ရွေးကောက်ပွဲ အတု၊ ငြိမ်းချမ်းရေး အတု၊ ခေါင်းဆောင် အတု

by Hla Soewai - Oct 27 2025

မင်းအောင်လှိုင်သည် အာဏာသိမ်းခဲ့မှု နှင့် အတူ စစ်ပွဲများ၊ စီးပွားရေး ကျဆင်းလာမှု၊ မတည်မငြိမ် ဖြစ်လာမှု များ ‌လေးနှစ် ကျော် ကြာလာသော်လည်း မည်သည့် နယ်ပယ်တွင် မှ တိုးတက်မှု အရိပ်‌အယောင် မပြနိုင်ခဲ့၊ သို့သော် ငြားလည်း ဆရာသမား ဖြစ်ခဲ့သူ ဗိုလ်သန်းရွှေ၏ ထုံး နှလုံး မူကာ ၎င်း၏ အဖွဲ့ကို နိုင်ငံတော် လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်မရှင်ဟု နာမည်ပြောင်း၊ စိတ်ချရမည့် အငယ်တန်း ဗိုလ်ချုပ်များကို အနား ဝန်းရံစေပြီး ၎င်း၏ အုပ်ချုပ် မှု ကို ခိုင်မာသည်ထက် ခိုင်မာအောင် အင်္ဂတေ လောင်းလာခဲ့သည်။

 

မင်းအောင်လှိုင်သည် မည်သည့် ပြဿနာ ကို မျှ မဖြေရှင်းနိုင်ခဲ့သော်လည်း နိုင်ငံတကာ ကို လှည့်စား နိုင်ရန် နှင့် ၎င်းတို့၏ သမ္မာကျမ်းစာ ဖြစ်သော ၂၀၀၈ စာအုပ်စိမ်းကြီး စေရာအတိုင်း အရေးပေါ် အခြေအနေကို ရုပ်သိမ်းပေးလိုက်ရသည်၊ သို့သော် ပြည်သူများ အတွက်ကတော့ အခြေအနေများ ပို၍ ဆိုးဝါးလာခဲ့သည်။

 

ထို့နောက် နှစ်ပတ်ကျော် ဩဂုတ်လ ၁၈ ရက်နေ့တွင်တော့ ၎င်း၏ ထားရာနေ စေရာသွား ရွေးကော်မှ မြို့နယ် ၃၃၀ အနက် ၂၇၄ မြို့တွင် နှစ်သုပ်ခွဲ၍ ရွေးကောက်ပွဲ လုပ်သွားမည်ဟု ကြေညာလာခဲ့သည်။ တခါလုပ်လျင် မြို့နယ် ၁၀၀ နှုန်း မျိုး ဖြစ်သည်။

 

မင်း‌ အောင်လှိုင်သည် အခြေအနေမှန်ကို သုံးသပ်နိုင်စွမ်း မရှိ‌၍‌ တော့ မဟုတ်၊ လက်ရှိ ပြဿနာ များကိုမည်သို့မျှ မဖြေရှင်းဘဲ ဆက်၍ မျက်နှာ‌ ပြောင် တိုက်နေ၍ မရတော့ပဲ ‌ တရုတ်အား မျက်နှာချို သွေးနိုင်ရန် နှင့် ပြည်တွင်းရှိ မကျေမနပ် ဖြစ်လာသူ များအား တခုခု ဖြစ်လာနိုး၊ အသိအမှတ် ပြု ခံရနိုး မက်လုံး ပေးနိုင်ရန် ရွေးကောက်ပွဲ လုပ်ဇာတ် ကို ဆင်လာခြင်းပင် ဖြစ်သည်။

 

၎င်း၏ ဒီမိုကရေစီ ရွေးကောက်ပွဲ ဆိုသည် အားလည်း ဒီမို ကရေစီ လမ်း‌ ကြောင်း မှ သွေဖီလာနေသော အိန္ဒိယ မှ လွဲ၍ ကမ္ဘာပေါ်ရှိ မည်သည့် ဒီမိုကရေစီ နိုင်ငံကမျှ အသိအမှတ် မပြုဘဲ ဝိုင်းဝန်း ရှုတ်ချလာကြသည်။

 

မင်းအောင်လှိုင်သည် ထွက်ပေါ်လာမည့် ရွေးကောက်ပွဲ ကို ‌၎င်းအတွက် စိတ်ချရစေရန် နှင့် ခင်းထားသော ဇတ်ညွန်း အတိုင်း ဆက်၍ ကပြကြရန် စစ်ဖက် မှ ဗိုလ်ချုပ်ကြီးတဦး၊ ဒုဗိုလ်ချုပ်ကြီး ခြောက်ဦး အပါအဝင် အရာရှိ အရာခံ ၄၈၉ ဦး အား ၎င်းတို့၏ လက်စွဲ ကြံ့ဖွတ် ပါတီသို့ ကိုယ်စားလှယ် လောင်း အဖြစ် ထည့်သွင်း လိုက်ပြန်သည်။

 

၂၀၁၅ တွင် သမ္မတ ဦးသိန်းစိန် လက်ထက် လက်မှတ်ရေးထိုးထားပြီး ယခုအခါ ပြတိုက်ထဲ ထည့်ထား၍သာ ခိုင်ခံ့နေ သော်လည်း အနှစ်သာရ မဲ့နေပြီ ဖြစ်နေသော နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် ကိုလည်း ဆယ် နှစ် မြောက် ဆိုကာ အပြင်သို့ ထုတ်ပြလာသည်။ အခွင့်အရေး ချောင်းနေသူများမှ အပ ယခင် လက်မှတ်ရေးထိုးထားသူ အများစု က လက်မခံကြတော့ပေ။

 

တရုတ်သည်လည်း မြန်မာ ပြည်တွင်းစစ် တွင် မည်သူမျှ ပြတ်ပြတ်သားသား အနိုင်မရစေရန် အီရန်-အီရတ် စစ်တွင် အမေရိကန် တို့ လုပ်ခဲ့သလို နှစ်လမ်းသွား ပုံစံ ဖြင့် ချဉ်းကပ်နေသည်။ သို့မှလည်း ၎င်းတို့၏ အကျိုး နှင့် တရုတ်တို့ လုပ်ချင်နေသည့် ယူနန် မှ အန္ဓမာန် ပင်လယ် သို့ ထွက်ပေါက် ရစေမည့် လမ်းမကြီးကို ဆက်လုပ်သွားနိုင်မည် ဖြစ်သည်။

 

လက်ရှိတွင် ၎င်းတို့ မီးစိမ်းပြခဲ့မှု ကြောင့် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် မကြုံစဖူး အောင်မြင်သွားခဲ့သည့် အတွက် ယခင် အနေအထား အတိုင်း ပြန်ရောက်စေရန် လုံးပမ်းလာနေသည်။

 

ယင်းနှင့် အတူ ပြည်သူတို့၏ တော်လှန်ရေးသည်လည်း အရေးကြီးသော လမ်းဆုံလမ်းခွသို့ ရောက်လာခဲ့ရသည်။ စစ်အုပ်စု၏ တဖန် ခေါင်းပြန် ထောင်လာမှု နှင့် တရုတ်၏ ဂမူးရှူးထိုး စွက်ဖက်လာမှု များကို တန်ပြန် နိုင်ရန် စည်းလုံးညီညွတ်မှု တည် ဆောက် ပေးနိုင်မည့် ခေါင်းဆောင်မျိုး ကို အပူတပြင်း တောင့်တလာကြသည်။

 

စစ်အုပ်စုသည် အကျင့်ပျက် ခြစားမှုများ၊ စိတ်ဓါတ် ကျဆင်းလာမှု များ၊ အခြား အကွဲအပြဲများကြောင့် မျှော်လင့်ထားသလို ပြိုလဲမသွား၍ ၎င်းတို့အား ရင်ဆိုင် နိုင်ရန် ယခင်လို ဆက်နေ‌သွား၍ မဖြစ်တော့စစ်အာဏာရှင် လက်အောက်မှ အပြီးအပိုင် လွတ်‌ မြောက်နိုင်‌ ရေး၊ တည်တံ့ခိုင်မြဲ‌ သော ငြိမ်းချမ်းရေး ရရှိရေး အတွက် မိမိတို့ဖက်မှ တစည်းတလုံးတည်း ရပ်တည်သွားမှ ၊ သွေးစည်း ကြမှ ဖြစ်တော့မည် ဆိုသည်ကို သိမြင်လာကြပြီ ဖြစ်သည်။

 

ဤသည်ကို အကောင်အထည် ဖေါ်ရန် NUG နှင့် ERO များ တွင် တာဝန်ရှိလာသည်။ လက်ရှိတွင်‌ တော့ အင်အားကြီးသော ERO များက ညီညွတ်ဖို့ လိုသည်ဟု ပြောနေသည့် အဆင့်တွင်သာ ရှိပေသေးသည်။ ERO များသည် တရုတ်၏ ဖိအားပေး တောင်းဆိုမှုများ လိုက်လျောမည် ဆိုက စစ်အုပ်စု ခေါင်းထောင်လာအောင် လုပ်ပေးသည်နှင့် အတူတူ ဖြစ်ပေလိမ့်မည်။

 

စစ်အုပ်စု သည် ပြည်သူများ အတွင်း စိတ်ဓါတ်ခွန်အား များ ကျဆင်းလာပြီး အားမတန် မန်လျော့ လာရန် ရက်ရက်စက်စက် အကြမ်းဖက်ကာ ဘက်ပေါင်းစုံ ကျပ်တည်းလာအောင် ရည်ရွယ် လုပ်ဆောင် နေခြင်း ဖြစ်သည်။ PDF များလည်း ရံပုံငွေ ရရှိနေမှု လျော့နည်းလာနေပြီ ဖြစ်သည်။

 

တဖက်တွင် ပြည်သူများ ယုံကြည် အားကိုး လောက်သည့် စည်းကမ်းတကျ နှင့် ညီညွတ်သော တပ်ပေါင်းစု ကြီး ထွက်‌ ပေါ် လာဖို့ လိုအပ်သလို တဖက်တွင် NUG အနေဖြင့် ဘီဂျင်း နှင့် ဝါရှင်တန် အား တွန်းတွန်း တိုက်တိုက် ဆက်ဆံသွားဖို့ လိုသည်။

 

ထိုသို့ တပ်ပေါင်းစု ကြီး ထွက်ပေါ်လာပါက တရုတ်မှ စစ်အုပ်စုထက်စာလျင် ပို၍ အားကိုး နိုင်သူများ အဖြစ် ရှုမြင်လာနိုင်ပြီး၊ အမေရိကန် နှင့်လည်း အွန်လိုင်း ရာဇဝတ်မှု များ၊ မူးယစ်ဆေးဝါး ကဲ့သို့ ၎င်းတို့ လုံခြုံရေး ကို ထိခိုက်နိုင်သည့် ပြဿနာများကို ဆွေးနွေး နိုင်မည် ဖြစ်သည်။

 

ဒုဗိုလ်ချုပ်ကြီး ဂွမ်းမော် နှင့် ဗိုလ်ချုပ် ထွန်းမြတ် နိုင်တို့ နှစ်ဦးစလုံး က ညီညွတ်ကြဖို့ လိုသည်၊ စကား အရာ နှင့် မဟုတ်ဘဲ အလုပ်နှင့် သက်သေပြဖို့ လိုသည်ဟု ပြောခဲ့ကြသည်၊ သို့သော် ၎င်းတို့ နှစ်ဦး စလုံးက NUG ကို ချည်း အပြစ်ဖို့၍ မရဘဲ အတိတ်က ဒဏ်ရာဒဏ်ချက်များ နှင့် မယုံကြည်မှု များ ကြောင့်လည်း ဖြစ်သည်ဟု ပြောခဲ့ကြသည်။

 

ညီညွတ် မှသာ တော်လှန်ရေး အပေါ် နိုင်ငံတကာက တလေးတစား သဘောထားလာကြမည် ဖြစ်ပြီး မိမိနိုင်ငံအားလည်း ကိုယ်ကျိုး ရှာ ပြည်ပ နိုင်ငံများ၏ စေစား ကြိုးကိုင်လာမှု မှ ရုန်းထွက်လာနိုင်မည် ဖြစ်သည်။

 

NUG နှင့် ERO များ စုပေါင်း ခေါင်းဆောင်မှု ဖြင့် တော်လှန်ရေး ကောင်စီ ကို ဖွဲ့စည်းကြရတော့မည် ဖြစ်သည်။

 

ဤသည်ကလည်း လွတ်လပ်ခွင့် နှင့် တရားမျှတမှု ရရှိရေး ခရီးရှည်ကြီး ချီတက်နေရဆဲ ဖြစ်သည့် မြန်မာ ပြည်သူများ၏ အတောင့်တ ဆုံး ဆန္ဒလည်း ဖြစ်ပေသည်။ 

 

(Eurasia Review တွင် Nicholas Kong ရေးသားသော "The Obstacle to Myanmar Freedom" ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်။)