ထိုနေ့မှာပင် စစ်သူကြီး ဗန္ဓုလ သည် အချိန်မဆိုင်းပဲ လက်ရွေးစင် တပ်သား ၆,၀၀၀ ကို ဘုရင် ရှေ့မှောက် နန်းရင်ပြင်တွင် အခမ်းအနား ဖြင့်ရွေးထုတ်လိုက်သည်။ တချိန်တည်းမှာပင် ၎င်း၏ စစ်ကဲကြီးများကို ဧရာဝတီ မြစ်ပြင်ကျယ်ကြီး ကို ဖြတ်၍ စစ်ကိုင်းဖက်သို့ ကူးနိုင်ရန် စီစဉ်စေ ဟု အမိန့်ပေးခဲ့သည်။ ဤသည်ကား ရှည်လျားသော ခရီးစဉ်၏ ပထမ အဆင့်လည်း ဖြစ်သည်။
မြစ်ကမ်းပါး တွင် အင်္ဂလိပ် ကုန်သည်ကြီး ဟင်နရီ ဂူဂျား နေထိုင်သည်၊ ၎င်းသည် ဘုရင်၏ မိတ်ဆွေ တဦး ဖြစ်၍ ယခုတိုင် ဖမ်းဆီးခံရခြင်း မရှိသေးပေ။ ဂူဂျားက ဧရာဝတီ မြစ်ကို ဖြတ်ကူးကြပုံ ကို ၎င်း၏ "အင်းဝ အကျဉ်းသား" စာအုပ်တွင် အသေးစိပ် ချယ်မှုန်း ရေးသားခဲ့သည်။
တင့်တယ် ခမ်းနားလှသော စစ်သုံး ဖောင်တော်များသည် နေ့လည် အချိန်တွင် တပ်သားများကို တင်ဆောင်ရန် အဆင်သင့် ဖြစ်နေကြပြီ၊ ဖောင်တော် အများစု ကို ရွှေချထားသည်၊ တပ်သားများသည် ဖောင်တော် များ ပေါ်သို့ အစီအစဉ် အတိုင်း စနစ်တကျ တက်ရောက်နေကြပြီ ဖြစ်သည်ဟု ဂူဂျားက ယခုလို မှတ်တမ်းတင်ထားခဲ့သည်။
"စစ်သည် တိုင်းသည် စစ်ချီရာတွင် သက်တောင့် သက်သာ ရှိစေရန် ဝါဂွမ်းဖြင့် အဖတ်လိုက် ထူထူထဲထဲ ချုပ်ထားသော အနက်ရောင် ဂျက်ကက်များ ဝတ်ဆင်ထားကြသည်။ မိမိတို့ နှင့် သက်ဆိုင်ရာ တပ်ဖွဲ့အလိုက် သေနတ်ရှည်၊ သို့မဟုတ် လှံ နှင့် ဒိုင်းများ ကိုင်ဆောင်ထားကြသည်။ တောက်ပသည့် အမှတ်အသားများ ပါသော အလံပေါင်းစုံ ကို လွှင့်ထူထားပြီး စစ်ချီ တေးသံများ ပဲ့တင်ထပ်လျက် ရှိသည်။ အကြီးအကဲများသည် တိုက်လှေများ၏ ဦးပိုင်း (ကျွနုပ်တို့ အတွက် အမြီးပိုင်းက ဂုဏ်ပြု ရာ နေရာ အဖြစ် သတ်မှတ်ထားသော်လည်း ၎င်းတို့ အတွက်က ဦးပိုင်းသည် အထွတ်အမြတ်ဟု ယူဆထားသည်။)
တိုက်လှေတစီးစီ ၏ အလယ်တွင် အကအခုန် ကျွမ်းကျင်၍ ရွေးချယ်ထားပုံရသော စစ်သည် တဦးသည် hornpipe ကဲ့သို့ လေမှုတ် တူရိယာ မျိုး နှင့် ကခုန် လျက် ရှိသည်။
အားလုံး အဆင်သင့် ဖြစ်လာသည့် အခါ မြစ်ကမ်းပါး တလျောက် တမျှော်တခေါ် ကြီး စီတန်းနေသည့် တိုက်လှေ များသည် တမိုင်နီးပါးမျှ ကျယ်ဝန်းသည့် မြစ်ပြင်ကျယ်ကြီးကို ဖြတ် ကျော်ရန်တပြိုင်နက် လှော်ခတ် ထွက်လာကြသည်။ လူ ၆,၀၀၀ ခန့် လည်ချောင်းများမှ အားနှင့် မာန်နှင့် သံပြိုင် သီဆိုလိုက်သော စစ်ချီ သီချင်းသံသည် နားကွဲ လုမတတ် ထွက်ပေါ်လာခဲ့သည်။ ထောင်ပေါင်းများစွာသော လှော်တက်များ၏ လှော်ခတ်သံသည်လည်း သီချင်းသံ နှင့် အတူ စီးချက်ညီစွာ ထွက်ပေါ်လာနေသည်။
စိတ်လှုပ်ရှားစရာ မြင်ကွင်းတခုပင် ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက် နှင့် ပတ်သက်၍ ကျွနူပ်တွင် သံသယများ၊ စိုးရိမ်မကင်း ဖြစ်နေမှု များသာ မရှိခဲ့လျင် ပျော်ရွှင်ကြည်နူးစွာ ကြည့်နေမိမည်သာ ဖြစ်သည်။"
မြစ်ကမ်းပါး တဖက်ရှိ ခပ်ဝေးဝေး တနေရာတွင် ဗန္ဓုလ သည် သူ၏ စီးတော်ဆင် ကြီးပေါ်သို့ တက်လိုက်သည်။ နောက်တွင်တော့ စစ်ကဲကြီးများကကကြိုးတန်ဆာများ ဆင်ထားသော မြင်းများ ပေါ်သို့ အသီးသီး တက်လိုက်ကြသည်။ ခြေလျင် တပ်သား များက သေနတ်များ၊ အိတ်များ တင်ဆောင်လာသည့် ဆင်များ ဘေးတွင် ခြံရံ လိုက်ပါလာကြသည်။ ၎င်းတို့ အားလုံးသည် ရခိုင်ပြည်နှင့် မြန်မာ ကို ပိုင်းခြားထားသည့် တောင်တန်းများကို ဖြတ်ကျော်ရန် အမ်း တောင်ကြားလမ်းသို့ ဦးတည် ချီတက်လာခဲ့ကြသည်။
ထိုသို့ စစ်ကြောင်း ချီလာခြင်းသည် ရွှေနန်းရှင် မင်းတရားကြီး၏ အမိန့်နှင့် ဗြိတိသျှ တို့ကို တိုက်ခိုက်ရန် ဖြစ်သည်ကို သိထားသူ အနည်းငယ်မျှသာ ရှိသည်ဟု ဂူဂျားက ဆိုသည်။ ထိုကဲ့သို့ပင် နိုင်ငံ မြောက်ပိုင်းရှိ မြန်မာ တပ်များ သည် လှုပ်ရှားမှု ကိုလည်း အထူး လျို့ဝှက်ထားပြီး ဇန်နဝါရီ ၁၈ ရက်နေ့တွင် မဏိပူရ နယ်ခြားကို ဖြတ်ကျော်၍ ဗြိတိသျှ-အိန္ဒိယ ပိုင်နက်ထဲသို့ ချင်းနင်း ဝင်ရောက်လာခဲ့ကြသည်။ ကချာ အနီးတွင် စတင် ထိတွေ့မှု ဖြစ်ပွားလာခဲ့ရာမှ ဗြိတိသျှ တို့ အပေါ် စစ်ကြေညာ၍ စတင် တိုက်ခိုက်ခဲ့ကြတော့သည်။
ယခုလို အပျက်ပျက် နှင့် နှာခေါင်းသွေး ထွက်ခဲ့ရသည့် ရန်လို မုန်းတီးမှုများသည် အစောပိုင်း နှစ်ပေါင်း လေးဆယ် ခန့်က စတင်လာခဲ့သည်။ ၁၇၈၄ တွင် ဘကြီးတော် မင်း၏ အဘိုးဖြစ်သူ ဘိုးတော်ဘုရားသည် ဘင်္ဂလား ပင်လယ်အော် အရှေ့ဖက် ကမ်းရိုးတန်း တလျောက်တွင် တည်ရှိနေသော ရခိုင် ဘုရင့်နိုင်ငံကို သိမ်းပိုက်ခဲ့သည်။ ဤသို့ဖြင့် မြန်မာသည် ဗြိတိသျှ ပိုင် စစ်တကောင်း နှင့် နယ်နမိတ်ချင်း ထိစပ်လာခဲ့သည်။
မြန်မာ နှင့် ဗြိတိသျှ တို့က နယ်မြေချဲ့ထွင်လိုသူ များ ဖြစ်၍ တဦးနှင့် တဦး ငါနယ့်မြေ ကို မျက်စောင်းထိုးနေပြီလား ဆိုကာ သံသယ ပွားနေခဲ့ကြသည်။ ထို့အပြင် ဗြိတိသျှ တို့က ၎င်းတို့၏ ရန်သူတော်ကြီး ဖြစ်သော ပြင်သစ် စစ်သင်္ဘောများအား မြန်မာ ဆိပ်ကမ်း များ အသုံးပြုခွင့် ပေးနေသည်ဟု ယုံကြည်နေကြပြန်သည်၊ ဤသည်ကပင် အချိန်မရွေး ပေါက်ကွဲ သွားနိုင်သည့် အနေအထား ဖြစ်လာခဲ့ရသည်။
ကနဦး တွင်တော့ နှစ်နိုင်ငံ အကြား နယ်ခြား ပြဿနာ များကို စေ့ဆပ်ဆွေးနွေး ကာ ဖြေရှင်းခဲ့ကြသည်။ ၁၇၉၈ တွင် ဘိုးတော်ဘုရား သည် ရခိုင်အမျိုးသား ၁၅,၀၀၀ ခန့်ကို ယိုဒယား အား ချီတက် တိုက်ခိုက် ရန် စစ်ထဲ ဆွဲသွင်းခဲ့သည်။ ရခိုင်တို့သည် စစ်ရေး အရ မြန်မာ တို့ အပေါ်အရေးနိမ့် သွားခဲ့သည့် အချိန် တွင် ၎င်းတို့ အပေါ် အတင်းအဓမ္မ ဆက်ဆံလာသည့် ဘိုးတော်ဘုရား၏ စစ်ဗိုလ်ချုပ်များ လက်မှ လွတ်ရာလွတ် ကြောင်း အဖြစ် ရခိုင် အမျိုးသား ၄၀,၀၀၀ သည် ဗြိတိသျှ ပိုင်နက် နယ်မြေထဲသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်။
ယခု ယိုးဒယား ကို စစ်ချီရန် အင်အား စုဆောင်းလာချိန်တွင် လူ ၁၀,၀၀၀ ခန့်သည် မိသားစု များကို တပါတည်း ခေါ်ဆောင်ကာ နယ်ခြားကို ဖြတ်ကျော်ကာ ပြေးဝင်သွားခဲ့သည်။ ဗြိတိသျှ တို့က ၎င်းတို့အား နိုင်ငံရေး ဒုက္ခသည်များ အဖြစ် သဘောထားက လက်ခံခဲ့ကြသည်။ ဤသည်ကပင် ပဋိပက္ခ ဖြစ်ရာ ဖြစ်ကြောင်း မျိုးစေ့များ ဖြစ်လာခဲ့ရသည်။
ဘိုးတော် ဘုရား၏ တပ်များသည် နယ်ခြားကို ဖြတ်ကျော်၍ စစ်တကောင်း နယ်မြေထဲအထိ ဝင်ရောက်လာခဲ့ကြသည်။ ဗြိတိသျှ-အိန္ဒိယ တပ်စု တစုက ဝင်ရောက် ဟန့်တားပြီး ရှေ့ဆက် မတိုးရန် တားမြစ်လာကြသည်။ ထိုစဉ်က ဒေသတွင်း ပဋိပက္ခ ငယ်များ မှ စစ်ပွဲကြီး အသွင် သို့ အရှိန်မြင့်တက် မလာအောင် ဟန့်တားရမည်ဟူသော မူဝါဒ ရှိထားခဲ့ပြီး ဖြစ်သည်။
ထိုစဉ်က ဘုရင်ခံချုပ် လော့ဒ် ဝဲလက်စလေသည် မြန်မာ တို့ နှင့် ပဋိပက္ခ ဖြစ်ပွားရမည့် အရေးကို မလိုလားခဲ့ပေ။ အိန္ဒိယ တောင်ပိုင်း တွင် အိန္ဒိယ ခေါင်းဆောင် တီပူ ဆာဟစ် နှင့် မိုင်ဆိုး စစ်ပွဲကြီး အပြင်းအထန် ဆင်နွှဲ တိုက်ခိုက်နေချိန်လည်း ဖြစ်သည်။
ထို့အတွက် ဝဲလက်စလေသည် ဗိုလ်မှုးကြီး မိုက်ကယ်ဆိုင်းစ် အား အင်းဝရွှေနန်းသို့ အထူး သံတမန် အဖြစ် စေလွှတ်ခဲ့သည်။ ပြဿနာ ကို တတ်နိုင်သမျှ နှောင့်နှေးသွားစေဖို့ လောလောဆယ် ချစ်ကြည်ရေး တည်ဆောက် ထားရန် အတွက် ဖြစ်သည်။