တကမ္ဘာလုံး နှင့် ရှီကျင့်ဖျင့်

by Hla Soewai - Aug 13 2020

ဇူလိုင်လ လယ်အတွင်းက ရှီကျင့်ဖျင်သည် ဘီဂျင်းတွင် စီးပွားရေး လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံခဲ့စဉ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြီး ကြောင့် တိုင်းပြည်စီးပွားရေးကို ကြီးမားသော အရှိန်အဟုန်နှင့် ထိခိုက်ခဲ့ရကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ တရုတ်ဆိုရိုးစကား တခုကို သုံးပြီး စိတ်ချလက်ချ ရှိစေဖို့ အာမခံသွားခဲ့ပြန်ပါတယ်။

 

“စိမ်းလန်းသော တောင်ကုန်းများ ရှိနေသရွေ့ ခုတ်စရာ သစ်က ရှိနေစမြဲ” ဆိုပြီး “မိမိတို့၏ လက်ရှိ မဟာဗျူဟာကို ထိန်းသိမ်းသွားနိုင်မယ် ဆိုရင် အခုလို အကြပ်အတည်း ဖြစ်နေချိန်တွင်ပင် အခွင့်အလန်း ဆိုတာ ရှာဖွေလို့ ရနိုင်တဲ့ အတွက် တရုတ်ပြည်သူများ အနေနဲ့ အခက်အခဲ ဟူသမျှ အောင်မြင် ကျော်လွှားသွားနိုင်မှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

 

သူရဲ့ မိန့်ခွန်းကို တရုတ် သတင်းစာ နဲ့ မီဒီယာ များမှ “ယုံကြည်မှု အပြည့်အဝ ရှိကြောင်း ရှီကျင့်ဖျင် ပြောပြီ။ ရှီကျင့်ဖျင် နှင့် သူ၏ ယုံကြည်မှု” ဆိုတဲ့ ခေါင်းစည်း စာသားတွေ နဲ့ ရေးသား ဖေါ်ပြလာကြပြန်ပါတယ်။ ရှီကျင့်ဖျင်မှ ယုံကြည်မှု အပြည့်ရှိကြောင်း ကြွေးကြော် လိုက်ခြင်းသည် လက်ရှိ တိုးမြှင့် ရင်ဆိုင်နေရသော နိုင်ငံတကာ၏ ရန်လိုမှုများ ကို ဖုံးကွယ် လှည့်စား ပြောဆိုလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဤသည်ကလည်း တရုတ် ခေါင်းဆောင်ပိုင်း၏ အတွက်အချက် လွဲမှားမှု နှင့် ပါတီတွင်း သဘောကွဲလွဲမှုများကို ဖိနှိပ်လာခဲ့ခြင်းကြောင့် ယခုလို အနေအထားမျိုး ရင်ဆိုင်လာရခြင်းပင် ဖြစ်သည်ဟု ဝေဖန်သူများက ထောက်ပြလာခဲ့ကြပါတယ်။

 

ပြီးခဲ့သည့် နှစ်လအတွင်း ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပြစ်ခဲ့မှုအား တုန့်ပြန်သည့် အနေဖြင့် အမေရိကန် ကောင်စစ်ဝန်ရုံးအား ပိတ်ပြစ်ခဲ့မှု၊ အိန္ဒိယနှင့် နယ်စပ် အငြင်းပွားနေမှုအား လူအသေအပျောက် ဖြစ်သည်အထိ ခွင့်ပြုလာခဲ့ခြင်း၊ ဗြိတိန် နှင့် တခါက “ရွှေခေတ်”ဟုပင် ကင်ပွန်းတပ်ခံခဲ့ရသည့် ဆက်ဆံရေး ကို ရုတ်ခြည်းဆိုသလို ဆိုးဝါးသွားအောင် ဖန်တီးခဲ့ခြင်း၊ ဩစတေးလျှ နှင့် အချင်းများလာခြင်းများဖြစ်ခဲ့ပြီး အဆိုပါနှစ်နိုင်ငံနှင့် ဆက်ဆံရေး သည် မကြုံဖူးလောက်အောင် နိမ့်ဆင်းသွားခဲ့ပါတယ်။ ဟောင်ကောင်တွင်လည်း နိုင်ငံတော် လုံခြုံရေး အက်ဥပဒေကို အတင်းအကျပ် ပြဌာန်းလာတာကြောင့် နိုင်ငံတကာရဲ့ ရှုတ်ချခြင်းကို ခံလိုက်ရပါတယ်။ အမေရိကန် နှင့် ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်လိုက်ပြီ ဖြစ်တဲ့အတွက် နိုင်ငံများ အနေနဲ့ တဖက်ဖက်ကို လိုက်ပြီး ရပ်တည်ကြရမယ့် အနေအထားကို ဖြစ်သွားစေခဲ့ပြန်ပါတယ်။ အများစုက အမေရိကန်ကိုပဲ ရွေးချယ်လာနေကြပါတယ်။

 

ထိုအရေးများအတွက် အဓိက နစ်နာခဲ့ကြရသူတွေကတော့ တရုတ်ကုမ္ပဏီများ နှင့် နိုင်ငံသားများပဲ ဖြစ်ပါတယ်။ ယခု တရုတ် ကုမ္ပဏီ ၅၉ ခုသည် အိန္ဒိယမှ မောင်းထုတ်ခြင်း ခံခဲ့ရပြီး ဒီအထဲမှာ wechat နဲ့ tikTock တွေ ပါသွားတဲ့အတွက် ကမ္ဘာလူဦးရေ၏ သုံးပုံတပုံ သုံးစွဲနေကြတဲ့ ဈေးကွက်ကြီး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အလားတူပဲ တရုတ်ရဲ့ အဓိက အားထားရာ ဟွာဝေးသည်လည်း အမေရိကန်နဲ့ ဥရောပမှာ ခြေကုတ်ယူနိုင့်မယ့် အခွင့်အရေးတွေ လက်လွှတ်သွားခဲ့ရပြန်ပါတယ်။

 

ဟောင်ကောင်ကို တဖြေးဖြေး စွန့်ခွာလာနေသူများအား ကြိုဆိုလိုသူတွေ ဝိုင်းဝိုင်းလည်နေတဲ့ အဖြစ်ကြောင့် တရုတ်အဖို့ ဦးနှောက် ယိုစီးမှု နဲ့ ထပ်မံရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ယခုအခါ တရုတ်တို့မှ ရှင်ကျန်းရှိ ဝီဂါ မူဆလင် များကို အတင်းအကျပ် စခန်းသွင်း ချုပ်နှောင်ခဲ့မှုများအား နိုင်ငံအများအပြားက ကန့်ကွက် ပြောဆိုလာနေရုံမျှမက စီးပွားရေး နဲ့ ဥပဒေကြောင်းအရပါ အရေးယူဖို့ ပြောလာကုန်ကြပါပြီ။ ၎င်းတို့၏နိုင်ငံများတွင် ရောက်ရှိနေကြသော တရုတ် သိပ္ပံပညာရှင်များ၊ ကျောင်းသားများ၊ ကုန်သည်များကိုလည်း မျက်လုံးဒေါက်ထောက် စောင့်ကြည့်လာနေကြပြီလည်း ဖြစ်ပါတယ်။

 

တရုတ်များက ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းအတိုင်း မချည်းကပ်ပဲ ကျဉ်းမြောင်းတဲ့ ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာခြင်းအား အဘယ်သို့သော နိုင်ငံမျိုးက လက်ပိုက်ကြည့်နေကြပေမည်နည်း။ ၎င်းတို့သည်လည်း အလားတူ ကိုယ်ကျိုးစီးပွား ကာကွယ်နိုင်ရေး အတွက် အတားအဆီးတွေ အကာအရံတွေ ချလာခဲ့ကြပါတယ်။ ထို့အတွက် တရုတ်တို့ အနေဖြင့် ဂုဏ်သိက္ခာပိုင်းကို အသာထားပြီး စီးပွားရေးအရ ပေးဆပ်ရမယ့် တန်ဖိုးက ကြီးလာနေပြီ ဟု ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ နှစ်ဆယ့်တစ်ရာစု တရုတ် ရေးရာဌာန အကြီးအကဲ ဆူဆန် ရှတ် က ဆိုပါတယ်။

 

တရုတ်တို့က ၎င်းတို့သည် ငြိမ်းချမ်းစွာ ရုန်းထလာနိုင်ရေးသာ ရည်ရွယ်ပြီး လက်ရှိ ကမ္ဘာအနေအထားကို ကဗြောင်းကဗြန် ဖြစ်အောင်လုပ်မည် မဟုတ်ဟု ကမ္ဘာ အသိုက်အဝန်းကို နှစ်ပေါင်းများစွာ ကြာအောင် အာမခံ လာခဲ့တာ ဖြစ်ပါတယ်။ သို့သော် ရှီ လက်ထက်တွင်တော့ အခြေအနေများက ပြောင်းလဲလာခဲ့ပြီး မိမိတို့ အလိုအတိုင်း ဖြစ်အောင် အတင်း အဓမ္မ လုပ်လာကြရုံမက ၎င်းတို့အပေါ် ဝေဖန်လာသူများကို သက်သက်ညှာညှာ ဆက်ဆံလိုစိတ် ကင်းမဲ့လာတာ တွေ့ရပါတယ်။ ဒါ့အပြင် တသက်လုံး ထိန်းလာတဲ့ ဂုဏ်သိက္ခာကို ဖျက်လို ဖျက်ဆီး လုပ်ပြစ်ရမှာကိုလည်း ဝန်မလေးတော့ပါဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါ ပိုးကို အလူးအလိမ့် ခံနေရတဲ့ အမေရိကန် အပါအဝင် ပြိုင်ဖက်တွေ အပေါ် အသာစီး ရလာခဲ့ပါတယ်။

 

သူတို့ကိုယ်သူတို့လည်း အားလုံး နဲ့ တန်းတူ ရည်တူ ဖြစ်လာပြီ၊ ငါတို့ကို ဒုက္ခပေးရင် မင်းတို့ကိုလည်း ပြန်ပေးနိုင်တယ် ဆိုတဲ့ အတွေးမျိုး ဝင်လာနေပြီ လို့ ချီကာဂို တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံ ပါမောက္ခ တရုတ်ရေးရာ ကျွမ်းကျင်သူ ဒါလီ ယန်းက ထောက်ပြခဲ့ပါတယ်။

 

တရုတ် အရာရှိများက ကိုဗစ်-၁၉ အတွက်တုန့်ပြန်ခဲ့မှု အပေါ် အမေရိကန် နဲ့ အနောက်နိုင်ငံတွေကို ဝေဖန်မှု တွေ တိုးမြှင့်ပြုလုပ်လာခဲ့ကြပြီး ရှင်ကျန်းရှိ ၎င်းတို့ ကျင့်သုံးနေတဲ့ မူဝါဒကိုလည်း ကာကွယ်ပြောဆိုလာခဲ့ကြပါတယ်။ နိုင်ငံခြား သတင်းစာဆရာ တွေကိုလည်း နှင်ထုတ်ခဲ့ပြီး ဟောင်ကောင် လုံခြုံရေး ဥပဒေကိုလည်း ရက်မဆိုင်းပဲ အကောင်အထည်ဖေါ်ကာ အဖမ်းအဆီးတွေ လုပ်လာခဲ့ပါတယ်။

 

ထို့အပြင် ၎င်းတို့ နှင့် အစဉ်အလာအရ ပြဿနာ မရှိတဲ့ ဩစတေးလျှ လို နိုင်ငံမျိုးကိုတောင် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ၎င်းတို့ အပေါ် စုံစမ်းစစ်ဆေးရေး လုပ်ဖို့ တောင်းဆိုလာမှု အတွက် ဩစတေးလျှ ပို့ကုန် ဖြစ်တဲ့ ဘာလီစေ့များ အပေါ် ကုန်သွယ်ခွန် ၈၀% တိုးမြှင့်လိုက်ပြီး ဩစတေးလျှ နိုင်ငံသားတဦးကို သေဒဏ် စီရင်လိုက်ပါတယ်။ ဟွာဝေးရဲ့ ဘဏ္ဍာရေး အကြီးအကဲ အား ကနေဒါက အရေးယူခဲ့တဲ့ အတွက်လည်း ကနေဒါ နိုင်ငံသား နှစ်ဦးကို အကြောင်းမရှိ အကြောင်းရှာပြီး ဖမ်းဆီးလိုက်ပြန်ပါတယ်။ ဂျပန်မှ ၎င်းတို့ အပိုင်လို့ ကြေငြာထားတဲ့ ကျွန်းတွေရှိရာကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပြန်တဲ့ အတွက် နှစ်ပေါင်းအတန်ကြာ ပြန်လည် ရင်ကြားစေ့နိုင်ခဲ့မှုများ ပျက်စီးသွားခဲ့ရပြန်ပါတယ်။ ယခုအခါ ဂျပန်ရှိ ကွန်ဆာဗေးတစ် အမတ်များက ဂျပန်သို့ ရှီ အလည်အပတ် လာရောက်ရန် ရှိတဲ့ ခရီးစဉ်ကို ဖျက်သိမ်းပြစ်ဖို့ တောင်းဆိုနေကြပါတယ်။

 

ဟောင်ကောင်၊ ရှင်ကျန်း၊ တောင်တရုတ်ပင်လယ်နှင့် ဟွာဝေး တို့က ကမ္ဘာကြီးသည် တရုတ် ခေါင်းဆောင်မှု အောက်သို့ရောက်သည့်အခါ မည်သို့မည်ပုံ ဖြစ်လာမည်ကို ပြဆိုနေသဖြင့် အိမ်နီးချင်း နိုင်ငံအများက သတိဝိရိယ ကြီးစွာ ထားလာနေကြပြီ ဖြစ်ပါတယ်။

 

ထိုသို့ ဖြစ်လာအောင် ဆုံးဖြတ်ချက်များကို မည်သူက ချမှတ်နေသည်နှင့် အဘယ်ကြောင့်နည်း ဆိုသည်အပေါ် တရုတ်အား လေ့လာစောင့်ကြည့်သူများ နားမလည်နိုင်အောင် ဖြစ်လာနေပါတယ်။ ဒါတွေအားလုံးရဲ့ တရားခံမှာ ရှီ ပဲ လို့ ယူဆလာကြပါတယ်။

 

ယခုလို တရုတ် ခေါင်းဆောင်ပိုင်း က အားလုံးနဲ့ တချိန်တည်း လှည့်ပတ်ပြီး ရန်လုပ်တာမျိုးဟာ အရမ်းကို နည်းပါးနေလို့လည်း ဖြစ်ပါတယ်။ ဤသည်က တိန့်ရှောင်ဖိန် စိုးရိမ်ခဲ့သလို အာဏာသည် လူတဦးတည်း တွင် သွားပြီးစုနေတဲ့ အတွက် ပေါ်လစီ အမှားတွေ ကျူးလွန်လာခြင်းသာ ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ မည်သူကမှလည်း ထိုသို့သော လူမျိုးကို မှားနေပါသည်ဟု ထောက်ပြရဲခြင်း မရှိတာကြောင့် လည်း ဖြစ်ပါတယ်။

 

ပြည်တွင်းတွင် တရုတ်သည် အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်လာနေရပါတယ်။ နှေးကွေးလာနေတဲ့ စီးပွားရေး ကို နာလံထူလာရန် ရုန်းကန်လာရသလို ပြည်တွင်း၌လည်း ၎င်းတို့ အပေါ် ဝေဖန်လာသူများ ကို တင်းကျပ်စွာ ဆင်ဆာ ပြုလုပ်ခြင်း၊ ဖမ်းဆီး အရေးယူခြင်းများ နဲ့ နှိပ်ကွပ်လာနေပါတယ်။

 

ယခုအခါ တရုတ်ပြည်သူများ သည် သူတို့နိုင်ငံနှင့် အမေရိကန်တို့အကြား စစ်အေးတိုက်ပွဲကြီး စတင် ဆင်နွှဲနေပြီ ဆိုတဲ့ အသိနဲ့ မလုံခြုံမှု တွေ ဖြစ်လာနေပါတယ်။ ယခင် နှစ်ပေါင်း လေးဆယ် နီးပါး ငြိမ်းငြိမ်းချမ်းချမ်း ရှိနေခဲ့တာကို တမ်းတပြောဆိုလာကြပါတယ်။

 

တရုတ် ခေါင်းဆောင်ပိုင်းကတော့ သူတို့ လုပ်ရပ်တွေ အပေါ် နိုင်ငံတကာ မှ ဘယ်လို တုန့်ပြန်လာမလဲ ဆိုတာ အရေးမလုပ်ကြပေမယ့် ပြည်တွင်းမှာတော့ ထောက်ခံမှု ရရေးကို ပိုပြီး အလေးထားခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်များ အတွင်း ရှီ သည် တရုတ် အရှေ့မြောက်ပိုင်း ရှိ လယ်သမားများနှင့် စကားစမြည် ပြောဆိုခြင်း၊ လေတပ်ကို သွားရောက်ကြည့်ရှုပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးရှေ့တွင် ဓါတ်ပုံရိုက်ခံခြင်း၊ ရေလွှမ်းမိုး ခံရတဲ့ ဒေသတွေ သွားရောက်ပြီး “လိုအပ်သည်များ ကို ညွှန်ကြားခြင်း” များ လုပ်နေတာ တွေ့ရပါတယ်။ ဒါကို ကြည့်ရင် သူ့အဖို့ နိုင်ငံတကာ မှာ ဝေဖန်ခံနေရတာထက် ပိုအရေးကြီးနေတယ်ဆိုတာ ပြဆိုနေပါတယ်။

 

“ဆုံးဖြတ်ချက် ချတဲ့ လူတွေကတော့ ဆုံးဖြတ်ချက် တိုင်း အတွက် တန်ဘိုး တခု ပေးရမယ် ဆိုတာ သိနေကြပေမယ့် လိုလိုလားလားကို ပေးဖို့ အဆင်သင့် ဖြစ်နေပုံရှိတယ်” ဟု ဒါလီ ယန်းက မှတ်ချက်ချခဲ့ပါတယ်။

 

(ဗြိတိန် နိုင်ငံထုတ် ဂါဒီယန်း သတင်းစာကြီး၏ ဘီဂျင်း ဗြူရို အကြီးအကဲ လီလီ ၏ “Why is Xi Jinping Pitting against the World’ ဆောင်းပါး ကို ရည်ညွှန်းသည်)