ရှေ့နေကြီး ရော်ဘတ် ကရိုးမှ တရားလို ဖက်အတွက် အပြီးသတ် လျှောက်လှဲခဲ့သည်။ ကရိုးသည် ယေးလ် တက္ကသိုလ် ကျောင်းဆင်း တဦး ဖြစ်ပြီး အီလီနျွိက် နိုင်ငံရေးနယ်ပယ်တွင် နာမည်ရ လူသိများလာသူ တဦး ဖြစ်သည်။ ၎င်းသည်လည်း သူ့ အတိုင်းအတာ နှင့် သူ စကားပြောကောင်းသူ တဦး ဖြစ်သည်။
၎င်းက "ကွတ်ခရိုင်တွင် လူသတ်မှုကို အကာအကွယ်ပေးရန် အလုပ်လုပ် နေကြသော ဂုဏ်သရေရှိလူကြီးမင်းများဟု အစချီကာ တဖက် ရှေ့နေများ၏ ငြင်းခုံမှုများကို လှောင်ပြောင်တိုက်ခိုက်ခဲ့ပြီး၊ သူခိုးများကလည်း ပြစ်မှုကျူးလွန်ရန် အိမ်မှ မထွက်ခွာမီ ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို စစ် ဆေး နေကြပြီ ဖြစ်သည်" ဟု ဆိုသည်။
ညာဖက်ရှိ လီယိုပိုးကို ကြည့်လိုက်ရင်းက "ဒီမှာ နာသန် မောင်ရင့် အနေနဲ့ ဘုရားသခင် ရှိတယ်၊ မရှိဘူး ဆိုတာ ယုံကြည်သလား၊ မယုံကြည်ဖူးလား ဆိုတာ ကျုပ် တွေးနေမိတယ်၊ နီရှေး ရဲ့ ဒဿန တွေကို ယုံကြည် သက်ဝင်ခဲ့တဲ့ လူတယောက်က မျက်မှန် ကျကျန်ခဲ့တာဟာ မတော်တဆ လို့ မောင်ရင် ထင်နေသလား၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ အမျက်တော်ဟာ မောင်ရင်တို့ရဲ့ သနားစရာ ကောင်းလှတဲ့ ခန္ဓာကိုယ် ပေါ် သက်ရောက်လာအောင် နတ်ဘုရားတွေက စီမံ ပေးလိုက်တာလား ဆိုတာလည်း ကျုပ် တွေးမိလိုက်သေးတယ်"
ကရိုးက ဒဲရိုးမှ ကျုးလွန်ခဲ့သော ပြစ်မှု အတွက် တရားခံများမှ လွဲ၍ ကျန်ရှိသည့် လူတိုင်း၊ အရာရာတိုင်းကို အပြစ်ပုံချ ခဲ့မှု အပေါ်လည်း ယခုလို လှောင်ပြောင် သရော်သွားခဲ့ပြန်သည်။ "ဘုရားရေ..အကယ်လို့များ တယောက်ယောက်မှာ နှုတ်ခမ်းကွဲ သွားရင်တောင် အဲ့ဒီ လူတွေကို တရားစွဲတဲ့ အတွက် ဒဲရိုးက ကျွန်တော်ကို တောင်းပန်ခိုင်းဦးမလား မသိဘူး"
တရားခံဖက်က လျှောက်လှဲခဲ့သော စိတ်ရောဂါကု ဆရာဝန်များအားလည်း "အရှေ့တိုင်းမှ ပညာရှင် သုံးဦး" ဟု ခေါ်ဝေါ်ခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဦးသည် “သူ့ရဲ့ ဒုတိယမြောက် ကလေးဘဝထဲ ပြန်ရောက်နေပြီ” ဟု စွပ်စွဲကာ၊ "အကျိုးအမြတ်ကို ကြည့်၍ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်နေသည်” ဟုလည်း စွပ်စွဲခဲ့သည်။ (ခရစ်ယာန်ဘာသာတွင် ယေရှုမွေးဖွားစဉ် လက်ဆောင်လာပေးသော ပညာရှိသုံးဦးကို ရည်ညွှန်းခြင်း ဖြစ်သည်။)
ကရိုး က တရားခံ နှစ်ဦးအား ပြင်းထန်သော စကားလုံးများ ဖြစ်သည့် "သူရဲဘော ကြောင်သည့် ဖေါက်ပြန်သူများ'၊ "မြွေလို ကောင်များ" ၊ "ဘာသာတရား မရှိသူများ"၊ "စည်းစိမ် ဥစ္စာများ ဖြင့် အလိုလိုက်ခံထားရ၍ အများတကာထက် တော်သည် တတ်သည် ထင်ကာ မောက်မာနေသူများ"၊ "ခွေးရူးများ" အစရှိသဖြင့် ရည်ညွန်း ပြောဆိုလာခဲ့သည်။ ယခုထိ လည်း နောင်တရပုံ မရှိသော တရားခံ နှစ်ဦး မှ ကြိုတင်ကြံစည်ကာ ကျူးလွန်ခဲ့သော လူ သတ်မှု ဖြစ်၍ သင့်တင့် လျောက်ပတ်စွာ ပြစ်ဒဏ်ချ မှတ်ဖို့ လိုအပ်သည်ကို သိသာထင်ရှားစေသည့် အမှုမျိုး ဖြစ်သည်ဟု ဖြစ်သည်ဟု ပြောဆိုသွားခဲ့ပြန်သည်။
လက်ရှိ အမှုတွင် "အမှန်တကယ် ခုခံ ချေပချက်" သည် ကလဲရင့်စ် ဒဲရိုး၏ ထူးခြား ဆန်းကြယ်သော ဘဝ ဒဿနာ များသာ ဖြစ်သည်ဟု ဆိုသည်။ လိုအပ်သည်ထက် ပိုမို လွန်ကျုးစွာ သက်သေပြခဲ့ခြင်းသာ ဖြစ်သည်၊ ဒဲရိုး ပြောသည်ကိုသာ အမှန်ဟု ယူဆရလျင် အပြစ်ရှိသူ တဦးတယောက်မျှပင် ရှိတော့မည် မဟုတ် ဟု လျှောက်လှဲ တင်ပြသွားသည်။ ဒဲရိုး၏ ချေပချက်သည် တရားခံများ အတွက် ချေပရာ မရောက်၊ တရားသူကြီး ကယ်ဗာလီအားလည်း တရားသဖြင့် မှန်ကန်စွာ သုံးသပ် စီရင်ပေးပါရန် အပြီးသတ် လျှောက်လှဲ သွားခဲ့သည်။
နှစ်ပတ် အကြာတွင် ကယ်ဗာလီသည် သူ၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။ လူသတ်မှု အား "တမူထူးခြားသော အတိုင်းအဆမရှိ ရက်စက်ကြမ်းကြုပ်သည့် ရာဇဝတ်မှု" ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။ ရာဇဝတ်မှု ကျုးလွန်စေခဲ့သည့် နောက်ကွယ် အကြောင်းရင်းများ သည် ၎င်း၏ စီရင် ဆုံးဖြတ်ချက်ကို သက်ရောက်မှု မရှိ၊ လူသားတစ်ဦး၏ လုပ်ရပ်များအတွက် ဒဿန သို့မဟုတ် ကိုယ်ကျင့်တရားအရ အဆုံးစွန်ဆုံး တာဝန်ရှိမှုကို ဆုံးဖြတ်ပေးရန်မှာ တရားရုံး၏ လုပ်ပိုင်ခွင့် နယ်ပယ်မဟုတ်ကြောင်း ရှင်းပြခဲ့သည်။
သို့သော်လည်း တရားခံများ၏ အသက်အရွယ်ကို ထည့်သွင်းစဉ်းစားသည်က တကြောင်း၊ ပြစ်မှု ကျုးလွန် ခဲ့သည့် တရားခံ ဆက်ကျော်သက် နှစ်ဦးကို နောင်တချိန်တွင် လေ့လာမှု ပြုခြင်းဖြင့် ရာဇဝတ်မှု ပညာရပ် အတွက် အကျိုးကျေးဇူး ရှိနိုင်သည်က တကြောင်း တို့ကြောင့် ၎င်းတို့ နှစ်ဦးအား သေဒဏ် မဟုတ်ဘဲ တသက်တကျွန်း ထောင်ဒဏ်သည်သာ ပိုမို သင့်လျော်သည်ဟု ယူဆသည်။ ထိုစီရင်ချက်သည် လူသတ်သမား များကို မျက်နှာသာ ပေးခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 'ကျုးလွန်သူများအား နှစ်ပေါင်း ရှည်လျားစွာ ထောင်သွင်း အကျဉ်းချ ထားခြင်းသည်သာ အပြင်းထန်ဆုံး ပုံစံဖြင့် ဒဏ်ခတ် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
နောက်ပိုင်း လေ့လာ ဆန်းစစ်ချက် စစ်တမ်းများအရ ဒဲရိုး ၏ လျှောက်လှဲချက်အား နှစ်ဆယ်ရာစု အတွင်း အကောင်းဆုံး ပြောနိုင်ခဲ့သည့် မိန့်ခွန်းပေါင်း နှစ်ဆယ့် ငါးခု တွင် ပညာရှင်များက ထည့်သွင်းခဲ့ကြသည်။
ဒဲရိုး၏ အချက်ကျကျ နှင့် စကား ပရိယယ် ကြွယ်ဝစွာ လျောက်လှဲ နိုင်ခဲ့မှု သည် တကယ်တမ်း မည်မျှ အထိ သက်ရောက်မှု ရှိခဲ့သည်က ရှင်းလင်းစွာ သိနိုင်စွမ်း မရှိခဲ့ပေ။ တရားသူကြီး ကယ်ဗာလီ ၏ ဆုံးဖြတ်ချက် အရ ဆိုလျင် ဒဲရိုးသည် တရားခံ နှစ်ဦး ၏ အသက်ငယ်ရွယ် မှု ကိုသာ ထောက်ပြပြီး ဘာစကား မှ ဆက်မပြောဘဲ ထိုင်ချလိုက်ယုံ နှင့် အကျိုး သက်ရောက်မှု က အတူတူ ပင် ဖြစ်ပေလိမ့်မည်။
သို့သော် ဒဲရိုးသည် ၎င်း၏ လျှောက်လှဲချက်အား တရားခွင် အတွက်သာ ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ ထိုထက် ပို၍ ကျယ်ပြန့်စွာ သိမြင်လာစေရန် အတွက် ဖြစ်သည်။ ထိုကဲ့သို့လည်း မကြာခဏ လုပ်လေ့ရှိသူ ဖြစ်သည်။ သေဒဏ်ချမှတ်ခြင်းသည် ကျင့်ဝတ်သိက္ခာအရ ကိုက်ညီမှု ရှိပါ၏ လော ဟု စိန်ခေါ်လာခဲ့သည်။ မိမိတို့၏ တရားစီရင်ရေးစနစ် သည်လည်း ထို အမေးကို ဖြေဆိုနိုင်ဖို့ ရုန်းကန် နေရဆဲ ဖြစ်သည်ဟု ၎င်း၏ အမေးကို ဆန့်ထုတ်လာခဲ့သည်။
ရာဇဝတ်မှု ကျူးလွန်သူ တစ်ဦးချင်းစီ၏ တာဝန်ခံယူ စေမှုနှင့် ၎င်းတို့၏လုပ်ရပ်များကို ထိန်းချုပ်မရနိုင်သော ပြင်ပအင်အားစုများက လွှမ်းမိုးခံနေရသည့် လက်တွေ့ဘဝကြားတွင် ကျွန်ုပ်တို့မည်သို့ မျှတအောင် ထိန်းညှိသင့်သနည်း။
ရစ်ချတ် လိုဘ် နှင့် နေသန် လီယိုပိုး တို့ နှစ်ဦးစလုံးအား အီလီနွိုက်စ် ပြည်နယ်ထဲရှိ ဂျိုလီယက် အကျဉ်း ထောင်သို့ ခေါ်ယူသွားခဲ့သည်။ ၁၉၃၆ တွင် လိုဘ်သည် အကျဉ်းထောင် ရေချိုးဆောင် အတွင်း အကျဉ်းသား တဦး နှင့် ခိုက်ရန် ဖြစ်ပွားစဉ် အတွင်း မုတ်ဆိတ်ရိတ် ဓါး နှင့် သတ်ဖြတ်ခံခဲ့ရသည်။ လီယိုပိုး အားလည်း သူ၏ အချစ်ဆုံး သူငယ်ချင်း နှင့် မသေမီ တွေ့ခွင့်ရအောင် ဆေးရုံသို့ ကမန်းကတန်း ခေါ်လာခဲ့သည်။
လိုဘ်ကို တိုက်ခိုက်ခဲ့သူက သူ့အား လိုဘ်မှ လိင်ကိစ္စ နှင့် သွေးတိုးစမ်းလာ၍ ခုခံကာကွယ် ခဲ့ရခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ လိုဘ် အသတ်ခံခဲ့ရမှု အား ချီကာဂို ဒေလီ နယူးစ် သတင်းစာမှ စာလုံးမည်းကြီး များ ဖြင့် ယခုလို ရေးသားခဲ့သည်။ "Richard Loeb, despite his erudition, today ended his sentence with a proposition. ရစ်ချတ် လိုဘ် သည် ပညာတတ်တဦး ဖြစ်သော်ငြားလည်း ဝါကျ ကို ဝိဘတ် ဖြင့် အဆုံးသတ်သွားသည်" ဟူ၍ ဖြစ်သည်၊ ထိုသတင်း ခေါင်းစဉ် သည် အဓိပ္ပါယ် နှစ်ခွ ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ စကားလုံး အသုံးအနှုန်း လိမ္မာ ပါးနပ်သော်ငြားလည်း တိကျခြင်းတော့ မရှိ၊ အကျဉ်းထောင် အရာရှိများကတဖက်မှ ရန်စ ခြင်း မရှိပဲ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်၍ ကျုးလွန်သူ ကို ရုံးတင်တရားစွဲ မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လီယိုပိုးကတော့ အကျဉ်းထောင်ထဲတွင် ၎င်း လေ့လာ ဆည်းပူးခဲ့သည့် ဗဟုသုတ ပညာများ ဖြင့် တက်ကြွလှုပ်ရှားနေသည်။ ထောင်တွင်း စာသင်ကျောင်းများတွင် ဝင်ရောက် သင်ကြားပြသပေးခဲ့ပြီး နိုင်ငံခြား ဘာသာ စကားများကိုလည်း ကျွမ်းကျင် ပိုင်နိုင်သည် အထိ ဆည်းပူး လေ့လာခဲ့ပြန်သည်။ ထောင် ဆေးရုံတွင် ဓါတ်မှန် ပညာရှင် အဖြစ် လုပ်ကိုင်ခဲ့သည်။ ထောင်တွင်း စာကြည့်တိုက်ကိုလည်း စနစ်တကျ ဖြစ်လာအောင် ပြုလုပ်ပေးခဲ့သည်။ ငှက်ဖျားရောဂါ ကာကွယ်ဆေး အတွက် အစမ်းသပ်ခံဖို့ မိမိသဘော အလျောက် ပါဝင်ခဲ့ပြီး အကျဉ်းထောင် ပညာရေး အတွက် စနစ်သစ် တရပ် ဖေါ်ဆောင်ဖို့ အစီအစဉ် ချ လုပ်လာခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် ပြည်နယ် အုပ်ချုပ်ရေး မှုး အက်လိုင် စတီဗင်ဆန်သည် လီယိုပိုး၏ အပြစ်ဒဏ် ကို လျော့ချပေးခဲ့သည်။ လီယိုပိုးသည် နှစ်ပေါင်း သုံးဆယ့် လေးနှစ်ကြာ အကျဉ်းချ ခံခဲ့ရပြီး နောက် ၁၉၅၈ တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ လီယိုပိုးသည် ၎င်းလွတ်မြောက်လာမှု နှင့် အတူ ၎င်း၏ အဖြစ်အပျက်ကို အခြေခံ၍ ရိုက်ကူးထားသော 'Compulsion" (စေ့ဆော်မှု) ဆိုသည့် ရုပ်ရှင်လည်း ထွက်လာခဲ့သည်၊ ထိုသို့ လူသိများလာမှု ကို ရှောင်ရှား နိုင်ရန် ပြူတိုရီကို သို့ ပြောင်းရွှေ့သွားခဲ့သည်။
ပြူတိုရီကို တွင် ၎င်း ဝါသနာ ပါသည့် ငှက်များ အကြောင်း ကို "The Birds of Puerto Rico" အမည် ဖြင့် စာအုပ်ရေးသား ပြုစုခဲ့သည်။ မာစတာ ဘွဲ့ကိုလည်း ရရှိခဲ့ပြီး သင်္ချာဘာသာရပ်ကို ပို့ချပေးခြင်း၊ ဆေးရုံ များ နှင့် ဘုရားကျောင်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြန်သည်။
တပည့်ဟောင်းများက လီယိုပိုးသည် ကြင်နာပြီး၊ ကူညီတတ်သည်၊ သိက္ခာသမာဓိ ရှိသူ တဦး ဟု ပြောပြခဲ့ကြသည်။ "လူတွေကို ကူညီပေးရတာ ကျွန်တော်ရဲ့ အဓိက ဝါသနာ ဖြစ်လာတယ်၊ ကျွန်တော်ကို ပျော်ရွှင် ကျေနပ် အောင် လုပ်နိုင်တဲ့ နည်းလမ်း မျိုး ဖြစ်လာတယ်" ဟု လီယိုပိုးက သူ၏ မိတ်ဆွေများကို ပြောပြခဲ့သည်။
၁၉၇၁ ဩဂုတ်လ ၃၀ ရက်တွင် လီယိုပိုးသည် နှလုံးရောဂါ ဖိစီးခံရ၍ ကွယ်လွန်သွားခဲ့သည်။ နောက်တရက် တွင် လီယိုပိုး၏ မျက်ကြည်လွှာ ကို ထုတ်ယူခဲ့ကြပြီး အမျိုးသား တဦး နှင့် အမျိုးသမီး တဦး ကို တခုစီ မျှဝေပေးခဲ့သည်။
လီယိုပိုး ၏ ဇာတ်လမ်းသည် တစ်နည်းအားဖြင့်ဆိုသော် အပြစ်မှ လွတ်မြောက် စေခြင်း သို့မဟုတ် ဂုဏ်သိက္ခာ ပြန်လည်ရရှိခြင်းဟူသော အကြောင်းခြင်းရာ တစ်ခု သာ ဖြစ်သည်။ သူ့ ဘဝ၏ နောက်ဆုံးနှစ်များ တွင် လူငယ်ဘဝက ကျူးလွန်ခဲ့သော ရာဇဝတ်မှုကို ပြန်လည် ပေးဆပ်ရန် ကြိုးပမ်းအားထုတ်မှုများသည် သေဒဏ် ပေးမှု ကို ဆန့်ကျင်ရာတွင် အကျိုးသင့်အကြောင်းသင့် အရှိဆုံး ပြဆ်ိုနိုင်ခဲ့မှုဖြစ်သည်ဟု ပြောလိုက ပြောနိုင်ပေသည်။
(ဆက်လက် ပြီး မျောက်တရား စီရင်ခန်းကို တင်ပြသွားပါမည်)