မြန်မာ နိုင်ငံရေး တွင် စစ်ခေါင်းဆောင်များ၏ အခိုင်းခံ အဖြစ် အသုံးတော် ခံလာသည့် ကြံ့ဖွတ် ပါတီ ၏ လက်ရှိ ခေါင်းဆောင် ခင်ရီသည် ပါတီရံပုံငွေ မှ ကျပ်ငွေ ဘီလီယံ နှင့် ချီ၍ သားဖြစ်သူ ပိုင် ကုမ္ပဏီ သို့ လွှဲပြောင်းပေးခဲ့မှု ကို မြန်မာ နောင်း သတင်း က ဖွင့်ချ လိုက်ပြီ ဖြစ်သည်။
ကုမ္ပဏီ များ မှတ်ပုံတင်လုပ်ငန်း နှင့် ပါတီ ခေါင်းဆောင် ပိုင်း နှင့် နီးစပ်သော သတင်းရပ်ကွက်များ အဆိုအရ နေပြည်တော်ရှိ ငလျင်ဒဏ် ကြောင့် ပျက်စီးသွားသော ကြံ့ဖွတ် ရုံးအား ပြန် ဆောက်ရန် ဆိုကာ သားဖြစ်သူ ပိုင် အမ်ပရီယို (Empreo) ဆောက်လုပ်ရေး ကုမ္ပဏီ သို့ ကျပ် ငွေ နှစ် ဘီလီယံ ပေးခဲ့သည် ဟု သိရသည်။
အဆိုပါ ကုမ္ပဏီ အား မှတ်ပုံတင်ထားသူသည် ထက်ရန်နိုင်စိုး ဖြစ်သည် ဟု မှတ်တမ်းများ တွင် ဖေါ်ပြထားသည်။
ကြံဖွတ် မှ တာဝန်ရှိသူ များက ပြန်လည် တည်ဆောက်ရမည့် ကုန်ကျစရိတ် ကို ခန့်မှန်း တွက်ချက် ပေးရန် မူလ တည်ဆောက်ခဲ့သည့် အေးချမ်းသာ ကုမ္ပဏီ အား စေခိုင်းခဲ့သည်။ အဆိုပါ ကုမ္ပဏီ မှ ၂.၃ ဘီလီယံ ကျပ် ဖြင့် အဆိုပြုချက် တင်ပြခဲ့သည်။ သို့သော် ဈေးနှုန်း သိသွားပြီ ဖြစ်၍ ခင်ရီ သား၏ အမ်ပရီယို မှ ဈေး အနည်းငယ် လျော့ချကာ ၂.၂ ဘီလီယံ ဖြင့် အဆိုပြု လာခဲ့သည်။
ကြံ့ဖွတ် သည်လည်း ဈေးနှုန်း သက်သာသည့် ခင်ရီ သား ကုမ္ပဏီ သို့ ပေးရဖို့သာ ရှိတော့သည်။ ထိုသို့ လုပ်ထုဲးလုပ်နည်း နှင့် မညီသည့် အဖြစ်ကို ကန့်ကွက်ခဲ့သူသည် ပါတီ ဒုက္ကဌ (၃) ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဟောင်း မျိုးဇော်သိန်း သာ ရှိသည်ဟု ဆိုသည်။ ကျန် လူများက မကျေနပ်သော်လည်း ဥက္ကဌ ဖြစ်နေ၍ နှုတ်ဆိပ် နေကြသည်ဟု ဆိုသည်။ (အာဏာရပါက ချောင်ထိုး ခံရမည် စိုး၍လည်း ဖြစ်နိုင်သည်။)
ပြန်လည် တည်ဆောက်ရေး လုပ်ငန်းသည် နိုဝင်ဘာလ တွင် စတင်လာပြီး ကျပ်ငွေ တစ်ဘီလီယံ အထိ ပေးချေ ခဲ့ရပြီး ဖြစ်သည်ဟု ဆိုသည်။
အမ်ပရီယို အား နေပြည်တော်ရှိ ဒက္ခိဏသီရီ ရုံးကိုသာ မက တပ်ကုန်း၊ နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ နောင်ချို မြို့ရှိ မီးလောင် ပျက်စီးသွားသောရုံးကိုပါ ပြင်ဆင်ဆောက်လုပ်ရန် လုပ်ငန်း ချပေးထားသည်၊ ကုန်ကျမည့် ငွေပမာဏ ကို မူ ထုတ်ဖေါ် ပြောဆိုခြင်း မရှိဟု သိရသည်။ ဒက္ခိဏသီရိ မြို့နယ် ရွေပြားပင် ရပ်ကွက် ရှိ ပါတီရုံးကို ပြင်ဆင်ဆောက်လုပ်နေသည်ကိုလည်း ကုမ္ပဏီ၏ Tiktok အကောင့်တွင် ပြသထားသည်။
ဝမ်းဗိုက်ကို သေနတ် ၁၇ ချက် မှန်ခဲ့ဖူးသည်ဟု ကြွေးကျော်ထားသော အသက် ၇၂ ရှိ ခင်ရီ တွင် သားသမီး သုံးယောက်ရှိပြီး ထက်ရန်နိုင်စိုး၊ သမီး ခင်မျိုးမြတ်စိုး၊ မေဖြူပွင့်စိုး တို့ ရှိသည်။ ခင်ရီ၏ ၂၀၂၀ ရွေးကောက်ပွဲ လက်ကမ်းစာစောင်တွင် ၎င်း၏ သားသမီး သုံးယောက်စလုံး မာစတာ ဒီဂရီ များ ရရှိထားသည်ဟု ဖေါ်ပြထားသည်။ ထက်ရန်နိုင်စိုးသည် မဲလ်ဘုန်း တက္ကသိုလ်မှ မာစတာ ဘွဲ့ကို ရခဲ့သည်ဟု ဆိုသည်။
အားလုံး အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်က ခင်ရီ သားပိုင် အမ်ပရီယို အား ငလျင် မလှုပ်မီ အချိန်အထိ သိသူ နည်းနေခြင်း ဖြစ်သည်။ နေပြည်တော်ရှိ ဆောက်လုပ်ရေး လောက တွင် ကာလကြာမြင့်စွာ လုပ်ကိုင်နေသည့် အမှုဆောင် ဒါရိုက်တာ တဦးက ၎င်း အနေဖြင့် ထိုနာမည်ကို ကြားပင် မကြားဖူးပါ ဟု ပြောပြခဲ့သည်။
ခင်ရီသည် စစ်အုပ်စု ၏ ရွေးကောက်ပွဲ တွင် နေပြည်တော်ရှိ ဇေယျာသီရိ အား ကိုယ်စားပြုပြီး ဝင် ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ကြံ့ဖွတ်သည်ဇေယျာသီရိ နယ်မြေတွင် ၂၀၁၀ မှစ၍ ရွေးကောက်ပွဲ တိုင်း အနိုင်ရခဲ့၍ ခင်ရီ အဖို့ အရွေးခံရဖို့ အသေချာဆုံး နယ်မြေ ဖြစ်သည်။
သို့သော် ခင်ရီသည် မဲဆွယ်စည်းရုံး ရေးကို အကြီးအကျယ် ပြုလုပ်နေပြီး သမီးဖြစ်သူ မေဖြူပွင့်စိုးသည်လည်း ဖခင် နှင့် အတူ တက်ကြွစွာ ပါဝင်လျက် ရှိသည်။
အချို့က ခင်ရီ၏ အပုတ်နံ့ထွက်နေသော အကျင့်ပျက် မှု များ နှင့် ရာထူး အာဏာကို အလွဲသုံးစား လုပ်ခဲ့မှု များ ကြောင့် စိတ်ပျက်နေကြသည်ဟု သိရသည်။
ခင်ရီသည် အမျိုးသား ဒီမိုကရေစီ အစိုးရလက်ထက် တွင် ကြံ့ဖွံ့ ပါတီ ဒုဥက္ကဌ အဖြစ် အစိုးရ ဆန့်ကျင်ရေး လုပ်ငန်းများကို လှုံ့ဆော် စည်းရုံးခဲ့သူ ဖြစ်သည်။ ယခင် ဝန်ကြီးဟောင်း စိုးသိမ်း၏ စာအုပ်တွင် အနည်းဆုံး ဆယ်တစ်ကြိမ် ခန့် စစ်တပ်လိုလားသည့်ဆန္ဒပြပွဲများ လုပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်တွင်လည်း ဆယ်တစ်ကြိမ်ခန့် လုပ်ခဲ့သည်ဟု ရေးသားထားသည်။
မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက်တွင် ၎င်းအား ဗိုလ်သိန်းစိန် လက်ထက်ကလို လူဝင်မှု ဝန်ကြီး အဖြစ် တနှစ်ခန့် ပြန်လည် ခန့်အပ်ပေးခဲ့သည်။
မင်းအောင်လှိုင်က ရွေးကောက်ပွဲ အပြီးတွင် ခင်ရီ၏ သစ္စာရှိမှု ကို ဆုလဒ် မည်သို့သော ရာထူးမျိုး ပေးမည် ဆိုသည်ကား စောင့်ကြည့်ရဦးမည် ဖြစ်သည်ဟု ရေးသားထားသည်။
သို့မဟုတ် ယခုလို သတင်းမျိုးဖြင့် မင်းအောင်လှိုင် အဖို့ ခင်ရီ အား ချောင်ထိုးဖို့ အခွင့်အရေး ရသွား ပြီလား ဆိုသည်ကို လည်း စောင့်ကြည့်ရဦးမည် ဖြစ်သည်။
မဖြစိမနေ မဲပေးရဖို့ ဖြစ်လာက ပယ်မဲ လုပ်၍ မရသည့် အတူတူ ကြံ့ဖွတ် မှ လွဲ၍ အခြား ပါတီ များ ထဲ ထည့် မှ ဖြစ်ပေမည်။ သို့မှသာ စစ်အုပ်စု အကျပ်ရိုက် အောင် ထိုးနှက်နိုင်မည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!