မည်သို့များ တက်ခွင့် ရပေမည်နည်း

by Hla Soewai - Oct 27 2025

စစ်အုပ်စု အား ထောက်ခံအားပေးနေသော ပြည်တွင်း သတင်းမီဒီယာများ ဖြစ်သည့် အလဲဗင်း၊ ရန်ကုန် မီဒီယာ ဂရု အစရှိသည် တို့နှင့် တယ်လီဂရန် ချန်နယ် များ မှ ၎င်းတို့၏ ခေါင်းဆောင်ကြီး ယခုတကြိမ်တော့ အောက်တိုဘာ ၂၆ တွင် ကွာလာလမ်ပူ တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ခွင့် ရ‌လေပြီ ဆိုကာ သတင်းမှားများကို ရည်ရွယ်ချက် ရှိရှိ ဖြန့်ချီခဲ့ရကြသည်။

 

ယခင်ကလည်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး လာခဲ့သည့် ခရီးစဉ်ကို ခုတုံး လုပ်၍ မလေးရှားမှ လေ့လာရေး အဖွဲ့ စေလွှတ်မည်ဟု စစ်အုပ်စု ၏ မီဒီယာများက လိမ်ညာ ထုတ်ပြန်ခဲ့၍ အတော်ရှင်းယူ လိုက်ရသည်။

 

ထိုသတင်းသည် မလေးရှား ထုတ် New Straits Times သတင်းတွင် ညှပ်ပါလာသော စာတကြောင်းကို ကိုးကား ပြီး မဟုတ်မှန်း သိသိ နှင့် အလုအယက် ဖြန့်ချီလာကြခြင်း ဖြစ်ပြီး၊ နောက်ပိုင်းတွင် အဆိုပါ စာကြောင်းပါ အပိုဒ် ကို ပြန်ဖြုတ်သွားသည်ဟု ဧရာဝတီ သတင်းက ဖေါ်ပြထားသည်။

 

အစည်းအဝေး နှင့် နီးစပ်သော မလေးရှား အရာရှိများက မင်းအောင်လှိုင်ကို ဖိတ်မည် မဟုတ်ဟု ပြောခဲ့ပြီးဟု ဆိုသည်။

 

သတင်းသမား အဖြစ် ခံယူထားပါက သတင်းတပုဒ် ကို မှန်၏ မမှန်၏ ဟု သုံးသပ်နိုင်မည့် အခြေခံ ဗဟုသုတတော့ ရှိသင့်သည်၊ ယခုတော့ သတင်းသမား အဖြစ် အယောင်ဆောင်ကာ စစ်အုပ်စု အတွက် ဝါဒ ဖြန့်ချီရေး စစ်ပွဲတွင် ပျော်ပျော်ကြီး ပါဝင်ကာ ပြည်သူ အပေါ် သစ္စာဖောက်နေကြသူများသာ ဖြစ်သည်။

 

ကမ္ဘောဒီယား နှင့် လာအိုကဲ့သို့ နိုင်ငံများ ဥက္ကဌ ဖြစ်ခဲ့စဉ်က မင်းအောင်လှိုင်အား ဖိတ်ခေါ်ဖို့ စကားဦးပင် မသန်းခဲ့ပါလျက် မလေးရှားက ခေါ်ပါမည်လော။ ထို့အပြင် ယခု ထိပ်သီး အစည်း အဝေး အား ယခင်ကထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ ရှိနေ၍ ဒေါ်နယ် ထရမ့် အပါအဝင် တရုတ်၊ အိန္ဒိယ၊ အီတလီ၊ ကနေဒါ၊ တောင်ကိုရီယား၊ နယူးဇီလန်၊ ဩစတေးလျှ နှင့် ဂျပန် မှ အမျိုးသမီး ဝန်ကြီးချုပ် အသစ်၊ ဘရာဇီး၊ ရုရှား၊ တောင်အာဖရိက သမ္မတ စုစုပေါင်း နိုင်ငံ ၁၂ နိုင်ငံမှ ထိတ်တန်း ခေါင်းဆောင်များ လာရောက်မည့် ပွဲ တွင် ဆွမ်းဆန်ထဲ ကြွက်ချေး အရောခံမည်လော။

 

တကယ်ဆိုက ၂၀၂၆ သည် အာဆီယံ ဥက္ကဌ လုပ်ဖို့ မြန်မာ အလှည့်ကျသည့် နှစ်လည်း ဖြစ်သည်။ ယခု‌တော့ ဥက္ကဌ လုပ်ဖို့ နေနေသာသာ အစည်းအဝေး အနားသို့ပင် ကပ်ခွင့် မရသည်အထိ ဖြစ်လာခဲ့သည်။

 

လူရာဝင်ချင်သည် ဆိုလျင် ကိုယ့်ဖက်က လျော့တန် လျော့ ပေးရဲသည့် သတ္တိမျိုး ရှိဖို့လိုသည်။ ထိုသို့ သတ္တိ မရှိဘဲနှင့် တော့ လူရာဝင်ချင်၍ မဖြစ်။

 

နောက်ထပ် ရရှိ‌သော သတင်းအရ စစ်အုပ်စု စတားလင့် အလုံး ၃၀ သိမ်းဆည်း နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ပြီး နောက် အီလွန် မတ်စ် ၏ Space X မှ အွန်လိုင်း ငွေလိမ် ဂိုဏ်းများ သုံးနေသော စတားလင့် အလုံး ၂,၅၀၀ အား လိုင်း ဖြတ်တောက် ပစ်လိုက်ပြီဟု ထုတ်ဖေါ် ပြောဆို လိုက်သည်။

 

နောက်ဆုံး ရရှိသော သတင်းအရ တရုတ် ကွန်မြူနစ် ပါတီ မှ လက်ရှိ အမေရိကန် နှင့် အနောက်အုပ်စု မှ ၁၉၄၅ တွင် စတင်ခဲ့သော နိုင်ငံတကာ အခင်းအကျင်း ကို မှောက်လှန်ပစ်ရန် ၎င်းတို့ ဦးဆောင်ပြီး နိုင်ငံတကာ ဖြန်ဖြေရေး အဖွဲ့ International Organisation for Mediation (IOMed) ကို ဟောင်ကောင်တွင် စတင် ဖွဲ့စည်းသည့် အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ယခုအချိန်အထိ ပါဝင်ထားသည့် နိုင်ငံပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ် ၂၀၀ ခန့် တက်ရောက်ခဲ့သည်ဟု တရုတ်ပြည် Global Times မှ သတင်းထုတ်ထားသည်။ နောက်ထပ် နိုင်ငံများ ပါဝင်ကြဖို့လည်း ဆော်ဩထားသည်။

 

ယင်းသည် ကမ္ဘာနိုင်ငံရေး ဇာတ်ခုံ တွင် လစ်ဘရယ် ဒီမိုကရေစီ စနစ် ပြည့်ဖုံးကား ချတော့မည်ဟု အချက်ပေး သံချောင်း ခေါက်လိုက်ခြင်းပင် ဖြစ်သည်။

 

စစ်အုပ်စု ကတော့ ဩဂုတ်လ ၂၈ ရက်ကတည်း က ပါဝင်မည်ဟု ဆိုကာ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!