စစ်တပ်အား နိုင်ငံရေး မှ ထွက်ခွာရန် ထိုင်းကျောင်းသားများ ဆန္ဒပြ၊ စစ်တပ်ကို စုန်းတစ္ဆေများနှင့် ခိုင်းနှိုင်းပြောဆို

by Hla Soewai - Aug 13 2020

မိမိတို့၏ စာသင်ခန်းများ၌သာမက လူ့ဘောင် အဖွဲ့အစည်းအတွင်း အထိ ဝင်ရောက် ကျူးကျော်လာနေပြီဆိုကာ စစ်တပ်အား နိုင်ငံရေး မှ ထွက်ခွာပေးရန် ထိုင်းကျောင်းသားများ၏ ဆန္ဒပြပွဲများ နိုင်ငံအနှံ့အပြားတွင် ထွက်ပေါ်လာခဲ့သည်။

 

ကျောင်းသားများ အား စစ်တပ်ပုံစံ ဆံပင်မျိုး ညှပ်ရန် နှင့် ကျောင်းသူများကို ဆံပင်အား နားရွက်အောက်တွင် ကုပ်ထားရန် ဆိုသည့် ယခင် စစ်အစိုးရများ၏ ကျောင်းစည်းကမ်းကို ကန့်ကွက်လာရာမှ အစိုးရ ဆန့်ကျင်သူများ ပျောက်ဆုံးနေမှုကဲ့သို့ အရေးပါသည့် ပြဿနာများ အထိ ကျယ်ပြန်လာခဲ့ပြီ ဖြစ်သည်။

 

ယခုအခါ ကျောင်းဝတ်စုံများအပြင် ပေါ့ယဉ်ကျေးမှု တွင် ထင်ရှားသူများကဲ့သို့ ဝတ်ဆင်ထားကြသော ထိုင်း ကျောင်းသားများ၏ ဆန္ဒပြပွဲများသည် ရက်သတ္တပတ်ပေါင်းများစွာ ရှိလာနေပြီ ဖြစ်သည်။ နိုင်ငံအနှံ့ လူထု အစည်းအဝေးများ ပြုလုပ်ပြီး စစ်တပ်အား နိုင်ငံရေး နယ်ပယ်မှ ထွက်ပေးရန် နှင့် လူ့အခွင့်အရေး များ လေးစားလိုက်နာရန် တောင်းဆိုနေကြလေသည်။

 

ရဲအဖွဲ့မှ ကျောင်းသားများ၏ လုပ်ရပ်သည် ဥပဒေကို ချိုးဖောက်နေခြင်း ဖြစ်သည်ဆိုသော သတိပေးချက်များကို အာခံကာ လူထုကြီးက ထောက်ခံကြောင်းပြသရန် စုဝေးရောက်ရှိလာခဲ့ကြသည်။

 

“မြောက်ကိုရီယား လို အာဏာရှင်နိုင်ငံကလွဲပြီး ဘယ်နိုင်ငံများ ဒီလို စည်းကမ်းတွေ ရှိကြလို့လဲ၊ ကျွန်တော်တို့ကို စက်ရုပ်တွေလို သဘောထားနေပြီလား” ဟု ပြောဆိုလာခဲ့ကြသည်။

 

ကာကွယ်ရေး ဦးစီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာသည် ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းပွဲ အပြီးတွင် ဝန်ကြီးချုပ် ဖြစ်လာပြီး လက်ရှိ သူ၏ အစိုးရ အဖွဲ့တွင် အငြိမ်းစား ဗိုလ်ချုပ်ကြီး နှစ်ဦး ပါဝင်လျှက် ရှိနေသည်။ နောက်ဆုံး ဖွဲ့စည်းပုံကိုလည်း ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲများ ကျင်းပပေးပြီး နောက်တွင်ပင် စစ်တပ်မှ အာဏာ အတော်များများကို ဆက်လက် ချုပ်ကိုင်သွားရေး သေချာစေရန် ရည်ရွယ် ရေးဆွဲခဲ့ကြခြင်း လည်း ဖြစ်သည်။

 

စစ်တပ်က ကျောင်းများတွင် စည်းကမ်းများ သွတ်သွင်းလာခြင်းသည် လူငယ်များ ငယ်ရွယ်စဉ်ကပင် ၎င်းတို့ အပေါ် ကျိုးနွံမှု ရှိအောင် ကြံဆောင်လာခြင်းသာ ဖြစ်သည်။ နံနက်တိုင်း ကျောင်းသားများသည် ကျောင်းစည်းကမ်း နှင့် သားသမီး ကျင့်ဝတ်များ အပါအဝင် နီတိ ၁၂ ပါး သီချင်းကို သံပြိုင် ရွတ်ဆိုခဲ့ကြရသည်။ ကလေးများ နေ့ကဲ့သို့ကျောင်းအားရက်များတွင် ကျောင်းသားများသည် စစ်စခန်း ရှိရာသို့ လာကြရပြီး တိုက်လေယာဉ်များ၊ တင့်ကားများကို ကြည့်ရှုကြရစမြဲ လည်း ဖြစ်သည်။

 

သို့သော် ယခုအခါ ကျောင်းသားများက ဗိုလ်ချုပ်ကြီးများ စေစားရာ လိုက်ရမည့် အစား လမ်းပေါ်ထွက်ကာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးများကို တောင်းဆိုလာနေကြပြီ ဖြစ်သည်။

 

ပြီးခဲ့သည့်အပတ် အတွင်း ဘန်ကောက်ရှိ ဒီမိုကရေစီ လှုပ်ရှားမှု အတွင်း ကျောင်းသားများသည် ဟာရီ ပေါ်တာ ဝတ်စုံများ ဝတ်ဆင်ပြီး ကြိမ်တုတ်များ ဝှေ့ရမ်းကာ နိုင်ငံရေး နှင့် လူဘောင် အဖွဲ့အစည်းများ အတွင်း စစ်တပ်မှ ဝင်ရောက်စွက်ဖက်နေမှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

 

သတင်းထောက်များကို ပြောကြားရာတွင် ထိုင်းနိုင်ငံသည် Death Eaters ခေါ်သည့် စုန်းတစ္ဆေများ ၏ လွှမ်းမိုးမှု ခံနေရကြောင်း ပြောသွားခဲ့သည်။ Death Eater ဆိုသည်မှာ ဟာရီ ပေါ်တာ ရုပ်ရှင်များတွင် ပါသည့် စုန်းတစ္ဆေ အကြမ်းဖက် သမား အဖွဲ့ကို ဆိုလိုခြင်း ဖြစ်သည်။ “ယခုအခါ အဆိုပါ စုန်းတစ္ဆေများ နှိမ်နှင်းရန် ၎င်းတို့လို မဟုတ်သည့် ဟာရီ ပေါ်တာ လို ဒီမိုကရေစီ ဘက်တော်သားများ လက်ချင်းတွဲပြီး လူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ နှင့် ညီရင်းအကို စည်းလုံးမှုများကို ကာကွယ်ပေးပြီး လူများ၏ လက်ဝယ်သို့ အာဏာပြန်ထည့်ပေးရန် အချိန်ရောက်ပြီ” ဟု လည်း ပြောသွားခဲ့ကြသည်။

 

ဆန္ဒပြသူများက စစ်အစိုးရ ပိတ်ပင်ထားသည့် Hunger Games ရုပ်ရှင်များမှ အလေးပြုပုံ ဖြစ်သည့် လက်သုံးချောင်း ဆုပ်ထားသော လက်များကို ထောင်ပြခဲ့ကြသည်။

 

ယခုနှစ် အစောပိုင်းက ထိုင်း စစ်တပ်အကြီးအကဲမှ ဘုရင်စနစ်ကို သစ္စာခံပါမည်ဟု ကျမ်းကျိန်ခဲ့ပြီး ဖြစ်သည်။ ထိုင်းဘုရင်သည် လွန်စွာ ဩဇာတက္ကိမ ရှိသည့် တပ်မကြီး နှစ်ခုအား တိုက်ရိုက်ချုပ်ကိုင်ထားပြီး ဖြစ်သည်။

 

ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများကို ဟာရီ ပေါ်တာ ကန့်ကွက်ပွဲများ ဟု မီဒီယာများကခေါ်ဝေါ်လျှက် ရှိကြသည်။

 

(ဩဂုတ်လ ၁၁ ရက်နေ့ နယူးယောက်တိုင်းမ် သတင်းစာပါ “In Thailand, Students Take on the Military (and Death Eaters”) မှ ကောက်နှုတ်တင်ပြသည်)