မြောက်ဒေသ ရှိ ဗဟို အစိုးရအား တိုက်ခိုက်နေသော အာသံ UFLA နှင့် နာဂ အဖွဲ့များ အတွက်လည်း စိုးရိမ်စရာ ဖြစ်နေသည်။
တဖက်တွင်လည်း အိန္ဒိယ သည် ကချင် ပြည်နယ် အတွင်း ရှိ ရှားပါးမြေသား သတ္ထုများ ကို စိတ်ဝင်စားနေသည်။
အိန္ဒိယ အစိုးရက မြန်မာ နှင့် ပတ်သက်လျင် ၎င်းတို့လုံခြုံရေး ကိုသာ အာရုံထားနေသည်။ ရွေးကောက်ပွဲ အားလည်း မည်မျပင် တဖက် စောင်းနင်း ဖြစ်နေစေကာမူ ဥမင်းလှိုဏ်ခေါင်း အဆုံး တွင် ခပ်ဝါးဝါး မြင်နေရသည့် အလင်းရောင်လေးဟု ထင်မှတ်နေဆဲ ဖြစ်သည်။
DVB တွင် ပြည်ပ ဆောင်းပါးရှင် တဦးက အိန္ဒိယ သည် စစ်အုပ်စု နှင့် လူမြင်ကွင်း တွင် ပလူးပလဲ လုပ်နေသော်လည်း တဖက်တွင် မြေရှား သတ္ထုကို အကြောင်းပြု၍ ကချင် လွတ်လပ်ရေး တပ်တော် နှင့် မှောင်ရိပ်ခို ဆက်ဆံလာသည်၊ ထိုသို့ ရေတိုကိုသာ ကြည့်၍ မီးစတဖက် ရေမှုတ် တဖက် လုပ်လာသည့် အတွက် နှစ်ဖက်စလုံး၏ အယုံအကြည် မဲ့ခြင်း ခံနေရပြီး ပြည်တွင်းစစ်ကို ရေရှည်အောင် လုပ် နေသလို ဖြစ်နေသည် ဟု သုံးသပ်ထားသည်။
ထိုသို့ အိန္ဒိယ ၏ နှစ်ဖက် နင်း အက bipolar dance သည် ထိန်းသိမ်းရန် အလွန် ခက်ခဲပြီး အကျိုးဆက်အနေဖြင့် ကြီးမားသော အန္တရာယ်များရှိနေသည်။
အိန္ဒိယနိုင်ငံ၏ စစ်ကောင်စီနှင့် ဆက်ဆံရေး တိုးမြှင့်လာမှုများသည် ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင်သော အုပ်ချုပ်ရေးစနစ်ကို လက်ခံ အသိအမှတ်ပြုရာ ရောက်ပြီး၊ ထိုလုပ်ရပ်သည် အိန္ဒိယက ၎င်း၏ အကျိုးစီးပွားအတွက် ဒီမိုကရေစီစံနှုန်းများကို လျစ်လျူရှုကြောင်း ဖော်ပြနေသဖြင့် နိုင်ငံတကာတွင် ၎င်း၏ ဂုဏ်သိက္ခာနှင့် သြဇာအာဏာကို ထိခိုက်စေသည်ဟု ဆိုလိုပါသည်။
အိန္ဒိယ အဖို့က မြေရှား သတ္ထု ဈေးကွက် အား တရုတ် တို့ ထင်သလို ချယ်လှယ်နေမှု ကြောင့် နေမထိ ထိုင်မသာ ဖြစ်လာကာ ကေအိုင်အေ နှင့် မဖြစ်မနေ တီးခေါက် ဆက်ဆံလာခြင်း ဖြစ်သည်။
အိန္ဒိယ ၏ လုပ်ရပ်သည် ခေတ်သစ် ကိုလိုနီ ဝါဒ ကို ကိုယ်စား ပြုနေခြင်း ဖြစ်သည်။ ယင်းသည် နိုင်ငံ အား စစ်ရေး အရ သိမ်းပိုက် စရာ မလိုဘဲ ၎င်းမှာ စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွား အတွက် အမြတ်ထုတ်ကြခြင်း ဖြစ်ပြီး အမြတ်ထုတ်ခံရသည့် နိုင်ငံ၏ ပြည်သူလူထု ခံစားနေရမှုများကို လုံးဝ ဂရုမစိုက်ခြင်းပင် ဖြစ်သည်။
အိန္ဒိယ၏ ချီတုံချတုံဖြစ်နေသည့် မူဝါဒ (wishy-washy policy) သည် သံတမန်ရေးရာ ကျွမ်းကျင်မှု ၏ လက္ခဏာမဟုတ်ဘဲ၊ ကိုယ်ကျိုးကြည့် မူဝါဒ သည် နိုင်ငံတွင်း ရှေ့လျောက် မတည်ငြိမ်မှု များ ပို၍ ပြင်းထန်လာချိန် တွင် ပြိုလဲ ပျက်စီးသွားမည် ဖြစ်သည်ဟု ရေးသားထားသည်။
တရုတ် သည် ကွန် မြူနစ် အာဏာရှင် နိုင်ငံ ဖြစ်၍ အားလုံး အမြင်တွင် မထူးခြားလှသော်လည်း မည်သို့ပင် ဖြစ်စေ ဒီမိုကရေစီ ဘိုးအေ ကြီးဟု သတ်မှတ်ထားကြသော အိန္ဒိယ ၏ မူဝါဒသည် မည်မျှအထိ သိက္ခာ ကျဆင်းနေသည် ကိုလည်း ထည့်သွင်း မစဉ်းစား နိုင်အောင် ဖြစ်နေသည်၊ ၎င်းတို့ အဖို့က ရွေးကောက်ပွဲ ပြီး နောက် အခြေအနေ ကောင်းလာပါက ဘေးရောက်သွားမည်ကို စိုးရိမ်နေကြသည်၊ အာဆီယံသည်လည်း ထိုသို့ ချီတုံချတုံ ဖြစ်နေရှာသည်။
လက်ရှိ တိုင်းပြည် အနာဂတ်သည် မင်းအောင်လှိုင်၏ စိတ်ကူးစိတ်သန်း အကြံဉာဏ် များ ပေါ်တွင် မူတည်နေ၍ ထိုပုဂ္ဂိုလ် ဘာတွေ ကြံနေသည် ကို ရှင်းလင်းစွာ သိနိုင်ဖို့ သုံးသပ်နိုင်ဖို့သာ အရေးကြီးပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!