အာဆီယံ ၏ အကြို ဆွေးနွေးပွဲများ

by Hla Soewai - Oct 27 2025

အာဆီယံ ထိပ်သီး အစည်းအဝေး မစမီ နိုင်ငံခြားရေး ဝန်ကြီး အဆင့် ဆွေးနွေးပွဲ များ စတင် နေသည်မှာ နှစ်ရက် မြောက် ရှိသွားပြီ ဖြစ်သည်။

 

ထိုအစည်း အဝေး များ တွင် မြန်မာ ရွေးကောက်ပွဲ ကိစ္စ သည် အဓိက နေရာ မှ ပါဝင်လာနေသည်။ ယခု အချိန်အထိ ထိုင်း နှင့် မလေးရှားတို့မှ ဦးဆောင် ဆွေးနွေးနေသည်ဟု သိရသည်။

 

အဓိကအား ဖြင့် မြန်မာ ရွေးကောက်ပွဲ သည် တရားမျှတ ပြီး ပွင့်လင်း မြင်သာမှု ရှိရမည်၊ အားလုံး ပါဝင် နိုင်မှု ရှိရမည် ဆိုသည့် ပြောဆိုမှု များသာ ကြားနေရသည်။

 

လာမည့် ရွေးကောက်ပွဲ တွင် စစ်အုပ်စု မှ ၎င်းတို့ လိုလားသော ပါတီ အနိုင်ရစေရန် ပွဲမဝင်ခင်ကပင် အသေအချာ ပြင်ဆင်ထားပြီး ဖြစ်၍ ရွေးကောက်ပွဲ တွင် မသမာမှု များ ထပ်လုပ်စရာ အကြောင်းမမြင်ဟု ယူဆထားပြီး ဖြစ်သည်။ အီလက်ထရောနစ် မဲပေး စနစ် သုံးထား၍ မဲလာထဲ့သူ အရည်အတွက်နှင့် ကိုယ်စားလှယ်လောင်း ရရှိမည့် မဲများ အပေါ်သာ ကလိမ်ကကျစ် လုပ်ဖို့ ရှိနေသည်။

 

လက်ရှိ တွင် ပြည်သူ့ ဦးဆောင် ပါတီ မှ သက်သက်ခိုင် သည် ကြံ့ဖွတ်တော့ မပေး၊ သူ့ပဲ ပေးမည် ဆိုသော အသံများ ထွက်လာ၍ သူမအား ရွေးကောက်ပွဲ ပုဒ်မ ၈ (ဃ) နှင့် ညိစွန်းသည် ဆိုကာ ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင် လိုက်ပြီ ဖြစ်သည်။ အဆိုပါ ပုဒ်မသည် "နိုင်ငံတော် နှင့် ပုဂ္ဂလိက သို့ ပေးရန် တာဝန်များ ကင်းရှင်းသူ ဖြစ်ရမည်" ဟု ဆိုထား၍ ကြွေးမကင်းသူ ဟု ဆိုလိုရင်း ဖြစ်သည်။

 

အကယ်၍ လေ့လာသူများ လွှတ်ပြီး ဘာမှ ကလိမ်ကကျစ် လုပ်စရာ မလိုတော့သော ရွေးကောက်ပွဲမှ ဘာမှ မရိုးမသား မတွေ့ဟု ဆိုက ဘာဆက်လုပ်ကြမည် နည်း ဆိုသည်က အဖြေမရှိကြ။

 

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး က အချက် (၄) ချက် ကို အဆိုပြုလာသည်။ 

 

(၁) တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိဖို့ ဆွေးနွေးပွဲ များ ဖြစ်မြောက်ရေး လမ်းကြောင်းပေါ် ရောက်ရှိရေး တစိတ်တပိုင်း အဖြစ် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးနိုင်ရန်။

 

(၂) ရွေးကောက်ပွဲ အား တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိရေး တောင်းဆိုရန် နှင့် ပြီးသွား လည်း ဆက်လက် ဆွေးနွေးနိုင်မည့် လမ်းကြောင်း ဖွင့်ထားရန်။

 

(၃) အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ အပြုသဘော ဆောင်သော ထိတွေ့ဆက်ဆံမှု ကို ထောက်ခံရန်။

 

(၄) အာဆီယံ၏ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး သံတမန် ၏ လုပ်ငန်းစဉ် များ ထိရောက်မှု ရှိရေး ပံ့ပိုးပေးရန် တို့ ဖြစ်သည်။

 

ဆိုလိုသည်က ၎င်းတို့ အစီအစဉ် ဖြင့် စစ်အုပ်စု နှင့် ထိတွေ့ ဆက်ဆံသွားမည် ဖြစ်သည်၊ အရေးကြီးဆုံး အချက်အဖြစ် စစ်အုပ်စု ရွေးကောက်ပွဲ ကို အာဆီယံ မှ ကိုယ်စားလှယ် စေလွှတ်ရန်ကို ထောက်ခံသည်ဟု ထည့်သွင်း ပြောဆိုသွားခြင်းပင် ဖြစ်သည်၊ သို့သော် ကိုယ်စားလှယ် စေလွှတ်ခြင်းသည် စောင့်ကြည့်ရန်သာ ဖြစ်၍ ‌ရွေးကောက်ပွဲ ကို အသိအမှတ် ပြုသည့် သဘော မဟုတ်ဟု သိထားရမည် ဟု လည်း ပြောပြန်သည်။

 

အင်ဒိုနီရှားကလည်း အသိအမှတ် ပြုခြင်း မျိုး မဟုတ်ဘဲ စောင့်ကြည်ယုံသက်သက် ကိုယ်စားလှယ် စေလွှတ်ခြင်းမျိုး လက်ခံ စဉ်းစား နိုင်သည်ဟု ဆိုသည်။ အကယ်၍ တညီတညွတ်တည်း သဘောတူညီချက်မျိုး မရရှိက အခြား နိုင်ငံများ ကိုယ့်သဘော နှင့် ကိုယ် မလုပ်နိုင်ရန် ရပ်တည်ချက် သဘောထားကို တိတိကျကျ ထုတ်ပြန်ဖို့ လိုသည်ဟု လည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

စစ်အုပ်စုကတော့ အားလုံး ပါဝင်ရန် တောင်းဆိုနေသည့် ကြားမှ သက်သက်ခိုင်အား အချိန်ကပ်၍ ဖယ်ရှားပစ်လိုက်ခြင်းဖြင့် ၎င်းတို့ ချည်းသာ အများစု အစိုးရ ဖွဲ့နိုင်ရေး သေချာသည်ထက် သေချာအောင် လုပ်နေပြီ ဖြစ်သည်၊ ထို့အတွက် ဆန်ဆီဆား များ လိုက်ပေးရင်း မဲဆွယ်နေသော ကိုကိုကြီးလည်း မျက်ခုံး လှုပ်လာနေပြီ ဖြစ်သည်။

 

ကိုယ်စားလှယ် စေလွှတ်ရေး အား နိုင်ငံ ခေါင်းဆောင်များ၏ ထိပ်သီး စည်းဝေးပွဲ တွင် ဆွေးနွေး ဆုံးဖြတ်မည်ဟု ဥက္ကဌ ဖြစ်သူ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန် က ပြောသည်။ 

 

ရွေးကောက်ပွဲ မတိုင်မီ အားလုံး ပါဝင်သော ဆွေးနွေးပွဲ တရပ် ဖြစ်မြောက်ရန် လိုအပ်ကြောင်း အလေးအနက် တိုက်တွန်း သည်ဟု လည်း ပြောဆိုခဲ့သည်။

 

အဖြစ်နိုင်ဆုံးကတော့ စောင့်ကြည့်မည့် ကိုယ်စားလှယ် စေလွှတ်ရေးသည် မရေမရာ နှင့် သာ အဆုံးသတ်သွားမည် ဖြစ်သည်။

 

သို့သော် မြန်မာ၏ ကျားဖြန့် လုပ်ငန်းများ အပေါ် ပြတ်ပြတ်သားသား ဖြေရှင်း နိုင်ရေး အာဆီယံ တွင် ဆွေးနွေးကြရတော့မည် ဖြစ်သည်။ အထူးသဖြင့် ၎င်း၏ နိုင်ငံသားများ ဒေါ်လာ ဆယ် ဘီလီယံ ခန့် လိမ်လည် ခံနေရသည့် အမေရိကန် သမ္မတ ထရမ့်သည် ယနေ့ ကွာလာလမ်ပူ သို့ ဆိုက်ရောက်လာတော့မည် ဖြစ်သည်။

 

စစ်အုပ်စု နှင့် စောချစ်သူ တို့ က ၎င်းတို့ ၏ ဝင်ငွေရရာ ရကြောင်း စခန်းများကို ဒေါ်နယ် ထရမ့် မှ ပစိဖိတ် နှင့် အိန္ဒိယ သမုဒ္ဒရာ ထဲရှိ လေယာဉ် တင် သင်္ဘောများ မှ တိုက်လေယာဉ် များ ‌စေလွှတ်ပြီး ဗုံးကြဲ ဖျက်ဆီးရန် အမိန့်ပေးလိုက်က မခက်ပေလော ဟု စိုးရိမ်လာနေကြပုံ ရသည်။

 

ထိုသို့ ဖြစ်လာနိုင်သည်များ ကို ကြိုသိနေသော စစ်အုပ်စု က ဟန်ပြ နှိမ်နှင်း ပြပြီး လိမ်ညာရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး ထိရောက်မှု မရှိဟု လုံခြုံရေး ဆိုင်ရာ လေ့လာဆန်းစစ်ရေး သုတေသီ တဦးက ပြောသည်။ လက်ရှိတွင် လူ ငါးရာခန့်ကို ရွှေ့ပြောင်းပေးထားပြီး အခြေအနေများ ငြိမ်သက်သွားပါက ကေကေပတ်ခ် တွင် ကုမ္ပဏီ အသစ် သို့ လွှဲပြောင်းပေးပြီး လုပ်ကိုင်ရန် စီစဉ်နေကြောင်းလည်း ထိုသုတေသီကပင် ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

(ပုံတွင် ကျားဖြန့် ဝင်းကြီးထဲ ဝင်ရောက်စီးနင်းရာမှ ဖမ်းဆီးရမိခဲ့သော စတားလင့် များကို စစ်အုပ်စု မှ ချပြထားသည်)

 

ဖေ့စ်ဘုတ်ကလည်း ၎င်းတို့ ပလက်ဖေါင်း ကို အသုံးချ၍ ကမ္ဘောဒီယား နှင့် မြန်မာ မှ လိမ်လည်နေသည့် အကောင့်ပေါင်း ၁၂ သန်းကို ဖေါ်ထုတ် နိုင်ခဲ့သည်ဟု ဆိုသည်။

 

ကျားဖြန့်လုပ်ငန်း အားလုံးသည် တရုတ်ဩဇာခံ ဖြစ်နေသော မြန်မာ၊ ကမ္ဘောဒီယား နှင့် လာအိုတို့ တွင်သာ အခြေစိုက် လှုပ်ရှား နိုင်နေခြင်းသည် တိုက်ဆိုင်မှု မဟုတ်သည်မှာ ထင်ရှားလာနေပြီ ဖြစ်သည်။

 

စစ်အုပ်စု ၏ ရွေးကောက်ပွဲ အား အရှိုက်ထိုးခံလိုက်ရသလို ဖြစ်သွားရပြန်သည်က နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အနက် အဖွဲ့ဝင် အဖြစ် နိုင်ငံပေါင်း ၁၈၃ နိုင်ငံ ပါဝင်နေသည့် နိုင်ငံစုံ ပါလီမန်များ သမဂ္ဂ မှ မြန်မာ၏ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော် အား တရားဝင် အဖွဲ့အစည်း အဖြစ် ၎င်းတို့၏ ၁၅၁ ကြိမ် မြောက် အစည်းအဝေးကြီးမှ အတည်ပြု ပေးလိုက်ခြင်း ပင် ဖြစ်သည်။ ဂျနီဗာ တွင် ပြုလုပ်သော ထိုအစည်း အဝေးသို့ CRPH အား ကိုယ်စားပြု၍ လူကယ်ပြန် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

အာဆီယံ အနေဖြင့် လက်ရှိ အရေး ကို ဒီအတိုင်း ပစ်ထားနေ၍ မရတော့၊ စစ်ရာဇဝတ်မှု များ နေ့စဉ်နှင့်အမျှ ကျုးလွန်နေသော စစ်အာဏာသိမ်း အဖွဲ့ကိုပဲ လက်ခံပြီး ၎င်းတို့ ပြုလုပ်မည့် အလိမ်အညာ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်လော၊ သို့မဟုတ် က ၎င်းတို့ ပြုတ်ကျရေး အတွက် ယခုထက် ပိုပြီး ကြိုးပမ်းမည်လော ဆိုသည်ကို ရွေးချယ်ကြရတော့မည် ဖြစ်သည်။ စစ်အုပ်စုသည် ၎င်းတို့ အပေါ် ဒုက္ခပေးလာနိုင်သည့် နိုင်ငံတကာ ဖိအား မျိုးကိုသာ ကြောက်ရွံ့တုန်လှုပ်တတ်ကြောင်း ကို သိထားသင့်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!